Homeသတင်းမောတောင်နယ်စပ်ကုန်သွယ်ရေးဂိတ်ပြန်ရရန် စစ်တပ်ကြိုးပမ်းလာ

မောတောင်နယ်စပ်ကုန်သွယ်ရေးဂိတ်ပြန်ရရန် စစ်တပ်ကြိုးပမ်းလာ

-

တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းရှိရာ မောတောင်မြို့ကို ပြန်ရရေး စစ်တပ်က မြေပြင်၊ ဝေဟင် တိုက်ခိုက်မှုများဖြင့် စစ်ဆင်ရေး ဖော်ဆောင်လာကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ထံမှ သိရသည်။

မေလ အစောပိုင်းမှ စတင်ကာ အင်အား ၅၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းသည် မြိတ်မြို့မှ မိုးတောင်လမ်းအတိုင်း ချီတက်လာပြီး လေကြောင်းပစ်ကူများဖြင့်ပါ ထိုးစစ်ဆင်နေကြောင်း သိရသည်။

“မောတောင်ကတော့ စစ်တပ်ကတော့ ထိုးစစ်ဆင်နေတယ်. အသေးစိတ်ကတော့ ပြောလို့မရသေးဘူး။ မောတောင်နယ်စပ်ကုန်သွယ်ရေးဂိတ်က ဟိုး ကျွန်တော်တို့ တစ်ခါသိမ်းပြီးနောက်မှာ ပိတ်တယ်။ မသိမ်းခင်ကလည်း ပိတ်တယ်။ အခုထိ ဂိတ်ပိတ်တယ်။ အင်အားကတော့ သူတို့ ၅၀၀ လောက်ပါတယ်။ ဘယ်တပ်ရင်းတပ်မတွေလည်း ဆိုတာတော့ မသိရသေးပါဘူး”ဟု KNU တပ်မဟာ ၄ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောအယ်နားက ပြောသည်။

တနင်္သာရီမြို့၏ အရှေ့တောင်ဘက် မိုင် ၆၀ ကျော်အကွာ ထိုင်းနိုင်ငံ ဆင်ခွန်းနယ်စပ်ဂိတ်နှင့် ထိဆက်နေသည့် မောတောင်နယ်စပ်ကုန်သွယ်ရေးမြို့ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလလယ်ပိုင်းတွင် KNU က တိုက်ခိုက်သိမ်းပိုက်ထားခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း မောတောင်မြို့၏ အနောက်ဘက် မိုင် ၄၀ ကျော်အကွာရှိ သိန်းခွန်ကျေးရွာတွင် စစ်တပ်က အထိုင်ချ တပ်စွဲထားပြီး ပစ်ခတ်မှုများ မရှိသေးကြောင်း သိရသည်။

“ရက် ၁၀၀ စီမံကိန်းထဲမှာ ပါလို့ ထင်ပါတယ်။ အခုမှ ပစ်တာ ခတ်တာ ပြန်ကြားရတာ။ တိုက်ပွဲက မြို့နားတော့ရောက်ပြီ။ တနင်္သာရီ-မောတောင်ကြားက သဲဖြူနားမှာ တိုက်ပွဲဖြစ်တယ်။ စကစ ဘက်ကတော့ လေယာဉ်တွေပါလာတယ်။ ဟို ကျွန်တော်တို့ကတော့ ခုထိတော့ မရှောင်ရသေးပါဘူး။ တစ်ခုခုဆိုရင်တော့ ထိုင်းဘက်ခြမ်းကိုပဲ ပြေးဖို့ပြင်ထားတယ်” ဟု မြို့ခံ ကိုမျိုးလေးက ဆိုသည်။

အဆိုပါနယ်စပ်ဂိတ်ကို တိုက်ပွဲများကြောင့် ၂၀၂၅ ခုနှစ်ထဲမှ ပိတ်ထားခဲ့ရာ ဧပြီလ ၁၇ ရက်နေ့တွင် ထိုင်းဘက်ခြမ်းက ပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း KNU ဘက်မှ ဆက်လက်ပိတ်ထားကြောင်း သိရသည်။

သို့သော်လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် ဒေသတွင်း စားဝတ်နေရေးအတွက် ကုန်သွယ်မှုများ ဆက်ရှိနေကြောင်း ဒေသခံများက ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts