မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
ယနေ့ မေလ ၂၈ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်နေ ထွန်းထွန်းဆိုသူက သထုံဘက်မှ ကားမောင်းနှင်လာစဉ် ဒေါက်ရပ်ကျေးရွာ အထက်တန်းကျောင်းရှေ့တွင် သေနတ်ဖြင့် ဖစ်ခတ်ခံရခြင်းဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အသက် ၂၉ နှစ်အရွယ်ရှိ ထွန်းထွန်းသည် ဦီးခေါင်း၊ လက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားသည်ဟု ဒေသခံတို့က ပြောသည်။
“ပစ်ခတ်ခံရတာက ရန်ကုန်-မလမကားလမ်းဒေါက်ရပ် အထက်တန်းကျောင်းရှေ့မှာ ဖြစ်တယ်။ သေနတ် ၄/၅ ချက်လောက်တော့ ကြားရတယ်။” ဟု ဘီးလင်းဒေသခံတဦးက ပြောသည်။
ထိုအမျိုးသားကို မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် ပစ်ခတ်သွားသည်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဘီးလင်းဒေသခံ ထွန်းထွန်း ပစ်ခတ်ခံရပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။
စစ်အာဏာသိမ်းပြီးနောက် ဘီးလင်းမြို့နယ်အတွင်း သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်မှုဖြစ်စဉ်များ မကြာခဏဖြစ်ပွါးနေပြီး စစ်တပ်ဘက်က သတ်ဖြတ်သည့်ဖြစ်စဉ်များရှိသလို တချို့ကလည်း တော်လှန်ရေးတပ်ဖွဲ့ဘက်က လုပ်ဆောင်ကြောင်း သိရသည်။
သို့သော် သတ်ဖြတ်ခံရသည့် ဖြစ်စဉ် အများစုသည် လက်သည်မပေါ်ပဲ မည်သူမည်ဝါ လုပ်ဆောင်သွားသည်ကို ဖော်ထုတ်နိုင်ခြင်း မရှိပေ။



