Homeသတင်းမွန်ပြည်နယ်အစိုးရကျောင်းများတွင် နေ့စားလပေးတိုင်းရင်းသားကျောင်း ဆရာ/မ လေးရာနီးပါးထပ်မံခန့်အပ်

မွန်ပြည်နယ်အစိုးရကျောင်းများတွင် နေ့စားလပေးတိုင်းရင်းသားကျောင်း ဆရာ/မ လေးရာနီးပါးထပ်မံခန့်အပ်

-

မင်းသူရိန်(မော်လမြိုင်၊ စက်တင်ဘာ ၁၈)

မွန်ပြည်နယ်အစိုးရကျောင်းများတွင် မွန်၊ ကရင်နှင့် ပအိုဝ့်တိုင်းရင်းသား ကျောင်းဆရာ/မ လေးရာဦးနီးပါး ယခုလဆန်းပိုင်းအတွင်း ထပ်မံခန့်အပ်ခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က ပြောသည်။

အဆိုပါကျောင်းဆရာများတွင် မွန်ဘာသာ ၂၃၂ ဦး၊ ကရင်ဘာသာ ၁၄၅ ဦးနှင့် ပအိုဝ့်ဘာသာ ၂၁ ဦး စုစုပေါင်း ကျောင်းဆရာ/မ ၃၉၈ ဦး ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

“တိုင်းရင်းသားဘာသာကို ကျောင်းတိုင်းမှာလည်း မသင်ရသေးဘူး။ ဒီနှစ်ကျမှ ဒေသသင်ရိုးချပြီး သင်မှာဆိုတော့ တစ်ချို့ကျောင်းတွေက စာသင်ချိန်မှာ ထည့်သွင်းရေးဆွဲပြီး သင်တဲ့ကျောင်းက သင်နေပြီ”ဟု စောအောင်မြင့်ခိုင်က ဆိုသည်။

မွန်၊ ကရင်နှင့် ပအိုဝ့် ဘာသာစကားသင်ကြားမှုများ၏ ၉၀ ရာခိုင်နှုန်းသည် တိုင်းရင်းသားကျေးရွာများရှိ အစိုးရစာသင်ကျောင်းများတွင်သာဖြစ်ပြီး မြို့ပေါ်ကျောင်းများတွင် အားနည်းနေသေးကြောင်း ၎င်းက ဆက်ပြောသည်။

နေ့စားလပေးတိုင်းရင်းသားကျောင်းဆရာများအတွက် ပညာရေးဝန်ကြီးဋ္ဌာန သတ်မှတ်ထားသည့်နှူန်းထားမှာ လစာ ၇ သောင်းကျပ်ဖြစ်ပြီး အစိုးရဝန်ထမ်းကျောင်းဆရာများအတိုင်း အချိန်ပြည့် သင်ကြားရမည်ဖြစ်သည်။

မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးအရေးဆိုင်ရာကော်မတီအဖွဲ့ဝင် နိုင်မွန်ရာဇာက “နေ့စားလပေးမှာမပါရှိသေးတဲ့ တိုင်းရင်းသားဘာသင်ပေးနေတဲ့ဆရာ/မတွေအတွက် ပြည်ထောင်စုတိုင်းရင်းသားဝန်ကြီးဌာနက အရင်ကပုံစံအတိုင်း အချိန်ပိုင်းနဲ့ပဲ ဆက်သင်၊ ထောက်ပံ့ကြေးကိုလည်း အရင်အတိုင်း တစ်လငွေကျပ် ၃ သောင်း ဆက်ထောက်ပံ့မယ်” ဟု ပြောသည်။

မွန်ပြည်နယ်ရှိ အစိုးရကျောင်းများတွင် တိုင်းရင်းသားဘာသာသင်ကြားပေးနေသော ဆရာ/မ များတွင် မွန်ဘာသာသင် (၅၆၈) ဦး၊ စကောကရင်ဘာသာသင် (၃၇၁) ဦး၊ အရှေ့ပိုးကရင်ဘာသာသင် (၁၁၃) ဦး၊ ပအိုဝ်းဘာသာသင် (၆၆) ဦး၊ တိုင်းရင်းသားဘာသာသင် ကျောင်းသား/သူများတွင် မွန် (၂၃,၀၅၀) ဦး၊ စကောကရင် (၁၂,၄၆၀) ဦး၊ အရှေ့ပိုးကရင် (၄၇၇၃) ဦး၊ ပအိုဝ်း (၂၁၅၆) ဦး ရှိကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် မွန်နှင့် ကရင် တိုင်းရင်းသား စာပေသင်ကြားနေသည့် မြို့နယ် ၈ မြို့နယ်၊ ပအိုဝ်းစာပေသင်ကြားနေသည့် မြို့နယ် ၄ မြို့နယ်ရှိပြီး မွန်စာပေသင် ၂၇၀ ကျောင်း၊ ကရင်စာပေသင် ၂၇၃ ကျောင်း၊ ပအိုဝ်းစာသင် ၃၀ ကျောင်းရှိသည်ဟု ပြည်နယ်ပညာရေးမှူးရုံးစာရင်းအရ သိရသည်။

Photo-တိုင်းရင်းသား ပုံပြ/ပုံပြင်စာအုပ်ပေးအပ်ပွဲအခမ်းအနား(Nai Mon Ral Jal)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts