Monday, May 11, 2026
More
    spot_img
    Homeဆောင်းပါး"စစ်မြေပြင်မှ အိမ်ပြန်လမ်းနှင့် ပျောက်ဆုံးနေသော အနာဂတ်"

    “စစ်မြေပြင်မှ အိမ်ပြန်လမ်းနှင့် ပျောက်ဆုံးနေသော အနာဂတ်”

    -

    ပုံရိပ်လွှာဆောင်းပါး-သော်တာ

    ည ၇ နာရီဝန်းကျင်၊ မွန်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရွာငယ်လေးတစ်ရွာကို အထုတ်အပိုးတွေနဲ့ ရောက်ရှိလာတဲ့ မောင်ထွန်း (အမည်လွှဲ) အတွက် အဲဒီနေ့ဟာ သူရဲ့နှစ်နှစ်တာ စစ်မှုထမ်းဘဝ အဆုံးသတ်တဲ့ နေ့ရက်လေးပါ။

    အသက် ၂၅ နှစ်အရွယ် မောင်ထွန်းဟာ သံဖြူဇရပ်၊ ဝဲကလိတပ်ရင်း စစ်မှုထမ်းအပတ်စဉ် (၁) က သင်တန်းဆင်း တပ်သားတစ်ဦး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ သူ့ရဲ့စစ်မှုထမ်းသက်တမ်း ကုန်ဆုံးခဲ့ပြီး တပ်ရင်းတာဝန်ရှိသူတွေနဲ့ နှစ်ရက်သုံးရက်ခန့် တွေ့ဆုံပြီးတဲ့နောက်မှာအိမ်ပြန်ခွင့် ရရှိခဲ့တာပါ။

    “ကျနော့် စစ်မှုထမ်းသက်တမ်းက နှစ်နှစ်ကွက်တိပါပဲ” လို့ သူက ဆိုပါတယ်။

    ၂၀၂၄ ခုနှစ် ဧပြီလမှာ သင်တန်းဆင်းတာနဲ့ မောင်ထွန်းဟာ ရှေ့တန်းစစ်မြေပြင်ကို ချက်ချင်း ထွက်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

    “တပ်ရင်းမှာ သုံးလေးရက်လောက်ပဲ နေရတယ်။ နေရာတွေ အများကြီး ပြောင်းရတယ်။ ပျမ်းမျှအားဖြင့် တပ်ရင်းတစ်ခုမှာ နှစ်လလောက်ပဲ နေခဲ့ရတယ်” လို့ သူက ပြောပြပါတယ်။

    သူနဲ့အတူ အခြားသင်တန်းဆင်း တပ်သားတွေကိုလည်း လူစုခွဲကာ သက်ဆိုင်ရာ တပ်ရင်းအသီးသီးသို့ ပို့ဆောင်ခံခဲ့ရပါတယ်။ မောင်ထွန်းကတော့ ကချင်၊ ရှမ်းနဲ့ ကရင်နီပြည်နယ်တွေအပြင် ရှေ့တန်းထွက်တဲ့အခါ ကရင်ပြည်နယ်ဘက်ကိုပါ ရောက်ခဲ့ရပါတယ်။

    “ကရင်ဘက်ကို ရှေ့တန်းသွားတုန်းက တိုက်ပွဲမှာ ကျနော့်သူငယ်ချင်းတစ်ယောက် ဆုံးသွားတယ်” လို့ တုန်ရီတဲ့အသံတွေကို ခက်ခဲစွာ ထိန်းချုပ်ရင်း သူက ပြန်ပြောပြပါတယ်။

    သေရည်သောက်စားမူးယစ်နေချိန်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဘက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး ကင်းစောင့်နေတဲ့ မောင်ထွန်းတို့အဖွဲ့ကို ပိတ်ဆို့ပစ်ခတ်ခဲ့တဲ့ ဒီတိုက်ပွဲကတော့ နှစ်နှစ်တာအတွင်း သူ မမေ့နိုင်တဲ့ ခြောက်ခြားစရာ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပါတယ်။

    အများအားဖြင့် တပ်ရင်းတာဝန်ရှိသူတွေက ရှေ့တန်းထွက်ရဆိုရင် ကြိုတင်မပြောဘဲ အချိန်နီးမှသာ အမိန့်ထုတ်လေ့ရှိပါတယ်။ ဒါကြောင့် မောင်ထွန်းနဲ့ တပ်သားအချို့ဟာ ကြိုတင်ပြင်ဆင်ချိန် မရဘဲ ရှေ့တန်းကို အကြိမ်ကြိမ် ရောက်ခဲ့ရပြီး၊ နှစ်နှစ်အတွင်းမှာ ရှေ့တန်းကို ၁၀ ကြိမ်ထက်မနည်း ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

    ရှေ့တန်းထွက်ရမယ့် အချိန်ရောက်ရင် တပ်ရင်းတာဝန်ရှိသူတွေက “မင်းတို့ ရှေ့တန်းသွားရမယ်။ စစ်သားမှန်ရင်၊ ယောက်ျားမှန်ရင် ထွက်တိုက်ရဲရမယ်။ မင်းတို့က မသတ်ရဲရင် သူတို့က မင်းတို့ကို သတ်သွားလိမ့်မယ်” ဆိုပြီး ပြောလေ့ရှိကြောင်း မောင်ထွန်းက ဆိုပါတယ်။

    ရှေ့တန်းမသွားချင်သူတွေ များပြားလာတဲ့အခါမှာတော့ မဲနှိုက်ရွေးချယ်ပြီး သွားရတဲ့ အခြေအနေတွေလည်း ရှိခဲ့ပါတယ်။ 

    ဒါ့ကြောင့် သင်တန်းကာလထက် ရှေ့တန်းရောက်တဲ့အခါမှာ ထွက်ပြေးသူက ပိုများလာတယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ ထွက်ပြေးသူတွေ ဘယ်လိုအပြစ်ပေးခံရသလဲဆိုတာကို မျက်စိရှေ့မှာ တွေ့မြင်နေရတာကြောင့် မောင်ထွန်းတစ်ယောက် ထွက်ပြေးဖို့ မစဉ်းစားရဲခဲ့ပါဘူး။

    အချိန်ကြာလာတဲ့အခါမှာတော့ အထက်လူကြီးတွေနဲ့ ပေါင်းတတ်ရင် အခြေအနေ နည်းနည်းသက်သာနိုင်တယ်လို့ သူ မြင်လာပါတယ်။ 

    ဒါ့ကြောင့် အထက်တာဝန်ရှိသူတွေရဲ့ အကြိုက်ဆောင်ပြီး သင့်သင့်မြတ်မြတ်ပေါင်းသင်းနိုင်ဖို့ သူစတင်ကြိုးပမ်းခဲ့တယ်လို့ ပြောပါတယ်။

    နောက်ပိုင်းမှာတော့ ကားမောင်းတတ်တဲ့ မောင်ထွန်းအတွက် ယာဉ်မောင်းအလုပ်တာဝန်တစ်ခု ရခဲ့ပါတယ်။

    “ကျနော်က ကားမောင်းတတ်တော့ နောက်ပိုင်းမှာ တပ်ရင်းက ကလေးကျောင်းကြိုပို့ကားတွေ၊ လူကြီးကားတွေကို မောင်းပေးရတယ်။ အဲဒါကြောင့်လည်း စစ်မှုထမ်းဘဝကနေ အသက်ရှင်ကျန်ရစ်ခဲ့တာပါ” လို့ သူက ဆိုပါတယ်။

    စစ်ပွဲစက်ကွင်းထဲမှာ တာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးနောက်မှာ အရပ်သားဘဝကို ပြန်ရောက်နေတဲ့ စစ်မှုထမ်းဟောင်းတွေကို စစ်ကောင်စီက အင်အားလိုအပ်ချက်အရ ပြန်လည်ခေါ်ယူနိုင်ပါသလားလို့ IMNA က မေးမြန်းတဲ့အခါ မောင်ထွန်းရဲ့အဖြေက ပြတ်သားနေပါတယ်။

    “သူတို့ ကျွန်တော်တို့ကို ပြန်မခေါ်နိုင်တော့ပါဘူး” လို့ သူက ပြောပါတယ်။

    ဒါဟာ ရုပ်ပိုင်းဆိုင်ရာ မစွမ်းဆောင်နိုင်တော့လို့ ပြောတာမဟုတ်ဘဲ စစ်တပ်ရဲ့ အတွင်းရေးတွေ၊ လျှို့ဝှက်ချက်တွေနဲ့ ယန္တရားတွေကို ကောင်းစွာ သိရှိသွားသူတစ်ဦးကို အသုံးချခံအဖြစ် ပြန်လည်အသုံးပြုဖို့ဆိုတာ သူတို့အတွက် အန္တရာယ်များလွန်းလို့ ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်မှုထမ်းဟောင်းတစ်ဦးအနေနဲ့ စနစ်ရဲ့ အတွင်းပိုင်းကို သိမြင်ထားခြင်းကပဲ သူတို့ကို နောက်တစ်ကြိမ် နယ်ရုပ်အဖြစ် အသုံးချမခံရဖို့ အကောင်းဆုံး အကာအကွယ် ဖြစ်နေပါတယ်။

    မောင်ထွန်း စစ်မှုထမ်းဝင်ခဲ့တဲ့ အဓိကအကြောင်းရင်းက ငွေရေးကြေးရေး အကျပ်အတည်းကြောင့်ပါ။ “သင်တန်းတက်နေတဲ့ ၃ လအတွင်း အမေကို ၄၅ သိန်းလောက် ပေးနိုင်ခဲ့တယ်။ စစ်မှုထမ်းနေတုန်းကတော့ တစ်လကို ၂ သိန်း ၇ သောင်းလောက် ရတယ်” လို့ ဆိုပါတယ်။

    အခုတော့ မောင်ထွန်းဟာ ကရင်နီပြည်နယ်က ခြေမြန်တပ်ရင်းတစ်ခုကနေ ထုတ်ပေးထားတဲ့ စစ်မှုထမ်းပြီးမြောက်ကြောင်း လက်မှတ်တစ်ခုကို ရရှိထားပါတယ်။ အဲဒီလက်မှတ်နဲ့ နိုင်ငံခြားထွက်ဖို့ပဲဖြစ်ဖြစ်၊ ပြည်တွင်းမှာ အလုပ်လျှောက်ဖို့ပဲဖြစ်ဖြစ် အလွယ်တကူ လုပ်ဆောင်နိုင်တယ်လို့ သင်တန်းဆင်းပွဲမှာ တာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။

    စစ်ကော်မရှင်ကလည်း သူတို့ရဲ့မီဒီယာမှာ စစ်မှုထမ်းပြီးမြောက်သူတွေကို အစိုးရဝန်ထမ်းအဖြစ် ခန့်အပ်နိုင်ဖို့၊ စက်ရုံ၊ အလုပ်ရုံနဲ့ ကုမ္ပဏီတွေမှာ အလုပ်ရဖို့ လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းပေးမယ်လို့ ပြောဆိုထားပါတယ်။ 

    ဒါပေမဲ့ မောင်ထွန်းအတွက်တော့ ဒါဟာ ဝါဒဖြန့်မှုသက်သက်သာ ဖြစ်နေပြီး၊ လက်တွေ့မှာတော့ ထိတ်လန့်စရာ အတိတ်တွေနဲ့အတူ မသေချာတဲ့ အနာဂတ်မှာ အလုပ်လက်မဲ့ဘဝနဲ့ ရှင်သန်နေရပါတယ်။

    “အခုတော့ အနာဂတ်မဲ့သလိုပဲ ခံစားနေရတယ်။ ဘာဆက်လုပ်ရမှန်းလည်း မသိတော့ဘူး” လို့  နာကျင်စွာပြောရင်း သူ့ရဲ့နှစ်နှစ်တာ ဇာတ်လမ်းကို အဆုံးသတ်လိုက်ပါတယ်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks