မင်းစဟိုင်း (မာံသဟာဲ) ရေးသားသည်။
မြန်မာ့မြေပုံ၏ တစ်ဖက်တစ်ချက်စီဖြစ်သော တောင်ဘက်ပင်လယ်ကမ်းရိုးတန်းနှင့်မြောက်ဘက်တောင်တန်းဒေသများတွင် ကွဲပြားစွာ အခြေစိုက်နေကြသော်လည်း မွန်နှင့် တအာင်း (ပလောင်) တို့သည် ဘာသာစကားနှင့် ယဉ်ကျေးမှုသမိုင်းကြောင်းအရ ခွဲခြား၍မရသည့် မွန်-ခမာသွေးချင်းညီနောင်များ ဖြစ်ကြသည်။
၂၀၂၃ ခုနှစ် “၁၀၂၇ စစ်ဆင်ရေး” အတွင်း မြို့နယ်ပေါင်း ၁၂ မြို့ကို တစ်ဟုန်ထိုး သိမ်းပိုက်ပြီး တအာင်းပြည် (Ta’ang State) အဖြစ် ပုံဖော်နိုင်လိမ့်မည်ဟု အိမ်မက်မက်ခဲ့သည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) သည် ယခု ၂၀၂၆ ခုနှစ် မေလသို့ ရောက်ရှိချိန်တွင်မူ ဘက်ပေါင်းစုံမှ ညှပ်ပိတ်မိကာ စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းကြီးနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။
နိုင်ငံရေးလေ့လာသူအချို့က တအာင်းတပ်မတော်၏ လက်ရှိအခြေအနေကို “စုပ်လည်းဆူး၊ စားလည်းရူး” သည့် ပဒိုင်းသီးကိုင်ထားရသည့် ဘဝဟု တင်စားနေကြသည်။ ဤအဖြစ်အပျက်သည် တောင်ဘက်က မွန်လူထုနှင့် မွန်တော်လှန်ရေးအင်အားစုများအတွက် အလွန်အရေးကြီးသော သမိုင်းသင်ခန်းစာများကို ပေးစွမ်းနေပါသည်။
၁။ ကွတ်ခိုင်မြို့မှ အစပြုခဲ့သော မဟာမိတ်အက်ကြောင်း

၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖြစ် စစ်ကောင်စီကို အတူတကွ တိုက်ထုတ်ခဲ့ကြသည့် MNDAA (ကိုးကန့်တပ်) နှင့် TNLA တို့အကြား ရေရှည်တည်ဆောက်ခဲ့သော မဟာမိတ်အင်အားစုသည် နယ်မြေအာဏာစိုးမိုးမှု ပွတ်တိုက်မှုများကြောင့် ယခုနှစ်ဆန်းပိုင်းတွင် စတင်အက်ကြောင်းထင်ခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကွက်ခိုင်မြို့ပေါ်တွင် MNDAA ဘက်မှ တပ်ဆင်ထားသော CCTV ကင်မရာများကို TNLA ဘက်က လိုက်လံဖြုတ်သိမ်းခြင်းနှင့် မြို့ပေါ်ရှိ ကိုးကန့်တပ်ဖွဲ့ဝင်များကို အင်အားသုံး ဖယ်ရှားရန် ကြိုးပမ်းခြင်းတို့က ပဋိပက္ခ၏ မီးပွားကို စတင်မွှေးခဲ့သည်။ ယင်းဖြစ်စဉ်အပြီးတွင် MNDAA ဘက်က လားရှိုးနှင့် သိန္နီမြို့နယ်အတွင်းရှိ တအာင်းရဲဘော်များကို ဖမ်းဆီးရိုက်နှက်ခြင်း၊ TNLA ထိန်းချုပ်ရာဒေသများသို့ ကုန်ပစ္စည်းတင်သွင်းခွင့် ပိတ်ပင်ခြင်း (ဖြတ်လေးဖြတ်သဘော စီးပွားရေးပိတ်ဆို့ခြင်း) တို့ဖြင့် တုံ့ပြန်ခဲ့သည်။
နောက်ဆက်တွဲအနေဖြင့် မတ်လ ၁၄ ရက်နေ့တွင် တင်းမာမှုသည် ကန့်သတ်ချက်ကျော်လွန်သွားကာ ကွတ်ခိုင်၊ မန်ပိန်း၊ နမ့်သောင်းနှင့် ကာလျန် စသည့် စစ်မျက်နှာ ၄ ခုတွင် ဒရုန်း (Drone) များဖြင့်ပါ အပြင်းအထန် အပြန်အလှန် ဗုံးကြဲတိုက်ခိုက်သည့်အဆင့်သို့ ရောက်ရှိခဲ့သည်။
ယခုကဲ့သို့ မဟာမိတ်အချင်းချင်းကြား သွေးထွက်သံယိုဖြစ်ပွားရသည့် တိုက်ပွဲများ၏ ရလဒ်အဖြစ် မဟာဗျူဟာမြောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ မူဆယ်-ကွတ်ခိုင် လမ်းပိုင်းတစ်ခုလုံးကို TNLA ဘက်က လက်လွှတ်လိုက်ရသည့်အထိ စစ်ရေးအရ ဆုံးရှုံးမှု ကြီးမားခဲ့သည်။
၂။ လေးဖက်ညှပ် ပထဝီမြေထောင်ချောက်
တအာင်းတပ်မတော်၏ လက်ရှိအကျပ်အတည်းကို သေဒဏ်ပေးလိုက်သလိုမျိုး ပိုမိုဆိုးရွားသွားစေသည့် အဓိကအချက်မှာ ၎င်းတို့၏ “ထွက်ပေါက်မရှိသော ကုန်းတွင်းပိတ်” ဖြစ်နေသည့် ပထဝီဝင်အနေအထား ဖြစ်သည်။ ပင်လယ်ထွက်ပေါက်မရှိသည့်အပြင် လက်ရှိတွင် ဘေးပတ်ပတ်လည်ရှိ အိမ်နီးနားချင်း အင်အားကြီးအဖွဲ့အစည်းများနှင့် ဆက်ဆံရေး ပျက်ပြားနေခြင်းက TNLA ကို ရန်သူ့ပတ်လည်ဝိုင်းနေသည့် စစ်ဗျူဟာထောင်ချောက်ထဲသို့ တွန်းပိုသလို ဖြစ်နေသည်။
မြောက်ဘက်တွင် (MNDAA နှင့် KIA) က ပိတ်ဆို့ထားပြီး အရှေ့ဘက်တွင်မူ အဓိကလက်နက်ပံ့ပိုးသူဖြစ်ခဲ့သည့် “ဝ” တပ်မတော် (UWSA) က ဆက်ဆံရေးအေးစက်သွားကာ လက်နက်/ငွေကြေး အကူအညီများကိုပါ ဖြတ်တောက်လိုက်သည့်အပြင် လက်နက်ခဲယမ်းဖိုး အကြွေးများ ပြန်လည်တောင်းခံနေသည်။ တောင်ဘက်နှင့် အနောက်ဘက်တွင်မူ မူလကတည်းက မကြည်ဖြူသည့် ရှမ်းလက်နက်ကိုင်တပ်များ SSPP နှင့် RCSS တို့ ရှိနေသည်။
ဤကဲ့သို့ ကုန်းတွင်းပိတ်နေခြင်းကြောင့် တိုက်ပွဲများပြန်ဖြစ်လာလျှင် TNLA အနေဖြင့် ပြင်ပမှ လက်နက်ခဲယမ်း ဝယ်ယူဖြည့်တင်းရန်ဖြစ်စေ၊ ရိက္ခာထောက်ပံ့ရန်ဖြစ်စေ ဘယ်ဘက်တွင်မှ ထွက်ပေါက်မရှိတော့ဘဲ လုံးလုံးလျားလျား အသက်ရှူကျပ်နေရသည်။
၃။ နိုင်ငံရေးခြေလှမ်းအမှားနှင့် စစ်တပ်၏ ရာဇသံ
မြေပြင်တွင် စစ်ရေးအရ အထိနာပြီး စီးပွားရေးအရ ပိတ်ဆို့ခြင်းခံရသော TNLA သည် တရုတ်နိုင်ငံ၏ တိုက်ရိုက်ဖိအားကြောင့် ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့တွင် အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင် ဦးဆောင်ဖွဲ့စည်းလိုက်သည့် အစိုးရသစ်ကို တရားဝင်ဂုဏ်ပြုသဝဏ်လွှာပေးပို့ကာ ကြိုဆိုခဲ့သည်။ ထုတ်ပြန်ချက်တွင် မင်းအောင်လှိုင်ကို “နိုင်ငံတော်သမ္မတ” ဟု သုံးနှုန်းထားပြီး နိုင်ငံရေးနည်းလမ်းဖြင့်သာ ငြိမ်းချမ်းစွာ ဆွေးနွေးသွားမည်ဟု ဖော်ပြခဲ့သည်။
ဤလုပ်ရပ်သည် ပြည်မက နွေဦးတော်လှန်ရေး (NUG/PDF) ရဲဘော်များနှင့် တော်လှန်ရေးလူထုကြားတွင် ပြင်းထန်သော စိတ်ပျက်ဝေဖန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ တော်လှန်ရေးရဲဘော်အချို့က “တရုတ်ဖိအားကြောင့် စစ်တပ်နဲ့ ဆွေးနွေးတာကို နားလည်ပေးလို့ရပေမယ့်၊ အခုလို စာကြီးနဲ့ပါ စစ်တပ်ကို အသိအမှတ်ပြုလာတာကတော့ အတော်ကို ရုပ်ပေါက်လွန်းပါတယ်” ဟု မှတ်ချက်ပြုခဲ့ကြသည်။
TNLA ဘက်က နိုင်ငံရေးအရ ခြေလှမ်းမှားပြီး အထီးကျန်သွားချိန်ကို မြန်မာစစ်အုပ်စုဘက်က ချက်ချင်းအခွင့်ကောင်း ယူခဲ့သည်။ ပြီးခဲ့သည့် မေလ ၁၂ ရက်နှင့် ၁၃ ရက် တရုတ်နိုင်ငံ ကူမင်းမြို့၌ ပြုလုပ်သော (၁၁) ကြိမ်မြောက် ဆွေးနွေးပွဲတွင် စစ်ကောင်စီ၏ တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးတို့အဖွဲ့က TNLA ထိန်းချုပ်ထားဆဲဖြစ်သည့် နမ့်ခမ်း၊ နမ္မတူ၊ မိုင်းလုံနှင့် မိုင်းငေါ့ (၄) မြို့ကို ရက်ပိုင်းအတွင်း (၇၂ နာရီမှ ၁ လအတွင်း) ပြန်လည်ဆုတ်ခွာပေးရန် ရာဇသံထုတ်ကာ အကျပ်ကိုင်ဖိအားပေးလာခဲ့သည်။
စစ်ကောင်စီ၏ ရည်ရွယ်ချက်မှာ TNLA ကို ၂၀၀၈ ခြေဥပါ နယ်မြေဟောင်းဖြစ်သည့် နမ့်ဆန်နှင့် မန်တုံ ၂ မြို့နယ်ထဲသို့သာ ပြန်လည်မောင်းထုတ်လိုခြင်း ဖြစ်သည်။ အကယ်၍ စစ်တပ်က ဝင်မယူလျှင်ပင် MNDAA က ကြိုတင်အစီအစဉ်ချထားပြီး ဝင်သိမ်းရန် ပြင်ဆင်နေသည့်အတွက် ၎င်းသည် တရုတ်နိုင်ငံက ကြိုးကိုင်ပြီး တိုင်းရင်းသားအချင်းချင်း အင်အားချည့်နဲ့အောင် ကစားသည့် ဗျူဟာအောက်တွင် ကြိုးဆွဲခံနေရခြင်းလည်း ဖြစ်သည်။
၄။ မွန်တော်လှန်ရေးအတွက် သင်ခန်းစာများ
မွန်-ခမာ သွေးချင်းညီနောင် တအာင်းတို့ ကြုံတွေ့နေရသည့် ဤသင်ခန်းစာသည် မွန်ပြည်နယ်အခြေစိုက် မွန်တော်လှန်ရေးအင်အားစုများအတွက် အဖိုးမဖြတ်နိုင်သော နိုင်ငံရေး၊ စစ်ရေး သတိပေးချက်များ ဖြစ်သည်။
ပထမဦးစွာ “တစ်ဖွဲ့ချင်းစီ ခွဲထုတ်ပြီး ချေမှုန်းခံရခြင်း” ထောင်ချောက်ကို သတိပြုရန် ဖြစ်သည်။ မြန်မာစစ်တပ်သည် အင်အားနည်းချိန်တွင် အပစ်ရပ်ဆွေးနွေးပွဲများဖြင့် အချိန်ဆွဲပြီး တိုင်းရင်းသားအဖွဲ့များကို တစ်ဖွဲ့ချင်းစီ ဖဲ့ထုတ်လေ့ရှိသည်။
TNLA သည် စစ်ရှိန်ကောင်းစဉ်က ဟိုင်ဂင်အပစ်ရပ်စဲရေးကို လက်ခံခဲ့ခြင်းကြောင့် စစ်တပ်ကို အသက်ရှူချောင်စေခဲ့ပြီး ယခု ၎င်းတို့အင်အားနည်းချိန်တွင် စစ်တပ်၏ ပြန်လည်အကျပ်ကိုင်ခြင်းကို ခံနေရသည်။ မွန်လက်နက်ကိုင် တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း စစ်ကောင်စီ၏ ဆွေးနွေးပွဲ ထောင်ချောက်များကို အထူးသတိထားရမည် ဖြစ်သည်။
ဒုတိယအချက်အနေဖြင့် ပြင်ပအား (သို့မဟုတ်) အိမ်နီးနားချင်းအင်အားကြီးနိုင်ငံအပေါ် လုံးဝမမှီခိုမိစေရေး ဖြစ်သည်။ TNLA သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကို လုံးလုံးပုံအပ်ခဲ့သော်လည်း နောက်ဆုံးတွင် တရုတ်သည် ၎င်း၏ ကုန်သွယ်ရေးလမ်းကြောင်း အကျိုးစီးပွားအတွက်သာ လက်နက်ကိုင်အဖွဲ့များကို စိတ်ကြိုက်ကြိုးကိုင် ကစားသွားခဲ့သည်။ ထို့ကြောင့် မွန်တော်လှန်ရေးအဖွဲ့များအနေဖြင့် ထိုင်းနိုင်ငံ၏ ကစားကွက်ကိုလည်း ကြိုတင်လေ့လာထားရပေမည်။
တတိယအချက်ကား ပြည်မဒီမိုကရေစီအင်အားစုများနှင့် ကျောခြင်းကပ်ထားနိုင်မှု၏ အရေးပါပုံကို တင်ပြလိုသည်။ TNLA ၏ အဓိကအမှားမှာ “၁၀၂၇ စစ်ဆင်ရေး” အရှိန်ကောင်းစဉ်က ဗမာပြည်မက နွေဦးတော်လှန်ရေးအင်အားစု (NUG/PDF) များနှင့် နိုင်ငံရေး/စစ်ရေးအရ ခိုင်မာစွာ ကျောခြင်းကပ် မဟာမိတ်မဖွဲ့ခဲ့ဘဲ မိမိဒေသကွက်ကွက်လေးကိုပဲ ကြည့်ကာ စစ်ကောင်စီကို အသိအမှတ်ပြုခဲ့မိခြင်း ဖြစ်သည်။ ထို့ကြောင့် အထီးကျန်ချိန်တွင် ကူမည့်သူမဲ့ခဲ့ရသည်။
မွန်ဒေသအတွင်း ပင်လယ်ထွက်ပေါက်ရှိပြီး ကရင်လက်နက်ကိုင်အုပ်စုများအပါအဝင် တော်လှန်ရေးမဟာမိတ်များနှင့် နယ်မြေထိစပ်နေသည့် မွန်တော်လှန်ရေးသည် မွန်ပြည်နယ်၏ အထက်အောက် ပြည်မအင်အားစုများနှင့် ဟန်ချက်ညီညီ နိုင်ငံရေးအရ အားကောင်းအောင် ပူးပေါင်းဆောင်ရွက်နိုင်မှသာ စစ်ရေးအရပါ အားသာချက် ရရှိမည် ဖြစ်သည်။
၅။ နိဂုံး
လက်ရှိတွင် သွေးချင်းညီနောင် တအာင်းလူမျိုးများ၏ PSLF/TNLA သည် စစ်ကောင်စီနှင့် အိမ်နီးနားချင်း EAO များ၏ ပိတ်ဆို့မှုကြောင့် ၎င်းတို့၏ နယ်မြေဟောင်းဖြစ်သည့် “နမ့်ဆန်နှင့် မန်တုံ” တောင်တန်းများပေါ်သို့ ပြန်လည်ကျုံ့ဝင်သွားရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ ၎င်းတို့ကိုယ်တိုင် ဖန်တီးခဲ့သည့် ဗျူဟာမြောက် ခြေလှမ်းအမှားများကြောင့် ဖြစ်သော်လည်း ညီနောင်မျိုးနွယ်စုတစ်ခု၏ ဖြစ်တည်မှုအကျပ်အတည်းကို မွန်တို့က စာနာနားလည်ရမည် ဖြစ်သည်။ မွန်တော်လှန်ရေးအတွက် လက်နက်အကူအညီ ပေးအပ်ခဲ့ဖူးသည့် ညီနောင်တအာင်းတို့ကို မွန်တို့ကလည်း တတ်နိုင်သည့်ဘက်မှ တစ်ခုခု ပြန်လည်ရိုင်းပင်း ကူညီသင့်သည်။
တအာင်းတို့၏ ပထဝီဝင်ထောင်ချောက်နှင့် အကျပ်အတည်းသည် မွန်လူထုအတွက် မျက်မြင်သာဓက နမူနာကြီးတစ်ခု ဖြစ်သည်။ “နိုင်ငံရေးအရ တနိုင်ငံလုံးအတိုင်းအတာနဲ့ အားကောင်းအောင် မပူးပေါင်းနိုင်ရင် မိမိဒေသကွက်ကွက်လေးကိုပဲ ကြည့်ရင် ရေရှည်မှာ ဘယ်အဖွဲ့မဆို အခုလို အကျပ်အတည်းမျိုး ကြုံတွေ့ရနိုင်တယ်” ဆိုသည့် အမှန်တရားကို သဘောပေါက်ပြီး မွန်တို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ခရီးလမ်းတွင် မှန်ကန်သော မဟာမိတ်ဗျူဟာကို ကိုင်စွဲကာ အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ရှေးဆက်ကြရန် တိုက်တွန်းရင်း နှိုးဆော်လိုက်ရပါသည်။



