ရခိုင်ပြည်နယ်၏ နယ်မြေ ၈၀ ရာခိုင်နှုန်းကို ရခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားသည့်အခြေအနေရှိနေကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူတို့က သုံးသပ်ပြောဆိုသည်။
ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် နောက်ဆုံးကျန်ရှိနေသေးသော စစ်ကောင်စီတပ်ရင်း၊ တပ်စခန်း၊ ဗျူဟာကုန်းအားလုံးကို သိမ်းပိုက်လိုက်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
လက်ရှိအနေအထားအရ ရခိုင်တပြည်နယ်လုံး လွတ်မြောက်ရေးဆိုသည့် ရည်မှန်းချက်သည် အတော်ခရီးရောက်နေပြီဖြစ်ကြောင်း၊ နောက်ဆုံးကျန်နေသည့် ရခိုင်တောင်ပိုင်းမှ တောင်ကုတ်၊ သံတွဲမြို့တို့တွင်လည်း တိုက်ပွဲဖြစ်ပွားနေကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။
“ရခိုင်ပြည်နယ် တပြည်နယ်လုံး လွတ်မြောက်ရေးဆိုတဲ့ ရည်မှန်းချက်အောက်မှာ အတော်လေးတော့ ခရီးရောက်သွားပြီလို့ ပြောလို့ရပါတယ်။ အခုက နောက်ဆုံးကျန်နေတာက ရခိုင်တောင်ပိုင်းပါပဲ၊ တောင်ကုတ်၊ သံတွဲပါပဲ၊ ကျန်တဲ့နေရာတွေကတော့ AA တပ်ရဲ့ လွှမ်းမိုးမှုအောက်မှာ အခုကတော့ တိုက်ပွဲတွေက တောင်ပိုင်း သံတွဲအထိ ရောက်ရှိနေပါပြီ။ ဒါကြောင့်မို့လို့ စစ်ရှိန်ကျသွားတယ်လို့ ထင်ရတာ တကယ်ကတော့ တပြည်လုံးရဲ့ ၈၀ ရာခိုင်နှုန်းလောက် ရခိုင်တပ်တော်က သိမ်းပိုက်ထားပြီး စစ်ရေးအခြေအနေဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲပြင်းထန်နေချိန် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ (AA-TNLA-MNDAA) တို့ ယခုလ ၁၄၊ ၁၅ ရက်နေ့တွင် တွေ့ဆုံခဲ့ကြသော်လည်း စစ်ကောင်စီနှင့် AA တို့ သီးသန့်တွေ့ဆုံမှု ပြက်ပျက်သွားကြောင်း သတင်းမီဒီယာများတွင် ဖော်ပြသည်။
ဘူးသီးတောင်မြို့ကို AA က သိမ်းပိုက်ပြီးနောက် ရခိုင်နှင့် ရိုဟင်ဂျာတို့အကြား လူမျိုးရေး ပဋိပက္ခအသွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက် AA အနေဖြင့် ရခိုင်တွင် လူမျိုး၊ ဘာသာမခွဲခြားဘဲ အားလုံးကို အကာအကွယ်ပေးသွားမှာဖြစ်ကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ၎င်း၏ လူမှုကွန်ရက် X စာမျက်နှာတွင် ရေးသားထားသည်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ပြည်သူသောင်းနှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသော်လည်း တိုက်ပွဲရှောင်များအနေဖြင့် အခက်အခဲများ ကြုံတွေ့နေရပြီး အကူအညီများ လိုအပ်နေကြောင်း မြောက်ဦးမြို့နယ် စင်းဘောကိုင်းတိုက်ပွဲရှောင်စခန်းတာဝန်ခံ ဦးညီပုက ပြောသည်။
“အခုတိုက်ပွဲရှောင်စခန်းတွေမှာ ထောက်ပံ့ငွေတွေလည်း ဘာမှ မရောက်တော့ဘူး။ ဒီအတိုင်းပဲ နေနေရတယ်။ ဘယ်လို အခြေအနေမျိုးလဲ လမ်းကြောင်းတွေ ပိတ်တာမျိုးလား ဒါမှမဟုတ် သူတို့တွေက ပြီးခဲ့တဲ့ လတွေတုန်းကဆိုရင်လည်း ၂ လ၊ ၃ လ နေလောက်မှ တစ်ခေါက်လာပေးတယ်။ ၂ လစာ အဲဒီလို၊ အခုနောက်ပိုင်းကတော့ မလာတော့ဘူးလို့ ပြောသံလိုလိုကြားတယ်။ ဒီဖက်ခြမ်းတွေမှာတော့ တိုက်ပွဲတော့ မရှိသလောက်တော့ ဖြစ်သွားပြီ။ ဒါပေမဲ့ နေရပ်ပြန်မယ့်သူတွေက အခက်အခဲတွေ ရှိနေကြတယ်။ သူတို့အိုးအိမ်တွေ ပစ်ခဲ့ကြတာတွေရှိတယ်လေ။ အဲဒါကြတော့ သူတို့လည်း မပြန်ဖြစ်ဘူး။ ထောက်ပံ့ငွေ လာမလား၊ လာမလား မျှော်နေတာ လာလည်း မလာဖြစ်ဘူး။ အဲဒါကြောင့်” ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က စစ်ကောင်စီနှင့် ရခိုင့်တပ်တော် (ULA/AA) တို့အကြား တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် လမ်းပိတ်ဆို့မှုများ ရှိလာခဲ့သည်။
လက်ရှိတွင် AA က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲနှင့် ဘူးသီးတောင်စသည့် မြို့နယ်များကို ရခိုင်စစ်ပွဲ ၆ လကျော်အတွင်း သိမ်းပိုက်ထားသည်။
