HomeCovid 19မွန်ပြည်နယ်တွင် တစ်ရက်တည်း ကိုဗစ်ပိုးတွေ့လူနာ ၉၀ ကျော်တွေ့ရှိ

မွန်ပြည်နယ်တွင် တစ်ရက်တည်း ကိုဗစ်ပိုးတွေ့လူနာ ၉၀ ကျော်တွေ့ရှိ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဖေဖော်ဝါရီ ၁၁)

မွန်ပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ တစ်ရက်တည်း ကိုဗစ် ၁၉ ပိုးတွေ့လူနာသစ် ၉၀ ကျော်အထိ မြင့်တက်လာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ချောင်းဆုံမြို့နယ်၊ ကမာမိုကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်းခွဲတွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဆရာမ ၅ ဦး အပါအဝင် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၅၁ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း လူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။

“ဆရာမနဲ့ ကျောင်းသားတွေမှာ ပိုးတွေ့တာပါ။ လက်ရှိမှာတော့ ကိုဗစ်ရောဂါပိုးတွေ့ရှိသူတွေကို ကမာမိုကျေးရွာက မူကြိုကျောင်းမှာ ထားတယ်။ အားလုံးကျန်းမာရေးကောင်းကြပါတယ်”ဟု ၎င်းက ပြောသည်။

ရောဂါပိုးတွေ့ရှိခဲ့သည့် အတန်းများ ပိတ်ထားသော်လည်း အခြားသော အတန်းများကို ပိတ်မထားပဲ စာဆက်သင်နေကြောင်း သိရသည်။

အလားတူ မုဒုံမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကိုဗစ် ၁၉ အတည်ပြုလူနာသစ် ၂၁ ဦးတွေ့ရှိခဲ့ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ပိုးတွေ့ရှိသူ အမျိုးသား ၉  ဦးနှင့် အမျိုးသမီး ၁၂ ဦးကို မုဒုံမြို့နယ် ပြည်သူ့ဆေးရုံ၊ ကမာဝက်တိုက်နယ်ဆေးရုံ၊ မိုးကုတ်စင်တာနှင့် နေအိမ်ကွာရန်တင်း အသီးသီးထားရှိကြောင်း မြို့နယ်ကျန်းမာရေးမှူးကဆိုသည်။

မုဒုံဆေးရုံမှ ရောဂါပိုးပြန်လည်ပျောက်ကင်းသွားသူ အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၂၅ ဦးကို ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် ချောင်းဆုံမြို့တွင် ၅၁ ဦး၊ မုဒုံမြို့နယ်တွင် ၂၁ ဦး၊ သံဖြူဇရပ်တွင် ၇ ဦး၊မော်လမြိုင်တွင် ၆ ဦး၊ ကျိုက်မရောတွင် ၄ ဦး၊ ရေးမြို့နယ်တွင် ၂ ဦး၊ ပေါင်နှင့် ချောင်းဆုံမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာသစ် တစ်ဦးစီ အသီးသီးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁၀ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁၃၀၇) ဦးတွေ့ရှိခဲ့ရပြီး ပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၅.၃၈)ရာခိုင်နှုန်းရှိကြောင်း နစက‌ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

Caption: မော်လမြိုင်ပြည်သူ့ဆေးရုံကြီး (Isolation Ward-3)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts