Homeသတင်းမွန်ပြည်နယ်အတွင်း စက်သုံးဆီ ဈေးနှုန်းများ ပြန်လည်ကျဆင်း

မွန်ပြည်နယ်အတွင်း စက်သုံးဆီ ဈေးနှုန်းများ ပြန်လည်ကျဆင်း

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၈)

မွန်ပြည်နယ်အတွင်း စက်သုံးဆီဈေးနှုန်းများ စံချိန်တင် မြင့်တက်လာခဲ့သော်လည်း ယခုအပတ်တွင် စက်သုံးဆီဈေးနှုန်းများ ပြန်လည်ကျဆင်းလာကြောင်း သိရသည်။

ကမ္ဘာရေနံစိမ်းဈေးနှုန်း တစ်စည်သည် ဒေါ်လာ ၁၀၀ အောက်  ပြန်လည်ကျဆင်းလာသောကြောင့် ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများလည်း ကျဆင်းလာခြင်းဖြစ်ကြောင်း စက်သုံးဆီ အရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။

Taxi မောင်းသူ တစ်ဦးက စက်သုံးဆီဈေးနှုန်းများ ယခုကဲ့သို့ ပြန်လည်ကျဆင်းလာမှသာ ဆိုင်ကယ် Taxi သမားများအတွက် ဝင်ငွေပိုကျန်မည်ဖြစ်ကြောင်း ပြောသည်။

“အရင်ဈေးနှုန်းနဲ့ဆို ကျနော်တို့ ရတာ တစ်သောင်းဆို ဆီဖိုးက ၆၀၀၀ လောက်ကျတယ်။ ကျနော်တို့အတွက် မကျန်ဘူး။ အခုလို ၂၀၀၀ လောက် ပြန်ကျလာပြီဆိုတော့ ဆီဖိုးအရမ်းမကုန်ကျရင် ကျနော်တို့အတွက် ပိုက်ဆံပိုကျန်တာပေါ့”ဟု ၎င်းက ပြောသည်။

ဇွန်လ ၃၀ ရက်တွင် အောက်တိန်း ၉၂ တစ်လီတာ ၂၂၄၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၂၃၄၅ ကျပ်၊ ဒီဇယ် တစ်လီတာ ၂၄၈၅ ကျပ်နှင့် ပရီမီယံ တစ်လီတာ ၂၅၁၅ ကျပ် ဈေးနှုန်း ရှိခဲ့သည်။

ယနေ့ (ဇူလိုင် ၈ ရက်) တွင် အောက်တိန်း ၉၂ တစ်လီတာ ၁၈၇၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၁၉၉၅ ကျပ်၊ ဒီဇယ် တစ်လီတာ ၂၁၁၀ ကျပ် နှင့် ပရီမီယံ တစ်လီတာ ၂၁၇၀ ကျပ် ထိ ဈေးကျလာကြောင်း သိရသည်။

စက်သုံးဆီ ဈေးနှုန်း ၂၀၀၀ ကျော်ထိ မြင့်တက်လာခဲ့သောကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်ခဲ့ရကြောင်း မော်လမြိုင်မှ ကုမ္ပဏီဝန်ထမ်း တစ်ဦးက ပြောသည်။

“အရင်ကဆို နှစ်ရက်ကို ငါးထောင်ထဲရတယ်။ way ဆင်းပြီးဆို ပိုကုန်တယ်။ လစာက နှစ်သိန်းဆို ဆီဖိုးက တစ်သိန်းဆိုသလိုဖြစ်နေတယ်။ ဆီထည့်တဲ့အချိန် ဆီဈေးကျတာ မြင်ရတာ ကျွန်တော်အတွက်က တကယ်အသက်ရှုချောင်တာပဲ”ဟု ၎င်းက ပြောသည်။

စက်သုံးဆီဈေးနှုန်းများ ပြန်လည်ကျဆင်းလာသော်လည်း ကားကြီးနှင့် တစ်ချို့ယာဉ်ကြီးများကို ခွဲတမ်းစနစ်ဖြင့်သာ ရောင်းချပေးနေသေးကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts