ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၂) ရှိ ဝမ္မသူးဆေးရုံကို စစ်ကောင်စီက ဧပြီလ ၂၅ ရက်နေ့ညက လေယာဉ်ဖြၚ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဆေးကုသနေသူ ၄ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ည ၈ နာရီအချိန်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ ဝမ္မသူးဆေးရုံကို လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး နှစ်ကြိမ် လာရောက်ဗုံးကြဲခဲ့ကြောင်း လူနာများကို ကူညီပေးနေသူတို့က ဆိုသည်။
ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဆေးကုသနေသူ ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့သွားပြီး ပြင်းထန်ဒဏ်ရာရှိသူ ၂ ဦးက ဆေးကုသနေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
“ဆေးရုံမှာက မင်းတပ်ရော အနီးနားကလူတွေရော လာကုနေကြတာပါ။ ညက ၈ နာရီလောက် ဗုံးလာကြဲတော့ ဆေးရုံက လုံးဝပျက်စီးသွားတယ်။ အဲဒီထဲက လူနာတွေကို ထုတ်တော့ အများစုက ခြေထောက်တွေ ကြေသွားတာ လက်တွေကြိုးသွားတာတွေ များတယ်။ ပြင်းပြင်းထန်ထန် ထိခိုက်ကြတာပေါ့။ နောက်ပြီး ဆေးရုံနားက ဆေးဂိုထောင်ကလည်း လုံးဝမီးလောင်သွားတယ်။ မနက်ကလဲ လေယာဉ်က လာဝဲနေတုန်းပဲ” ဟု ဝမ္မသူးဆေးရုံရှိလူနာများကို ကူညီကယ်ထုတ်ပေးနေသူတစ်ဦးက ပြောသည်။
သေဆုံးသူများအနက် ချင်းတော်လှန်ရေးရဲဘော်လည်း ပါဝင်ပြီး မည်သည့်တပ်ဖွဲ့မှ မည်သူဖြစ်ကြောင်းကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။
ဆေးရုံတိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်လာခြင်းမရှိသေးပေ။
ဝမ္မသူးဆေးရုံသည် မင်းတပ်မြို့နယ်အတွင်းရှိ ပြည်သူများ အားထားရာ အကြီးဆုံးဆေးရုံတစ်ခု ဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။
မင်းတပ်မြို့နယ်အပါအဝင် ချင်းပြည်နယ်အတွင်းရှိ ဒေသအများစုတို့တွင် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီမှ ရှုံးနိမ့်နေသာကြောင့် ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်လာခြင်းဖြစ်ကြောင်း ချင်းလူ့အခွင့်အရေးလှုပ်ရှားသူက သုံးသပ်ပြောဆိုသည်။