Homeသတင်းသိမ်ဇရပ်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

သိမ်ဇရပ်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

-

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ဝါးဒက်ကွင်းကျေးရွာနေ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သိမ်ဇရပ်မြို့၊ ဝါးဒက်ကွင်းကျေးရွာနေ အသက် ၄၀ နှစ်အရွယ်ခန့်ရှိ ဦးချစ်ကိုဆိုသူကို လက်နက်ကိုင်လူတစ်စုက နိုဝင်ဘာလ ၁၉ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ယင်းနောက် ဦးချစ်ကို၏ ရုပ်အလောင်းကို နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက ဝါးဒက်ကွင်းကျေးရွာထိပ်ရှိ ရော်ဘာခြံတောထဲတွင် ပြန်တွေ့ခဲ့ရသည်ဟု ဒေသခံတို့က ဆိုသည်။

“ဦးခေါင်းသေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ ဦးချစ်ကို ရုပ်အလောင်းကို ဝါးဒက်ကွင်းကျေးရွာထိပ်က ရော်ဘာခြံထဲမှာ ပြန်တွေ့တာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဦးချစ်ကိုသည် ဝါးဒက်ကွင်းကျေးရွာတွင် ဆိုင်ကယ်ပြုပြင်ရေးဆိုင်ဖွင့်ထားသူတစ်ဦးဖြစ်ပြီး မည်သည့်အကြောင်းကြောင့် ယခုလို ပစ်သတ်ခံရသည်ကို မသိရှိရသေးကြောင်း ဆိုသည်။

ဦးချစ်ကိုကို မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက ဖမ်းဆီးသွားသည်ကို အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချန်နယ်ကတော့ ဦးချစ်ကိုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF အဖွဲ့က ဖမ်းဆီးသွားပြီး ပစ်သတ်ခဲ့ကြောင်း ရေးသားဖော်ပြသည်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF အဖွဲ့ကတော့ ဦးချစ်ကို ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်လာခြင်းမရှိသေးပေ။

ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့ညကလည်း သထုံမြို့နယ်၊ ကျောက်တန်းကျေးရွာနေ ဦးစိုးလှိုင်ကို အမည်မသိ သေနတ်သမားတို့က သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီနှင့် နီးစပ်သူ၊ သတင်းပေးများကို တော်လှန်ရေးအင်အားစုတို့က မကြာခဏပစ်ခတ်ရှင်းလင်းလေ့ရှိသလို ယခုလိုမျိုး အဖွဲ့အစည်းမသိသည့် လက်နက်ကိုင်းများ ဖမ်းဆီးသွားပြီး ပစ်သတ်ခံရသည့်ဖြစ်စဉ်များလည်း မကြာခဏဖြစ်ပွားလေ့ရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts