Homeသတင်းအစင်ကျေးရွာ လူငယ် ၄ ဦးထံမှ မူးယစ်ဆေးဝါး ၁၅၀ ပြား ဖမ်းဆီးရမိ

အစင်ကျေးရွာ လူငယ် ၄ ဦးထံမှ မူးယစ်ဆေးဝါး ၁၅၀ ပြား ဖမ်းဆီးရမိ

-

မွန်သတင်းအေဂျင်စီ (ရေး၊ ၁၈ ဒီဇင်ဘာ ၂၀၂၀)

ရေးမြို့နယ် အဇင်ကျေးရွာ ဓမင်းကုန်းရပ်ကွက် ကွမ်းခြံအတွင်းရှိ တဲတစ်ခုတွင် ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းအချိန်က လူငယ်(၄)ဦးထံမှ မူးယစ်ဆေးဝါး ၁၅၀ ပြား ဖမ်းဆီးရမိခဲ့သည်ဟု ရေးမြို့မရဲစခန်းထံမှ သိရသည်။

မူးယစ်ဆေးဝါးသတင်းအရ အဇင်ကျေးရွာ၊ ဓမင်းကုန်းရပ်ကွက် နယ်မြေ(၁၀)နေ အောင်ဇော်ဝင်း(၃၂)နှစ်၏ ကွမ်းသီးခြံသို့ မူးယစ်တပ်ဖွဲ့စု(ရေး)မှတပ်ဖွဲ့နှင့် ရေးမြို့မရဲတပ်ဖွဲ့တို့ ဝရမ်းဖြင့်ဝင်ရောက်ရှာဖွေရာ အောင်ဇော်ဝင်းနှင့်အတူ ဘိုဘိုအောင် (၁၇)နှစ်၊ ဇာနည်အောင်(ခ)နှာပစ်(၃၄)နှစ်၊ ရေးမြို့ အဏ္ဏဝါရပ်ကွက်နေ ထက်ပိုင်စိုး(ခ)အောင်ခိုင်(၂၅)နှစ်တို့ (၄)ဦးကို မူးယစ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

“မူးယစ်တပ်ဖွဲ့စု(ရေး)က သတင်းရပြီး ဝင်ဖမ်းတာပါ၊ကျနော်စခန်းက ပူးပေါင်းပါဝင်ပေါ့၊ မူးယစ်ဆေးပြား ၁၅၀ နဲ့ICE ၅ ဂရမ်လောက်ကို လူ(၄)ယောက်နဲ့မိတယ်၊ အမှုဖွင့်အရေးယူထားပါတယ်”ဟု ရေးမြို့မရဲစခန်းမှစခန်းမှူး ဒုရဲမှူးဝင်းမြင့်က ပြောသည်။

အောင်ဇော်ဝင်းထံမှ Rစာတန်းပါလိမ္မော်ရောင်စိတ်ကြွရူးသွပ် ဆေးပြား(၅၀)ပြား ၎င်းတို့(၄)ဦးမျက်နှာချင်းဆိုင်အလယ်မှ ခြင်ဆေးဗူးအတွင်းမှ WYစာတန်းပါလိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၀၀)ပြားနှင့် ICE ဟု ယူဆရသည့်အဖြူရောင်ပုံဆောင်ခဲ(၅)ဂရမ်ခန့်ကို ရှာဖွေဖမ်းဆီးသိမ်းဆည်းခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

၎င်းတို့(၄)ဦးအပေါ်  ရေးမြို့မရဲစခန်းက မယ(ပ) ၆၃/၂၀၂၀၊ မူး/စိတ်ပြောင်းပုဒ်မ-၁၉ (က)/၂၁ဖြင့် အမှုဖွင့်လှစ်ပြီးအရေးယူထားရှိသည်ဟု ဆိုသည်။

 “ဖမ်းတာကောင်းတယ်၊ နည်းသေးတယ် များများဖမ်းပေးပါ၊ ဒီမူးယစ်ဆေးက နေရာတိုင်းမှာပျံနှံ့နေတာပဲ၊ ရွာထဲကကလေးတွေလည်း အရမ်းပျက်စီးနေကြပြီး၊ သုံးစွဲသူတွေထက် အခုလိုရောင်းချသူတွေကို များများဖမ်းပေးဖို့ကလေးမိဘတွေကိုယ်စား ပြောချင်ပါတယ်”ဟု အမည်မဖော်လိုသော အစင်သားတစ်ဦးက ပြောသည်။

လက်ရှိ ၂၀၂၀ ခုနှစ်အတွင်း ရေးမြို့နယ်၌ မူးယစ်အမှုပေါင်း (၁၂၂)မှု ဖမ်းဆီးရမိသော်လည်း တဆင့်ခံရောင်းချနေသူများနှင့် သုံးစွဲသူများသာဖြစ်ကြောင်း စုံစမ်းတွေ့ရှိရသည်။ 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts