Homeဆောင်းပါးမွန်အမှတ်သညာနှင့် ကျွန်တော်

မွန်အမှတ်သညာနှင့် ကျွန်တော်

-

မဟာမန် (အတွေးအမြင်ဆောင်းပါး)

ကျွန်တော်သည် မွန်မိဘနှစ်ပါးမှ မွေးဖွားလာသူဖြစ်သလို ငယ်စဉ်ကတည်းက မွန်စကားသံများကြားတွင် ကြီးပြင်းလာခဲ့သူလည်း ဖြစ်သည်။ သို့သော် ကျွန်တော်၏ အမည်မှာတော့ မွန်အမည် မဟုတ်ခဲ့ပါ။ ထိုသို့ မွန်အမည်မရှိသူမှာ ကျွန်တော်တစ်ဦးတည်း မဟုတ်ဘဲ ကျွန်တော်တို့ မိသားစုတစ်စုလုံးတွင် မွန်အမည်များ မရှိကြပါ။ သို့တိုင် ကျွန်တော်တို့သည် မွန်စကားပြောသည့် မွန်လူမျိုးများအဖြစ်သာ မိမိကိုယ်ကို ခံယူထားကြသည်။

ကျွန်တော် အသက် (၁၀) နှစ်ဝန်းကျင်အရွယ်တွင် နွေရာသီမွန်ကျောင်း (ဘာဥတုကညင်) တက်ရောက်ခဲ့ရစဉ်က ဆရာတော်မှ “မာံအံင်သြန်” ဟူသော မွန်အမည်တစ်ခုကို မှည့်ခေါ်ပေးခဲ့ဖူးသည်။ သို့သော် ထိုအမည်မှာ နွေရာသီမွန်ကျောင်း ကာလအတွင်း၌သာ ခေတ္တအသက်ဝင်ခဲ့သည်။ ကျန်သည့်အချိန်များတွင်တော့ အိမ်ထောင်စုစာရင်းထဲမှ “မောင်” နှင့်စသော ဗမာအမည်ဖြင့်သာ ကျွန်တော် ရှင်သန်သွားလာခဲ့ရသည်။

အလယ်တန်းကျောင်းသားဘဝရောက်မှ နာမည်နှင့် လူမျိုးအကြား ဆက်နွှယ်မှုကို ကျွန်တော် ပထမဆုံးအကြိမ် သတိပြုမိလာခဲ့သည်။ မူလတန်းကျောင်းသားဘဝတုန်းက ကျွန်တော့်ပတ်ဝန်းကျင်တွင် မွန်ကလေးများသာ များပြားခဲ့သဖြင့် “ဘာလူမျိုးလဲ” ဆိုသော မေးခွန်းကို အလေးအနက် တွေးတောစရာမလိုခဲ့ပေ။ သို့သော် အလယ်တန်းတက်ရန် အခြားကျောင်းသို့ ပြောင်းရွှေ့ရသည့်အခါတွင်တော့ အခြေအနေက မတူတော့ပါ။

အတန်းပိုင်ဆရာမက အမည်စာရင်းခေါ်သည့်အခါ “မောင်” နှင့် “မ” များကြားတွင် “စော” နှင့် “နော်” ဟူသည့် ကရင်အမည်များကို ကြားလိုက်ရပြီးနောက် နာမည်တစ်ခုကို ကြည့်ရုံဖြင့် လူမျိုးတစ်မျိုး၏ ကိုယ်ပိုင်အမှတ်သညာကို သိနိုင်ကြောင်း ကျွန်တော် စတင်နားလည်လာခဲ့သည်။ အမှန်အားဖြင့် မွန်လူမျိုးများတွင်လည်း ထိုကဲ့သို့သော ထင်ရှားသည့် ကိုယ်ပိုင်အမှတ်သညာများ ရှိနေသည်။ အမျိုးသားအမည်များ၏ ရှေ့တွင် “မာံ” (မင်း)၊ “နာဲ” (နိုင်) စသည့် အသုံးအနှုန်းများ ပါဝင်တတ်သလို အမျိုးသမီးအမည်များ၏ ရှေ့တွင် “မိ” ဟူသော စကားလုံးကိုလည်း တွေ့ရတတ်သည်။ သို့သော် စိတ်မကောင်းစရာမှာ ယနေ့အချိန်တွင် ထိုကဲ့သို့သော မွန်ကိုယ်ပိုင်အမည်များကို တွေ့မြင်ရမှု တဖြည်းဖြည်း နည်းပါးလာနေခြင်းပင် ဖြစ်သည်။ နာမည်ပျောက်ကွယ်သွားခြင်းနှင့်အတူ မွန်ဖြစ်တည်မှုပါ တဖြည်းဖြည်း မှေးမှိန်သွားမည်လားဟူသော စိုးရိမ်စိတ်ကို ကျွန်တော် မကြာခဏ တွေးမိလာခဲ့သည်။

ကြောက်ရွံ့ခြင်းအရိပ်အောက်က ရှင်သန်ခြင်းများ

ကျွန်တော်တို့ မိသားစုကဲ့သို့ပင် ယနေ့ခေတ် မွန်အသိုင်းအဝိုင်းအများစုတွင် မွန်အမည်များ ပျောက်ကွယ်နေခြင်းမှာ မိဘများက မိမိတို့၏ ယဉ်ကျေးမှုကို မမြတ်နိုး၍ မဟုတ်ပါ။ ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့ရသည့် နိုင်ငံရေးနှင့် လူမှုရေးအခြေအနေများကြောင့် “မာံ” နှင့် “မိ” တို့ကို စတေးကာ ဗမာအမည်များဖြင့်သာ သားသမီးများကို အမည်မှည့်ခေါ်ခဲ့ကြရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိပြီးနောက် ယနေ့အချိန်အထိ ပြည်တွင်းစစ်နှင့်အတူ ဖြတ်သန်းနေရဆဲ နိုင်ငံတစ်ခုဖြစ်သည်။ ထိုကာလများအတွင်း ဗမာမဟုတ်သည့် တိုင်းရင်းသားများကို “သူပုန်” ဟု ရှုမြင်သည့် အချိန်များလည်း ရှိခဲ့သည်။ ထို့ကြောင့် ကျွန်တော်တို့၏ အဖိုးအဖွားများသည် မိမိတို့၏ လူမျိုးအမှတ်သညာကို ဖော်ပြရန် ဝန်လေးခဲ့ကြရသည်။ ထိုကြောက်ရွံ့မှုများကပင် အဖိုးအဖွားများမှစ၍ ကျွန်တော်တို့မျိုးဆက်အထိ မွန်အမည်များကို တဖြည်းဖြည်း မှေးမှိန်သွားစေခဲ့သည်ဟု ကျွန်တော် ယူဆမိသည်။

အမှန်စင်စစ် မွန်လူမျိုးများသည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးစုတစ်ခု ဖြစ်သည့်အားလျော်စွာ မိမိတို့၏ ဖြစ်တည်မှုကို လွတ်လပ်စွာ ဖော်ပြပိုင်ခွင့်ရှိကြသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈)၊ ပုဒ်မ ၃၅၄ (ဃ) တွင်ပင် “နိုင်ငံသားတိုင်းသည် ပြဌာန်းဥပဒေများနှင့် မဆန့်ကျင်လျှင် လူမျိုးတစ်ခုကိုဖြစ်စေ၊ ဘာသာတစ်ခုကိုဖြစ်စေ ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်” ရှိသည်ဟု အတိအလင်း ပြဌာန်းထားသည် မဟုတ်ပါလော။

မွေးစာရင်းထဲက အမှတ်သညာ

ကျွန်တော်တို့ရပ်ရွာတွင် ကလေးတစ်ဦး မွေးဖွားလာသည်နှင့် ထိုကလေး၏ နိုင်ငံသားဖြစ်ခွင့်နှင့် အခြေခံရပိုင်ခွင့်များအတွက် ကျေးလက်ကျန်းမာရေးဌာနတွင် မွေးစာရင်းသွင်းကြရသည်။ မွေးစာရင်းသည် ကလေးတစ်ဦး၏ ပထမဆုံးသော တရားဝင်အထောက်အထားဖြစ်သလို နောင်တစ်ချိန် နိုင်ငံသားမှတ်ပုံတင်ကတ် ပြုလုပ်ရာတွင်လည်း အခြေခံအကျဆုံး စာရွက်စာတမ်းတစ်ခု ဖြစ်သည်။

သို့သော် ထိုနေရာတွင်ပင် လူမျိုးအမှတ်သညာနှင့် ပတ်သက်သော အခက်အခဲများ ရှိနေဆဲဖြစ်သည်။ ကျွန်တော့်၏အိမ်နီးချင်းတစ်ဦးသည် ၎င်း၏ သမီးငယ်လေးအတွက် မွေးစာရင်း သွားရောက်သွင်းရာ၌ “မိစရာဲကျာ်သြဳ” ဟူသော မွန်အမည်ကို အသုံးပြုလိုခဲ့သော်လည်း တာဝန်ရှိသူ ကျန်းမာရေးဆရာမက ဗမာလို ရေးရန်ခက်ခဲသည်ဟုဆိုကာ ငြင်းဆန်ခံခဲ့ရသည်။ ထိုနေ့မှစ၍ ထိုကလေးမ၏ အမည်သည် “မစံပယ်ဖူး” အဖြစ် ပြောင်းလဲသွားခဲ့ရသည်။ ထို့ကြောင့် မွေးစာရင်းသွင်းခြင်းသည် လူတစ်ဦး၏ အမည်ကိုသာ မှတ်တမ်းတင်ခြင်းမဟုတ်ဘဲ လူမျိုးအမှတ်သညာကို ပထမဆုံး မှတ်တမ်းတင်ခြင်းလည်း ဖြစ်သည်ဟု ကျွန်တော် ယုံကြည်မိပါသည်။

မျှော်လင့်ချက်ဖြင့် ဆက်လက်ရှင်သန်နေသော မွန်အမှတ်သညာ

ကျွန်တော်တို့သည် နာမည်ပျောက်ကွယ်ခြင်းနှင့်အတူ လူမျိုးစု၏ ဖြစ်တည်မှုပါ တဖြည်းဖြည်း မှေးမှိန်သွားနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ သို့သော် အမှတ်သညာဆိုသည်မှာ တရားဝင် စာရွက်စာတမ်းများပေါ်တွင်သာ တည်ရှိနေသည်မဟုတ်ဘဲ မိမိကိုယ်ကို မည်သူမည်ဝါဖြစ်သည်ဟု ခံယူထားသည့် စိတ်နှလုံးထဲတွင်လည်း ကိန်းအောင်းနေသည်။

ကျွန်တော်၏ အမည်သည် အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်ပေါ်တွင် ဗမာအမည်တစ်ခု ဖြစ်နေနိုင်သော်လည်း ကျွန်တော့်ရင်ထဲတွင်မူ နွေရာသီမွန်ကျောင်း (ဘာဥတုကညင်) မှ ဆရာတော်မှည့်ခေါ်ပေးခဲ့သည့် “မာံအံင်သြန်” ဟူသော မွန်လူငယ်တစ်ဦးအဖြစ် ဆက်လက်ရှင်သန်နေသည်။ မိမိတို့၏ စကား၊ စာပေနှင့် ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားနေသရွေ့ မွန်အမှတ်သညာသည် မည်သည့်အခါမျှ ပျောက်ကွယ်သွားလိမ့်မည်မဟုတ်ဟု ကျွန်တော် ယုံကြည်မိပါသည်။

ခေတ်ဆိုးကြီး၏ ကြောက်ရွံ့မှုများကြောင့် ကျွန်တော်တို့၏ နာမည်များကို စတေးခဲ့ရပြီးဖြစ်သည်။ သို့သော် ယနေ့မျိုးဆက်တွင်တော့ မွန်တို့၏ အမှတ်သညာကို ပြန်လည်ဖော်ထုတ်ရန် အချိန်ရောက်လာပြီဟု ထင်မိသည်။ နောင်တစ်ချိန်တွင် မွန်မိဘများအနေဖြင့် မိမိတို့၏ သားသမီးများကို မွေးစာရင်းသွင်းသည့်အခါ အခက်အခဲများကို မကြောက်ရွံ့တော့ဘဲ မွန်တို့၏ ကိုယ်ပိုင်အမည်နာမများကို ပထမဆုံးသော ဘဝမှတ်တမ်းအဖြစ် မှတ်တမ်းတင်နိုင်ကြပါစေဟု ဆန္ဒပြုမိပါသည်။ ထိုသို့ဖြစ်လာသည့်နေ့တွင် “နာမည်ကြည့် လူမျိုးသိ” ဟူသော စကားသည်လည်း နောင်မျိုးဆက်များအတွက် ဆက်လက်အသက်ဝင်နေဦးမည်ဟု ကျွန်တော် မျှော်လင့်မိပါသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts