HomeCovid 19ရေးမြို့နယ်တွင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ဖွင့်လှစ်တော့မည်

ရေးမြို့နယ်တွင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ဖွင့်လှစ်တော့မည်

-

မွန်သတင်းအေဂျင်စီ (၇ ဇူလိုင် ၂၀၂၁)

ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မကြာမီရက်ပိုင်းအတွင်း  စစ်ဆေးရေးဂိတ်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။

ရေးမြို့နယ်အတွင်းသို့ ဖြတ်သန်းသွားလာဝင်ရောက်သည့် ယာဉ်နှင့် လူများအား ခရီးသွားမှတ်တမ်းရယူခြင်း၊ ကိုဗစ်ပိုးရှိမရှိ RTD kit ဖြင့်စစ်ဆေးခြင်းများ ပြုလုပ်နိုင်ရန်အတွက် မော်လမြိုင်-ရေး-ထားဝယ် လမ်းမကြီးတစ်နေရာတွင် ဂိတ်တစ်နေရာပြုလုပ်၍ စစ်ဆေးရန် ရည်ရွယ်ထားကြောင်း ရေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက ဆိုသည်။

“အခုက စီစဉ်နေဆဲပဲရှိသေးတယ်ဆိုတော ထွေထွေထူးထူးဆုံးဖြတ်ထားတာတော့ မရှိသေးပါဘူး။ အဖွဲ့အစည်းစုံ လူပေါင်းစုံနဲ့ တိုင်ပင်နေရတော့ နည်းနည်းတော့အခက်အခဲလေးတွေရှိတယ်၊ အဓိကက ကူးစက်မှုတွေလည်း ဆက်တိုက်ရှိနေတော့ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့ အတူကြိုးစားနေကြတယ်” ဟု ဦးကိုကိုဦးက ပြောသည်။

ရေးမြို့နယ်တွင် ယနေ့နံနက်ပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၃၅ ဦးရှိရာမှ မော်လမြိုင်ဆေးရုံကြီးသို့ ၉ ဦးပို့ဆောင်ထားပြီး ကျန်ရှိနေသူများကို ရေးမြို့ CBFQ Center နှင့် ရေးဆေးရုံကြီးတွင် ကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။

ထို့အပြင် ကိုဗစ်ကူးစက်မှု မြင့်တက်နေခြင်းကြောင့် ရေးမြို့နယ် အံဒင်ကျေးရွာရှိ မွန်အမျိုးသားအထက်တန်းကျောင်း ဘော်ဒါဆောင်နေထိုင်သည့် ကျောင်းသားများကို Stay at Home သတ်မှတ်၍ သီးသန့် သင်ကြားပေးပြီး ရပ်ရွာအတွင်းနေထိုင်သည့် ကျောင်းသားများအနေဖြင့် မိမိနေအိမ်အသီးသီးတို့တွင် Home Based Learning သင်ယူမှုပြုလုပ်ထားကြောင်း မွန်အမျိုးသားပညာရေးကော်မတီမှ သိရသည်။

မွန်အမျိုးသားပညာရေးကော်မတီ MNEC အဖွဲ့ ဆရာမင်းဇေက “အံဒင်အထကမှာက ဘော်ဒါဆောင်ကျောင်းလည်းဖြစ်နေတော့ အပြင်လုံးဝထွက်ခွင့်မပေးပါဘူး၊ စာသင်ကျောင်းတချို့ ခေတ္တပိတ်ထားရတာမျိုးရှိရင်လည်း ခလေးတွေရဲ့ပညာသင်ကြားရေး ပိတ်မသွားစေဖို့ ကျောင်းသားမိဘတွေနဲ့ ဆရာတွေကို တိုက်တွန်းလိုပါတယ်၊ အိမ်ကနေ သင်ကြားပေးနိုင်တဲ့ Home Based Learning စနစ်မျိုးကိုလည်း သင်တန်းပေးထားပါတယ်” ဟု ဆိုသည်။   

မွန်ပြည်နယ်တစ်ခုလုံးအနေဖြင့် ဇွန်လ ၆ ရက် အထိ ကိုဗစ်ကူးစက်သူ ၁၁၀၀ ကျော် နှင့် ယနေ့နေ့လည်ပိုင်းအထိ သေဆုံးသူ ၃၆ ဦးအထိရှိပြီး မော်လမြိုင် ၁၀ မြို့နယ်ဆောင်တွင် အနံ့ပျောက် လာရောက်စစ်ဆေးသူများ၏ ၈၀ ရာခိုင်နှုန်းခန့်တွင် ကိုဗစ် positive တွေ့ရှိနေကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ် မော်လမြိုင်၊ သထုံနှင့် သံဖြူဇရပ်မြို့နယ်တို့ကို Stay at home အဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက MRTV မှတဆင့် ယနေ့ညပိုင်းသတင်း၌ကြေညာခဲ့ပြီး မနက်ဖန်နံနက်စောစော (၄) နာရီအချိန်တွင် စတင်မည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts