spot_img
Monday, April 29, 2024
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်လိင်ပိုင်းအကြမ်းဖက်မှုနွံမှ အမျိုးသမီးတို့ရဲ့ ဘဝမလုံခြုံမှုများ

    လိင်ပိုင်းအကြမ်းဖက်မှုနွံမှ အမျိုးသမီးတို့ရဲ့ ဘဝမလုံခြုံမှုများ

    -

    ဝံသမွန်

    မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် အိမ်တွင်းအကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ ကလေးသူငယ်တွေနဲ့ မသန်စွမ်းတဲ့အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပိုမို များပြားလာခဲ့တာကို နေရာတိုင်းမှာလိုလို တွေ့မြင်နေရပါတယ်။

    အဲဒီအပေါ်မှာတော့ မုဒိမ်းမှုကျုးလွန်ခံရတဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ၊ မသန်စွမ်းအမျိုးသမီးတွေ ကတော့ စိတ်ပိုင်းရော၊ ရုပ်ပိုင်းဆိုင်ရာပါ အကြမ်းဖက်ခံရတဲ့အတွက် ကာယကံတွေရဲ့စိတ်ခံစားချက်၊ မိသားစုဝင်တွေရဲ့ ခံစားချက်တွေနဲ့ ပတ်သက်ပြီး သူတို့တွေရဲ့ ဂုဏ်သိက္ခာနဲ့ လုံခြုံမှုအတွက် ရေးသားဖော်ပြမှုတွေ သိပ်မရှိကြပါဘူး။

    ဒါတွေဟာ ဘာကြောင့်ဒီလိုမျိုးများပြားလာခဲ့သလဲ၊ မုဒိမ်းမှုတွေနဲ့ပတ်သက်ပြီး အရေးယူမှုတွေ အားနည်းနေတာကြောင့်လားဆိုတာကို လူမှုပတ်ဝန်းကျင်မှာ ဒွိဟဖြစ်စေခဲ့ပါတယ်။

    အဲဒီလိုလိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့် အကြမ်းဖက်ခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးရဲ့ရင်တွင်းခံစားချက်ကို ဘေးလူ တစ်ဦးအနေနဲ့သာမာန်အဖြစ်အပျက်လို့သာခံစားရပေမယ့် တကယ့် စိတ်ခံစားချက်၊ ကိုယ်ချင်းစာစိတ်လေးနဲ့ ပြန်လည်ခံစားကြည့်မှသာ နာကျင်ခံစားနေရတဲ့ ကာယကံရှင်ကို ကိုယ်ချင်းစာနာ နိုင်မှာဖြစ်ပါတယ်။

    လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကြောင့် ပန်းကောင်းအညွန့်ချိုးခံခဲ့ရဲ့တဲ့ အမျိုးသမီးငယ်လေးတွေလည်း လူမှုပတ်ဝန်းကျင်မှာအများအပြားတွေ့နေရပြီး အချို့တွေက ဖုံးဖိထားတာတွေရှိသလို၊ အချို့တွေက အမှန်တရားကိုဖော်ထုတ်ကြတဲ့သူတွေလည်းအများကြီးရှိပါတယ်။

    လက်ရှိအချိန်မှာ မုဒိမ်းကျင့်ခံရတဲ့အမျိုးသမီးတွေကို မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ စံပြလူထု အခြေပြု ဖွံ့ဖြိုးရေးအဖွဲ့မှဖွင့်ထားတဲ့ အကြမ်းဖက်ခံအမျိုးသမီးများကူညီစောင့်ရှောက်ရေးဂေဟာတစ်ခု ဖွင့်လှစ်ထားတာရှိသလို၊ အကြမ်းဖက်ခံအမျိုးသမီးတွေအတွက် Norad အဖွဲ့ရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ Care Myanmar အဖွဲ့မှအကောင်အထည်ဖော်ဆောင်ရွက်ထားတဲ့ “အမျိုးသမီးများအတွက် လုံခြုံစိတ်ချရသော နားခိုရာ” ဆိုတဲ့ဂေဟာလေးတစ်ခုကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၁ ရက်နေ့က မော်လမြိုင်မြို့ လူမှုဝန်ထမ်းဦးစီးဌာနမှာ ဖွင့်လှစ်ထားတာလည်းရှိပါတယ်။

    လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ တရားရင်ဆိုင်စဉ်ကာလမှာ သူတို့တွေရဲ့ လုံခြုံရေးဟာ အရေးကြီးတဲ့အတွက်သူတို့တွေအတွက် ခေတ္တခိုလှုံရာအဖြစ် ထိုဂေဟာကို ဖွင့်လှစ်ထားခြင်းဖြစ်ပြီး၊ တရားရင်ဆိုင်တဲ့အခါမှာလည်း လိုက်ပါကူညီ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ မွန်ပြည်နယ်လုံးဆိုင်ရာ အမျိုးသမီးနဲ့ကလေးသူငယ်များ စွမ်းရည်မြှင့်တင်ရေး ရှေ့ဆောင်အဖွဲ့မှ ဆရာမဒေါ်ခင်သန်းထွေးမှ သိရပါတယ်။

    “အများအားဖြင့် မုဒိမ်းကျင့်ခံရတဲ့သူတွေရယ်၊ ဆင်းရဲနွမ်းပါးတဲ့သူတွေ၊ ဉာဏ်ရည်မမီတဲ့ အမျိုးသမီးတွေလည်း လာရောက်ခိုလှုံတာများပါတယ်၊ ရည်ရွယ်ချက်ကတော့ မုဒိမ်းမှုဖြစ်နေတဲ့ကလေးမလေးတွေ တရားရင်ဆိုင်စဉ်အချိန်အတွင်းမှာ သူတို့တွေရဲ့ လုံခြုံရေးကလည်း အရေးကြီးတယ်လေ၊ နောက်တစ်ဖက်ကတော့တရား လမ်းကြောင်း ပေါ်မရောက်အောင် နည်းမျိုးစုံနဲ့ ဟန့်တားနေတာတွေပပျောက်အောင်ပေါ့” လို့သူမကဆိုပါတယ်။

    မွန်ပြည်နယ်အတွင်း အမျိုးသမီးနဲ့ကလေးတွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဆိုင်ရာ ဥပဒေရေးရာ ဝန်ဆောင်မှု အတွေ့အကြုံပိုင်းတွေနဲ့ပတ်သက်ပြီး Her Justice In Mon State ဆိုတဲ့ အစီရင်ခံစာ တစ်ခုကိုပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မတ်လက စံပြလူထုအခြေပြု ဖွံ့ဖြိုးရေးအဖွဲ့က ထုတ်ဝေလိုက်ပါတယ်။

    မွန်ပြည်နယ်မှာရှိတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအပေါ် ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ ကြီးမားတဲ့ ပြဿနာတစ်ခုဖြစ်နေတာကို သက်ဆိုင်ရာအစိုးရတွေနဲ့ ပြည်သူလူထုတွေ သိရှိစေဖို့အတွက် ဥပဒေရေးရာဝန်ဆောင်မှုအတွေ့အကြုံပိုင်းဆိုင်ရာ အစီရင်ခံစာကို စံပြလူထုအခြေပြု ဖွံ့ဖြိုးရေးအဖွဲ့က ထုတ်ဝေလိုက်ပါတယ်။

    တရားစီရင်ရေးကဏ္ဍမှာ အကျင့်ပျက်ခြစားမှုတွေနဲ့ ဘက်လိုက်နေတာကို တင်းကြပ်စွာ အရေးယူနိုင်မယ်ဆိုရင် အများပြည်သူမျှော်လင့်နေတဲ့ တရားဥပဒေစိုးမိုးရေးကို ရရှိလာနိုင်မယ်လို့ စံပြလူထုအခြေပြု ဖွံ့ဖြိုးရေးအဖွဲ့မှ အမျိုးသမီးနဲ့ကလေးစောင့်ရှောက်ရေး ပရိုကရမ်ဒါရိုက်တာက မိချယ်ရီစိုးက ပြောပါတယ်။
    “ဒီအမှုတွေကို အဓိကအစိုးရရဲ့ ကွပ်ကဲမှုတွေအများကြီးလိုတယ်၊ ရာဇဝတ်မှုလည်းဖြစ်နေတယ်၊ ပြစ်ဒဏ်ပေး ရာမှာထိရောက်မှုမရှိဘူး တင်းကြပ်စွာအရေးယူမှုမရှိတဲ့အတွက် ဒီအမှုတွေက ဖြစ်များလာတယ်”

    မွန်ပြည်နယ်အတွင်း လိင်အကြမ်းဖက်မှုပေါင်း (၈၀) ကျော်မှာ၊ အမှု ၂၀ ကိုရုံးချိန်းမှာ လိုက်ပါကူညီပေးခဲ့ပြီး ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် မတ်လက မွန်ပြည်နယ် စံပြလူထုအခြေပြု ဖွံ့ဖြိုးရေးအဖွဲ့မှ ထုတ်ဝေထားတဲ့အစီရင်ခံစာမှာ ရေးသားဖော်ပြထားတာကိုတွေ့ရပါတယ်။

    မွန်ပြည်နယ်မှာ မုဒိမ်းမှုများပြားလာတဲ့အထဲမှာ သက်ငယ်မုဒိမ်းမှုက ထက်ဝက်ကျော်ရှိတယ်လို့ စံပြလူထုအခြေပြုဖွံ့ဖြိုးရေးအဖွဲ့ အစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။

    “မုဒိမ်းပြုကျင့်ခံရတဲ့အထဲမှာ ထက်ဝက်ကတော့ သက်ငယ်မုဒိမ်းဖြစ်တာပေါ့နော် ငယ်တယ်ဆိုတာမှ အသက် ၃ နှစ်ကလေးတွေအထိ မုဒိမ်းကျင့်ခံရတာရှိတယ်၊ ၁၂ နှစ်အရွယ်နဲ့ ကလေးမွေးရတဲ့ အထိလည်း ရှိခဲ့တယ်” လို့ မိချယ်ရီစိုးက ပြောပါတယ်။

    မွန်ပြည်နယ်အတွင်း မုဒိမ်းမှုစုစုပေါင်း ၈၀ ကျော်ကိုင်တွယ်ဖြေရှင်းခဲ့တဲ့အထဲမှာ အသက် ၈ နှစ်မှ ၁၂ အထက်ကကလေးတွေ ထက်ဝက်လောက်ပါရှိနေသလို၊ တရားရင်ဆိုင်တဲ့အခါမှာလည်း ခြိမ်းခြောက်မှုတွေရှိနေတဲ့အတွက် ကာယကံရှင်တွေရဲ့ လုံခြုံမှုကလည်း အရေးကြီးတယ်လို့ သူမက ဆိုပါတယ်။

    မုဒိမ်းမှုနဲ့ပတ်သက်တဲ့ တရားလိုသက်သေက ကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် အကြမ်းဖက်ခံရတဲ့ သူကိုယ်တိုင်ဖြစ်နေတဲ့အတွက် တရားစွဲဆိုရာမှာ ခြိမ်းခြောက်မှုရှိနေတဲ့အတွက် တစ်ချို့ကာယကံရှင် တွေကကြောက်နေကြတာရှိသလို၊ တစ်ချို့က တရားရင်ဆိုင်ခြင်းမပြုပဲ ငွေကြေးနဲ့ဖြေရှင်းလိုက်တဲ့သူ တွေလည်းရှိပါသေးတယ်။

    ထိုသို့လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရပေမယ့် ဖုံးကွယ်ထားခြင်းမရှိဘဲ အမှန်တရားကို လိုလားပြီး တရားရင်ဆိုင်ကာ ဘဝအရှုံးမပေးတဲ့ အမျိုးသမီးတွေရှိပေမယ့်လည်း ရှေ့ဆက်ထိုအမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှုဟာလည်း အရေးကြီးသလို၊ စိတ်ပိုင်းဆိုင်ရာပြန်လည်ကုစားမှုလည်း အလွန်အရေးပါ လှပါတယ်။
    အကြမ်းဖက်မှုနွံနစ်နေတဲ့ အမျိုးသမီးတွေရဲ့ဘဝကို ကယ်တင်ပြီးသူတို့ရဲ့ အနာဂတ်ဘဝလုံခြုံမှုရှိအောင် အဘက်ဘက်မှဝိုင်းဝန်းကူညီ၊ ဖေးမဖို့လိုအပ်ပါသေးတယ်။
    လိင်ပိုင်းဆိုရာအကြမ်းဖက်ခံရသူတွေဟာ အများအားဖြင့်စားဝတ်နေရေးအတွက် အဓိကရုန်းကန် နေတဲ့နေရာ တွေမှာအဖြစ်များတယ်လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။

    “အများအားဖြင့် ပြစ်မှုကျူးလွန်ခံရတဲ့လူတွေက ကျေးလက်ဒေသတွေမှာရှိတဲ့လူတွေ ပညာအရည်အချင်း နိမ့်ပါးတဲ့လူတွေက ဖြစ်များတယ်၊ ဘာကြောင့်လဲဆိုတော့ စားဝတ်နေရေးအတွက် မိဘက အလုပ် ထွက်လုပ်ရတော့ အိမ်မှာ သားသမီးတွေထားခဲ့ရတဲ့အတွက်ကြောင့်အခုလို မုဒိန်းမှုတွေက ဖြစ်လာကြတယ်” လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်မြင့်ဝေက မုဒိမ်းမှုဖြစ်ပေါ်ရတဲ့အဓိကကြောင်းအရာကို ပြောပြပေးထားတာပါ။

    အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအတွက် မျက်မြင်သက်သေရှာဖွေရာမှာ ခြိမ်းခြောက်မှုရှိတဲ့အတွက် သက်သေရှာရာမှာ ခက်ခဲမှုရှိကာ တရားရုံးမှာ သက်သေထွက်ဆိုတဲ့လူတွေအတွက် လုံခြုံမှုအားနည်း နေသေးတာကိုတွေ့ရှိရပါတယ်။

    ထိုသို့ ရာဇဝတ်မှုကျူးလွန်သူတွေကို ပြစ်မှုပြစ်ဒဏ်မျှမျှတတချမှတ်ပေးပြီး လွတ်ငြိမ်းချမ်းသာခွင့်မပေးဘဲနဲ့ ထောင်ဒဏ်အပြည့်အဝချမှတ်ပေးပြီး၊ အမျိုးသမီးနဲ့ကလေးတွေကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေတစ်ခု ပြဌာန်းစေလိုကြောင်း ဒေါ်မြင့်မြင့်ဝေက သူမရဲ့အမြင်ကို ပြောပြခဲ့ပါတယ်။

    မုဒိမ်းမှုတွေလည်း ပိုမိုများပြားလာတဲ့အတွက် မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုဆုတ်ယုတ်လာသလို လိင်ပိုင်းအကြမ်းဖက်မှုနွံမှ အမျိုးသမီးတို့ရဲ့ ဘဝမလုံခြုံမှုများကလည် ဆက်လက်ကြုံတွေ့နေရဆဲပါ။



    Photo- အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်ဖက်မှုပပျောက်ရေး ပိုစတာ (Internet)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,800SubscribersSubscribe
    spot_img

    Latest posts