ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားဆုံးဆူမြို့ရွိ ကရင်စုရပ်ကွက်တွင် ကုန်စည်သိုလှောင်ရုံတစ်ခု ယနေ့ ညနေ ၄ နာရီတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ရုံအတွင်းရှိ ကုန်စည်များ ၈၀ ရာခိုင်နှုန်းအထိ မီးလောင်ပျက်စီးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
တာယာ၊ ဓာတ်မြေဩဇာ၊ အက်ဆစ်ပုံးများ၊ ပိုးသတ်ဆေးများ၊ ဘီယာ၊အချိုရည်များအပါအဝင် ကုန်ပစ္စည်းအစုံသိုလှောင်ထားသည့် အဆိုပါသိုလှောင်ရုံသည် ၃ နာရီကျော်ကြာ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ပျက်စီးဆုံးရှုံးမှုများကြောင်း သိရသည်။

မီးသတ်အဖွဲ့များအပြင် ဒေသခံများက ဝိုင်းဝန်းမီးငြှိမ်းသတ်ရာ ည ၇နာရီ အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ကြောင်း၊ မည်သည့်အကြောင်းကြောင့် မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ကို အတိအကျမသိရကြောင်း မြို့ခံတစ်ဦးကဆိုသည်။
“ဘယ်လိုစလောင်ဆို ဘယ်သူမှ အတိအကျမပြောနိုင်သေးဘူး၊ ဆိုလာလို့လဲပြောနေကြတာဘဲ ၇ နာရီလောက်က မီးကိုထိန်းထားနိုင်ခဲ့ပြီး အငြိမ်ကြီး တော့မဟုတ်သေးဘူး၊ စိုးရိမ်ရတဲ့အထိတော့ မရှိတော့ဘူး၊ ထိခိုက်တဲ့သူမရှိဘူး ကုန်ပစ္စည်းတွေပဲ ဆုံးရှုံးမှုများမယ် 80%လောက်တော့ ရှိမယ်ထင်တယ်ဘာလို့ဆို အထဲမှာ တာယာလဲပါ၊ တယ်ဆီလဲရှိလောက်မယ် ”ဟု ၎င်းက ဆိုသည်။
သို့သော် ည ၉ နာရီ အချိန်ခန့်တွင် မီးကြွင်းမီးကျန်များကျန်နေသေးသဖြင့် ငြှိမ်းသတ်နေဆဲဖြစ်ကြောင်းလည်း ပြောသည်။
မီးလောင်မှုဖြစ်စဉ်တွင် ကုန်စ္စည်းများမီးလောင်ဆုံးရှုံးမှုရှိသော်လည်း ဂိုထောင်အတွင်း အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမားများ ထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်း သိရသည်။




