Homeသတင်းအနှစ် ၅၀ ပြည့် ရန်ကုန်-မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ရွှေရတုသဘင်ကျင်းပမည်

အနှစ် ၅၀ ပြည့် ရန်ကုန်-မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ရွှေရတုသဘင်ကျင်းပမည်

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၈)

ယခုနှစ်တွင် သက်တမ်းအနှစ် ၅၀ ပြည့်လာသည့် ရန်ကုန် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီအထိမ်းအမှတ်အဖြစ် ရွှေရတုသဘင် အခမ်းအနား ကျင်းပသွားရန် စီစဥ်လျက်ရှိကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ ဒေါက်တာ မင်းခင်စိန်က “ ရွှေရတုအတွက် ဖြစ်မြောက်ရေး ကော်မတီဖွဲ့စည်းထားပြီးပြီး ဆပ်ကော်မတီတွေလည်း ၁၂ ဖွဲ့ ဖွဲ့ထားပြီးပြီ သူ့တာဝန်နဲ့သူ ခွဲဝေဖို့အတွက် ထပ်မံတွေ့ဆုံသွားမယ်။ နေရာနဲ့ ရက်အတိအကျတော့ မဆုံးဖြတ်ရသေးဘူး”ဟု ပြောသည်။

လာမည့်ဒီဇင်ဘာလအတွင်းကျင်းပနိုင်ရန် စီစဥ်လျက်ရှိကြောင်းသိရပြီး မွန်ယဥ်ကျေးမှုအထိန်းအမှတ်ပြပွဲနှင့် ပြိုင်ပွဲများကို ရန်ကုန်မြို့ရှိ မွန်မိသားစုများသာမက ဒေသအသီးသီးက မွန်လူမျိုးများအား ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ဒေါက်တာမင်းခင်စိန်က “မဂ္ဂဇင်း၊ အထိမ်းအမှတ်စာစောင်တွေ ပြက္ခဒိန်ထုတ်မယ် အဲဒါတစ်ကဏ္ဍ၊ ယဉ်ကျေးမှုအပိုင်းမှာ အကတွေပါမှာပေါ့၊ တစ်ခုထူးခြားတာက မွန်ခေတ်ဟောင်းနှစ်ပါးသွား စမွားဒွက်ပြိုင်ပွဲရှိပါတယ်၊ အဲဒါကိုဖြစ်မြောက်အောင်လုပ်သွားမယ် နောက်တစ်ခု သုတေသနစာတမ်းဖတ်ပွဲလည်း ပါရှိမယ်၊ လောလောဆယ် ဒီကဏ္ဍသုံးခုကို အဓိကထားတာပေါ့၊ ဒီတန နွေနေ့မှာအစည်းအဝေးပြန်ထိုင်ပြီးရင် ရှေ့မှာ ဘာအစီအစဉ်တွေ ထပ်လုပ်ဦးမလဲဆိုတာ သိရမှာပါ”ဟု ဆိုသည်။

ရန်ကုန်မြို့ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီကို ရွှေတိဂုံဘုရားလမ်း တောင်ဘက်မုခ်အနီးရှိ မွန်ပိဋကတ်တိုက်၌ ၁၉၇၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဥက္ကဌ နိုင်ထွန်းရွှေ၊ အတွင်းရေးမှူး နိုင်မောင်တိုး ဖြစ်ကြောင်း မှတ်တမ်းအရ သိရသည်။

ရန်ကုန် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌဟောင်း နိုင်စိုးအောင်က “ ဖွဲ့စည်းလာတဲ့ အနှစ် ၅၀ သက်တမ်းတစ်လျှောက်မှာဆိုရင် မွန်လူမျိုးတွေရဲ့စိတ်တိုင်းကျ လှုပ်ရှားခဲ့တယ်၊ တစ်ခေတ်တစ်ခါက မဂ္ဂဇင်းစာအုပ်တွေ ထုတ်ဝေရာမှာရော မွန်ဖတ်စာအုပ် ကျောက်စာသင်တန်းတွေရော ပါဝင်ဦးဆောင်ခဲ့ရတာ အရမ်းကိုဂုဏ်ယူမိတယ်၊ မွန်စာပေနှင့် ယဉ်ကျေးမှုအသင်းက ဒီနှစ် ၅၀ အတွင်းမှာ မွန်လူမျိုးအတွက် အရမ်းကိုအထောက်အကူဖြစ်ခဲ့တယ်” ဟု ဆိုသည်။

အလားတူ အနှစ် ၅၀ ပြည့် မွန်အမျိုးသားဝတ်စုံ ရွှေရတုသဘင်အထိန်းအမှတ်ကိုလည်း ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့က မော်လမြိုင်မြို့ ဆန်းရှိုင်းဟော်တယ်တွင် ကျင်းပခဲ့ပြီးဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts