ပုံရိပ်လွှာဆောင်းပါး-နောင်ရိုး
ယနေ့ခေတ် လူငယ်အများစုသည် နေ့စဉ်ဘဝဖိအားများကို ဖြတ်ကျော်ရန်နှင့် မိမိတို့၏ ရည်မှန်းချက်များကို ဆက်လက်အကောင်အထည်ဖော်ရန်အတွက် စိတ်ခွန်အားဖြည့် စပီကာများ၏ ဟောပြောချက်များကို နားထောင်ရင်းဖြစ်စေ၊ စိတ်ထွက်ပေါက်ဖြစ်မည့် အရာများကို လုပ်ဆောင်ရင်းဖြစ်စေ အားယူနေကြရသည်။
ခေတ်ကာလနှင့် အခြေအနေအမျိုးမျိုးကြောင့် လူငယ်များအကြား ယင်းကဲ့သို့သော စိတ်ဓာတ်မြှင့်တင်ရေး အားပေးမှုများ လိုအပ်လာရခြင်းမှာလည်း သဘာဝကျလှပေသည်။
သို့သော်လည်း အသက် (၇၈) နှစ်အရွယ် အဘွား မိဂိုးချိုင်းကတော့ မိမိကိုယ်ကိုယ် စိတ်ဓာတ်မြှင့်တင်ပေးမည့် ပြင်ပဟောပြောချက်များ မလိုအပ်ဘဲ၊ မိခင်စာပေအပေါ် ထားရှိသည့် ခိုင်မာသော ဇွဲလုံ့လဖြင့်သာ ဘဝကို တိတ်တဆိတ် တွန်းတင်မောင်းနှင်နေသူ ဖြစ်သည်။
အသက်အရွယ်သည် သူမအတွက် ကိန်းဂဏန်းမျှသာဖြစ်ပြီး စာပေသင်ယူလိုသည့် စိတ်အားထက်သန်မှုကမူ ယနေ့တိုင် လျော့ပါးသွားခြင်း မရှိသေးပေ။
မိမိမြတ်နိုးသည့် အရာတစ်ခုအတွက် အချိန်ပေးကာ နေ့စဉ်ရက်ဆက် မှန်မှန်ကြိုးစား အားထုတ်နေသည့် အဘွား မိဂိုးချိုင်း၏ ဖြတ်သန်းမှုများက “ရှင်သန်ခြင်းနှင့် ကြိုးစားခြင်းဆိုသည်မှာ အသက်အရွယ်နှင့် မဆိုင်ဘဲ ခိုင်မာသည့် စိတ်ဓာတ်နှင့်သာ ဆိုင်သည်” ဆိုသောအချက်ကို လက်တွေ့သက်သေပြနေသကဲ့သို့ ရှိနေပါတော့သည်။

မိဂိုးချိုင်း၏ ဘဝအကျဉ်းချုပ်
ဆရာမ ဒေါ်ခင်စော (ခ) မွန်အမည် အဘွား မိဂိုးချိုင်းသည် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ တော်ကနာကျေးရွာဇာတိဖြစ်ပြီး အထက်တန်းပြ (အငြိမ်းစား) ကျောင်းဆရာမတစ်ဦး ဖြစ်သည်။
အသက် (၇၈) နှစ်အရွယ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း သူမ၏ သင်ယူလိုစိတ်နှင့် မဆုတ်မနစ်သော ကြိုးစားအားထုတ်မှုတို့မှာ လူငယ်တစ်ဦးကဲ့သို့ပင် လျော့ပါးသွားခြင်းမရှိဘဲ ယနေ့တိုင် တောက်ပနေဆဲ ဖြစ်သည်။
အဘွား မိဂိုးချိုင်း၏ ဘဝဖြတ်သန်းမှု သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်လျှင် စိတ်ဝင်စားဖွယ် ဇွဲလုံ့လတစ်ခုကိုလည်း တွေ့ရှိရမည် ဖြစ်သည်။
သူမသည် ငယ်စဉ်က အစိုးရတက္ကသိုလ်ဝင်တန်း (ဆယ်တန်း) စာမေးပွဲကို တစ်ကြိမ်တည်းဖြင့် အောင်မြင်ခဲ့ခြင်း မဟုတ်ပေ။ လက်မလျှော့ဘဲ လေးနှစ်တိုင်တိုင် မဆုတ်မနစ် ဆက်လက်ဖြေဆိုခဲ့ပြီးမှသာ အောင်မြင်မှုကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် အစိုးရဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီးနောက်ပိုင်းတွင်မှသာ မိခင်မွန်စာပေ အခြေခံအတန်းကို စတင်တက်ရောက် သင်ယူခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း စာပေအပေါ်ထားရှိသည့် ထက်သန်မှုကြောင့် ၂၀၂၃ ခုနှစ်တွင် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲ၏ သမိုင်းတန်းအားလုံးကို ထူးထူးချွန်ချွန် အောင်မြင်ခဲ့သည်။
ယင်းအပြင် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကမှ အသစ်ဖွင့်လှစ်ခဲ့သည့် ခက်ခဲနက်နဲသော “မွန်ကျောက်စာသင်တန်း” ကိုလည်း ထပ်မံဖြေဆို အောင်မြင်ခဲ့ပြန်သည်။
အသက် (၇၈) နှစ်အရွယ် ရောက်မှသာ မွန်သမိုင်းတန်းကျောက်စာအထိ သင်ယူအောင်မြင်ခဲ့သည့် အဘွား မိဂိုးချိုင်း၏ ဘဝဇာတ်ကြောင်းနှင့် လုပ်ရပ်များသည် “ပညာလို အိုသည်မရှိ" ဟူသော စကားရပ်ကို လူထုရှေ့မှောက်တွင် လက်တွေ့ကျကျ အရောင်တင် သက်သေပြနေပါတော့သည်။
ကျေးရွာအတွင်းရှိ လူမှုရေးအဖွဲ့အစည်းနှင့် မွန်သံဃာတော်များအဖွဲ့မှ ဖွင့်လှစ်သည့် ဦးဆောင်မှုနှင့် စီမံခန့်ခွဲမှုသင်တန်းများကိုလည်း ယနေ့တိုင် တက်ကြွစွာ တက်ရောက်သင်ယူလျက် ရှိနေပါသည်။
မွန်စာပေသင်ရင် အဖမ်းခံရသည့်ခတ်မှ ဖြတ်သန်းလာသူ အဖွားမိဂိုးချိုင်း
မိခင်မွန်စာပေကို သင်ကြားသူနှင့် သင်ယူသူများကို လိုက်လံဖမ်းဆီး ပိတ်ပင်ခဲ့သည့် ဖဆပလခေတ်နှင့် တော်လှန်ရေးကောင်စီ စစ်အစိုးရခေတ်ဦး ကာလများတွင် အဘွား မိဂိုးချိုင်းသည် မိခင်ဘာသာစာပေကို သင်ယူချင်စိတ် ပြင်းပြခဲ့သော်လည်း သင်ကြားခွင့် အခွင့်အရေး လုံးဝမရရှိခဲ့ပေ။
“အဲဒီတုန်းက မွန်စာပေတတ်ချင်ရင် သီလရှင်ဝတ်မှရမယ်၊ မဟုတ်ရင် အဖမ်းခံရနိုင်တယ်။ ပြီးတော့ အမျိုးသမီးဖြစ်နေတော့ တန်းတူအခွင့်အရေး မရှိဘူး” ဟု အဘွား မိဂိုးချိုင်းနှင့် နီးစပ်သူတစ်ဦးက သူမ၏ အတိတ်ဖြတ်သန်းမှုကို ပြန်လည်ပြောပြသည်။
အဆိုပါခေတ်ကာလက အမျိုးသမီးတစ်ဦးအတွက် “သေစာ၊ ရှင်စာ ဖတ်တတ်ရုံဖြင့် လုံလောက်ပြီ” ဟူသော အမြင်ကျဉ်းမြောင်းမှုများနှင့် လူမှုအသိုင်းအဝိုင်း၏ ကန့်သတ်ချက်ဘောင်များကြား၌သာ နေထိုင်ခဲ့ရခြင်း ဖြစ်သည်။
သို့သော်လည်း ယင်းကဲ့သို့သော ဖိနှိပ်မှုများနှင့် ကန့်သတ်ချက်များကြားထဲကပင် အဘွား မိဂိုးချိုင်းသည် ပညာသင်ယူလိုစိတ်ကို အလျော့မပေးဘဲ ခက်ခက်ခဲခဲ ရုန်းကန်ကြိုးစားခဲ့သဖြင့် နောက်ဆုံးတွင် ဘွဲ့ရအထက်တန်းပြ ကျောင်းဆရာမတစ်ဦး ဖြစ်လာခဲ့သည်။
ငယ်စဉ်က မိခင်စာပေကို လွတ်လပ်စွာ သင်ကြားခွင့်မရခဲ့သည့် အဆိုပါ နာကျင်မှုအနာရွတ်များကပင် ယနေ့ အသက် (၇၈) နှစ်အရွယ်အထိ အဘွားကို မွန်စာပေ လေ့လာလိုက်စားမှုဘက်ဆီသို့ မောင်းနှင်ပို့ဆောင်ပေးနေသည့် အဓိက စွမ်းအင်စု ဖြစ်နေဆဲပင် ဖြစ်သည်။
ယခုအချိန်တွင်မူ အဘွား မိဂိုးချိုင်းသည် တစ်ချိန်က ဆုံးရှုံးခဲ့ရသည့် အခွင့်အရေးများကို မိမိဘာသာ ပြန်လည်ဆုပ်ကိုင်ကာ သူမ၏ အချိန်အများစုကို မွန်စာပေ လေ့လာရေး၌သာ မြှုပ်နှံထားတော့သည်။
ပတ်ဝန်းကျင်၏ လှောင်ပြောင်မှုများကို ကျော်လွှားခဲ့သည့် ခိုင်မာသောခံယူချက်
“ဆရာမကလည်း အသက်တွေ ဒီလောက်ကြီးနေပြီ၊ အခုမှ ရမယ့်ဘွဲ့တွေ၊ အောင်လက်မှတ်တွေကို ဘယ်မှာ သွားချိတ်မလို့လဲ” စသည့် ပတ်ဝန်းကျင်၏ အားမပေးသည့် လှောင်ပြောင်ပြောဆိုမှုအချို့ကိုလည်း အဘွား မိဂိုးချိုင်းတစ်ယောက် မကြာခဏ ကြုံတွေ့ခဲ့ရဖူးသည်။
သို့သော်လည်း ယင်းစကားများကို တုံ့ပြန်ငြင်းခုံနေမည့်အစား မိမိလျှောက်လှမ်းလိုသည့် လမ်းကြောင်းပေါ်၌သာ မလျော့သောဇွဲ၊ အပတ်တကုတ် လုံ့လတို့ဖြင့် ဆက်လက်ကြိုးစားအားထုတ်ခဲ့သည်။
လက်ရှိတွင် တစ်ဦးတည်း နေထိုင်သော်လည်း မိခင်စာပေကို စဉ်ဆက်မပြတ် လေ့လာရင်း၊ မွန်လူမျိုးနှင့် စာပေအကျိုးအတွက် တတ်နိုင်သည့်ဘက်မှ ဆက်လက်ပါဝင် ထမ်းဆောင်သွားမည်ဟု ခိုင်မာစွာ ခံယူထားသူလည်း ဖြစ်သည်။
“သူများစာပေကို ကျွမ်းကျင်အောင် တတ်ထားပြီး ကိုယ့်ရဲ့ မွန်စာပေကိုကျတော့ မတတ်ဘူးဆိုရင် ကိုယ့်ကိုယ်ကို ရှက်မိတယ်” ဟူသည့် အဘွား မိဂိုးချိုင်း၏ ပြောဆိုချက်က ယနေ့ခေတ် မွန်လူငယ်များအတွက် ကြီးမားသည့် တွေးခေါ်စရာ အချက်တစ်ခု ဖြစ်လာစေသည်။
ယနေ့ခေတ်တွင် မွန်လူငယ်အများစုသည် ဘဝရည်မှန်းချက်များ၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် ခေတ်ရေစီးကြောင်းများအရ အင်္ဂလိပ်စာနှင့် အခြားနိုင်ငံခြား ဘာသာစကားများကို ပိုမိုဦးစားပေး သင်ယူလာကြသည်။
ယင်းမှာ လက်ရှိ လူမှုစီးပွား အခြေအနေများအရ မဖြစ်မနေ လိုအပ်လာသည့် ရွေးချယ်မှုတစ်ခု ဖြစ်နိုင်သော်လည်း၊ တစ်ပြိုင်နက်တည်းမှာ မိမိတို့၏ မွန်စာပေ တိုးတက်ရေးနှင့် မွန်စာပေ တတ်မြောက်မှုနှုန်းမှာမူ တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာနေသည်ဟု နွေရာသီ မွန်စာပေသင်တန်းကျောင်းများမှ ဆရာ၊ ဆရာမများက စိုးရိမ်တကြီး ထောက်ပြနေကြသည်။
မျိုးဆက်သစ်များအတွက် စံပြမီးရှူးတန်ဆောင်
ခေတ်ဆိုးစနစ်နှင့် လူမှုစီးပွား ကျပ်တည်းမှုများကြောင့် ဖြစ်ချင်သည့် ဆန္ဒထက် ဖြစ်သင့်သည့် အခြေအနေကိုသာ ဦးစားပေး ရုန်းကန်နေရသည့် လူငယ်ဘဝများကြားတွင် မိမိတို့၏ ဝါသနာ၊ မိခင်စာပေနှင့် လူမျိုးတစ်မျိုး၏ ကိုယ်ပိုင်အမှတ်အသားများကို မေ့လျော့သွားရန် အလွန်လွယ်ကူလှပေသည်။
သို့သော်လည်း အသက် (၇၈) နှစ်အရွယ်အထိ မွန်စာပေနှင့် ကျောက်စာများကို မနားတမ်း ဆက်လက်လေ့လာနေသည့် အဘွား မိဂိုးချိုင်း၏ ဇွဲရှိမှုက လူငယ်ထုကို တိတ်တဆိတ်ဖြင့် အဖိုးတန်လှသော သင်ခန်းစာတစ်ခု ပေးနေသည်။
ဘဝတိုးတက်ရန်အတွက် စာအုပ်များထဲက စိတ်ဓာတ်မြှင့်တင်ရေး ဟောပြောချက်များကို နားထောင်နေရုံမျှဖြင့် မလုံလောက်ဘဲ၊ အဓိက လိုအပ်သည်မှာ မိမိကိုယ်တိုင် မလျော့သော ဇွဲလုံ့လဖြင့် အမြဲမပြတ် လေ့လာသင်ယူနေရန်သာ ဖြစ်ကြောင်း သူမက သက်သေပြခဲ့ပြီ ဖြစ်သည်။
ဘာသာစကားတစ်ခု ရေရှည်ရှင်သန်နေခြင်းသည် လူမျိုးတစ်မျိုး၏ ရှင်သန်ခြင်း အမြစ်တွယ်မှုနှင့် ကိုယ်ပိုင် အမှတ်အသားကို မပျောက်ပျက်အောင် ထိန်းသိမ်းထားနိုင်ခြင်းပင် ဖြစ်သည်။
ထို့ကြောင့် မွန်လူငယ်များအနေဖြင့် ခေတ်ပညာများကို ရုန်းကန်သင်ယူရင်း အခြားတစ်ဖက်တွင်လည်း မိမိတို့၏ မွန်စာပေနှင့် ဘာသာစကားကို ပစ်ပယ်မထားသင့်ပေ။
မိမိတို့၏ ကိုယ်ပိုင်ဘဝ တိုးတက်မြင့်မားရေးအတွက် အစဉ်အမြဲ လေ့လာဆည်းပူးနေရန် လိုအပ်သကဲ့သို့၊ မိမိတို့လူမျိုး၏ အနာဂတ် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်လည်း မိခင်စာပေကို ဆက်လက်ထိန်းသိမ်း သင်ယူသွားကြရမည် ဖြစ်ပါတော့သည်။



