Homeသတင်းလားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA သိမ်းပိုက်

လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA သိမ်းပိုက်

-

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်က အပြီးပိုင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကိုးကန့်တပ်မတော် (MNDAA) က ထုတ်ပြန်သည်။

လားရှိုးမြို့ လေဆိပ်အနီးတွင်ရှိသည့် စစ်ကောင်စီ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က ဇူလိုင်လ ၃ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ရာ ၂၂ ရက်အကြာတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်ထိ တိုင်းစစ်ဌာနချုပ်အနီးတွင် ပစ်ခတ်မှုဖြစ်ပွားနေပြီး ဒေသခံအချို့လည်း ပိတ်မိနေကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“မနေ့ညက လက်နက်ကြီးတွေေရာ လက်နက်ငယ်တွေရော ပစ်ကြတယ်။ တိုင်းတပ်ရင်းထဲမှာ ပစ်တာ ဟုတ်ပါတယ်။ သူတို့ပစ်နေကြတော့ အဲဒီနားမှာ ပိတ်မိနေကြတယ်။ သူတို့က ထွက်မရတော့ဘူးဖြစ်နေကြတယ်။ ဟိုဘက်ကတပ်တွေ MNDAA ကလည်း ဝင်လာကြပြီဆိုတော့ ထွက်ပေါက်က လုံးဝမရှိတော့ဘူး။ မံဆူဘက်ခြမ်းမှာ ပိတ်မိနေကြတာပါ” ဟု အဆိုပါမြို့ခံက ပြောသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အတွင်းတွင် စစ်ကောင်စီတပ်သားအချို့ ကျန်နေသေးသလို မြို့တွင်း ထွက်ပြေးကြသူများလည်းရှိကြောင်း ဒေသခံထံမှ သိရသည်။

၎င်းပြင် လားရှိုးအခြေစိုက် ခမရ ၅၂၂ တပ်ရင်းတွင်လည်း စစ်ကောင်စီတပ်များ ကျန်ရှိနေသေးပြီး မြို့တွင်းအချို့နေရာတို့တွင် စစ်ကောင်စီက စနိုက်ပါများဖြင့် နေရာယူထားကြောင်းလည်း ဒေသခံတို့က ဆိုသည်။

လားရှိုးမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ ၄၁၊ ခလရ ၅၈ နှင့် ခမရ ၅၀၇ တပ်ရင်းများကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း MNDAA က သိမ်းပိုက်ထားကြောင်း ထုတ်ပြန်ထားသည်။

လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သည် အာဏာသိမ်းကာလအတွင်း စစ်ကောင်စီ ပထမဆုံးလက်လွှတ်ရသော တိုင်းစစ်ဌာနချုပ် ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts