Homeငြိမ်းချမ်းရေးနော်အုန်းလှနှင့် ကရင်လူငယ်နှစ်ဦးတို့အား အမြန်ဆုံးခြွင်းချက်မရှိလွှတ်ပေးရန် တောင်းဆို

နော်အုန်းလှနှင့် ကရင်လူငယ်နှစ်ဦးတို့အား အမြန်ဆုံးခြွင်းချက်မရှိလွှတ်ပေးရန် တောင်းဆို

-

မွန်သတင်းအေဂျင်စီ(စက်တင်ဘာ ၁၇)

ယခင်အတိတ်သမိုင်းဟောင်းကဲ့သို့ ဖြစ်ရပ်များ ထပ်မံမပေါ်ပေါက်စေရေးအတွက် မြန်မာအစိုးရတရားစွဲဆိုထားသော နော်အုန်းလှနှင့် ကရင်လူငယ်နှစ်ဦးတို့အား အမြန်ဆုံးခြွင်းချက်မရှိလွှတ်ပေးရန် KNU Concerned Group က စက်တင်ဘာ ၁၆ ရက်နေ့စွဲဖြင့် သဘောထားကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။

KNU Concerned Group ခေါင်းဆောင် နော်စီဖိုးရာစိန်က “ကရင့်အာဇာနည်နေ့ဆိုတာ ကျမတို့ KNU ရဲ့နေ့ထူးနေ့မြတ်တစ်ခုထဲမဟုတ်ဘူး၊ ကရင်တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ နေ့ထူးနေ့မြတ်ဖြစ်တယ်ဆိုတာ ကျမတို့ကရင်လူမျိုးတွေက လက်ခံထားတယ်၊ ဒီလိုဦးဆောင်ကျင်းပတဲ့အပေါ်မှာ သူတို့အဖမ်းခံလိုက်ရတာဟာ ကျမတို့အမျိုးသားကိစ္စတွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုဖြစ်ရပါတယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။ 

ရန်ကုန်မြို့တော်ခန်းမနှင့်မဟာဗန္ဓုလပန်းခြံအရှေ့တွင် ၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို သြဂုတ်လ ၁၂ ရက်နေ့က ဦးဆောင်ကျင်းပသူ နော်အုန်းလှ၊ ကရင်လူငယ် စသိန်းဇော်မင်းနှင့် စောလဘွယ်ချိုတို့အား ငြိမ်းစုစီဥပဒေပုဒ်မ ၂ဝ ဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ပြီး ကျောက်တံတားမြို့နယ် တရားရုံး၌ ယနေ့တွင် အမှုစတင်စစ်ဆေးနေပြီ ဖြစ်သည်။

“ကျမတို့ကရင်အမျိုးသားတွေဟာ ငြိမ်းချမ်းရေးကိုလိုလားတဲ့လူမျိုးဖြစ်တယ်၊ အေးအေးချမ်းချမ်းပဲ နေချင်ကြတယ်၊ ကျမတို့တောင်းဆိုချင်တာကတော့ ကရင့်အာဇာနည်နေ့ကျင်းပတာဟာ တရားစွဲနိုင်လောက်တဲ့ အပြစ်မရှိတဲ့အတွက် သူတို့ကိုလွှတ်ပေးဖို့ တောင်းဆိုတယ်” ဟု နော်စီဖိုးရာစိန်က ဆက်ပြောသည်။

အလားတူ (၆၉) နှစ်မြောက် ကရင်အာဇာနည်နေ့ ကျင်းပပြုလုပ်ခဲ့မှုကြောင့် ဖမ်းဆီးခံထားရသည့် KWU ကရင်အမျိုးသမီးအစည်းအရုံး ဥက္ကဌ နော်အုန်းလှနှင့် ကရင်လူငယ်နှစ်ဦးတို့အား ခြင်းချက်မရှိ ပြန်လည်ရုတ်သိမ်းပေးရန် တောင်းဆိုကြောင်း KNU ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ်က စက်တင်ဘာ ၁၆ နေ့စွဲဖြင့် သဘောထားထုတ်ပြန်ခဲ့သည်။

Photo-တရားစွဲဆိုခံထားရသော နော်အုန်းလှနှင့် ကရင်လူငယ်နှစ်ဦး(Min Nay Htoo)

ကရင်တစ်မျိုးသားလုံးမှ လက်ခံအသိအမှတ်ပြုသည့် ကရင့်အမျိုးသား အာဇာနည်နေ့ဖြစ်ပြီး ကရင့်သမိုင်းတလျောက် သားစဉ်မျိုးဆက်အခမ်းအနားများကို ကျင်းပကာ “တိုင်းရင်းသားလူမျိုးများ၏ မတူကွဲပြားသော နောက်ခံသမိုင်း၊ ရိုးရာ ယဉ်ကျေးမှု စာပေ၊ ဘာသာစကားနှင့် အမျိုးသားလက္ခဏာများကို အသိအမှတ်ပြု၍ ပြည်ထောင်စုလက္ခဏာတစ်ရပ်ကို နိုင်ငံသားအားလုံး စုပေါင်းဖော်ဆောင်ရန်” ဆိုသည့်သဘောတူညီချက်အရ နှစ်စဉ်ကျင်းပပြုလုပ်ရမည်ဖြစ်ကြောင်း KNU က ဆိုသည်။   

ထို့အတူ နော်အုန်းလှအား ဖမ်းဆီးခြင်းသည် နိုင်ငံတော်အစိုးရမှထုတ်ပြန်ထားသော တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ အခန်း(၃) အပိုဒ် ၄(ဂ) ဖြစ်သော မိမိတို့တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံအရ ဆောင်ရွက်သောအခမ်းအနားများနှင့် နေ့ထူးနေ့မြတ်များကို ကျင်းပခွင့်ရှိကြောင်း၊ သို့ဖြစ်ပါသောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ကိုယ့်တရားကိုယ်မဲ့စေသော နိုင်ငံရေးသိက္ခာမဲ့သည့်လုပ်ရပ်များကို အမြန်ဆုံးပြုပြင်ရန်လိုအပ်နေကြောင်း မိမိတို့တိုက်တွန်းလိုပြီး နော်အုန်းလှအပေါ် တရားစွဲဆိုထားမှုကို ရုတ်သိမ်းပေးရန် အရပ်ဘက်အဖွဲ့အစည်း(၂၈၀) ကျော်က စက်တင်ဘာ ၁၀ ရက်နေ့တွင် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts