spot_img
Saturday, April 27, 2024
More
    spot_img
    Homeငြိမ်းချမ်းရေးအာဆီယံထိပ်သီးအစည်းအဝေး မြန်မာမတက်ရောက်သည့်အပေါ် အမြင်သဘောထားသုံးသပ်ချက်

    အာဆီယံထိပ်သီးအစည်းအဝေး မြန်မာမတက်ရောက်သည့်အပေါ် အမြင်သဘောထားသုံးသပ်ချက်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၂၉)

    ဦးဖေသန်း
    ပြည်သူ့လွှတ်တော်အမတ်ဟောင်း

    မေး။     အာဆီယံ ထိပ်သီးအစည်းအဝေး နစက မတက်ရောက်တဲ့ အပေါ်မှာ ဆရာတို့ အမြင်သဘောထား သိလိုပါတယ်။

    ဖြေ။     အဓိကတော့ နိုင်ငံတော်အစိုးရအနေနဲ့ လက်ရှိစစ်အစိုးရပေါ့ သူတို့ အစိုးရကို အသိအမှတ်ပြုမှု၊ အဲအပေါ်မှာ သူတို့က လုပ်နည်းလုပ်ထုံးနဲ့ မညီဘူးဆိုပြီးတော့ ကန့်ကွက်တာပါ။ အဓိကတော့ အစိုးရတစ်ရပ်ကို အသိအမှတ်မပြုပဲနဲ့ အာဆီယံကို တက်ခွင့်မပေးတဲ့ ဥစ္စာပေါ့။ အဲတာကြောင့် သူတို့ရဲ့  Legitimacy ပေါ့။ သူတို့ရဲ့ တရားဝင်မှုကို ထိခိုက်တယ်ပေါ့။ အဲတာနဲ့ ပတ်သက်ပြီးတော့ ဒီဘက်က မတက်ဘူးပေါ့။ ဟိုဘက်က စဉ်းစားကြည့်မယ်ဆိုရင်လည်း ဒီအာဆီယံကို ဗဟိုပြုပြီးတော့ တခြား UNတို့ US တို့ သူတို့က ဝန်းရံပေးတယ်။ ဗဟိုပြုပြီး‌တော့ လှုပ်ရှားနေတဲ့ သဘောရှိတယ်။ အာဆီယံရဲ့ ဆုံးဖြတ်ချက်တွေကို သူတို့က ပံ့ပိုးတဲ့ သဘောရှိတယ်။ ဆိုတော့ အာဆီယံကလည်း အဲလို နိုင်ငံတကာဖိအားတွေ၊ ဒေသတွင်းဖိအားတွေကြောင့် သူမှာလည်း ဒီအပေါ်မှာ နဂိုအာဆီယံ ပဋိညာဉ်ကို နောက်ချန်ထားပြီးတော့ပေါ့ သူတို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တဲ့ သဘောမျိုး တွေ့ရတယ်။ အယူအဆနှစ်ခုကြားမှာ သူတို့က နိုင်ငံတကာရဲ့ ဖိအားကို မလွန်ဆန်နိုင်တဲ့ အာဆီယံ သူတို့ရဲ့ ပဋိညာဉ်တွေကို လွဲချော်ပြီးတော့ ပဋိညာဉ်အတိုင်း မဟုတ်ဘဲ သူတစ်ပါး ပြည်တွင်းရေးကို ဝင်စွပ်ခွင့်မရှိဘူးဆိုတဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်၊ ကတိကဝတ်တွေကို သူ့အနေနဲ့ ဥပက္ခာပြုပြီးတော့ လုပ်လိုက်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။

    မေး။     နစက အနေနဲ့ အာဆီယံကနေ နှုတ်ထွက်တာမျိုး ဖြစ်လာနိုင်လား။ အာဆီယံကနေ နုတ်ထွက်ပြီး တရုတ်နဲ့ ရုရှားကိုပဲ ဆက်ဆံတဲ့ တံခါးပိတ်ဝါဒ ပြန်ကျင့်သုံးနိုင်လား။

    ဖြေ။     ဒါကတော့ အရင် အစဉ်အဆက်လည်း ဖြစ်ခဲ့တဲ့ ကိစ္စပေါ့။ ဒါပေမယ့် အခုအမြင်မှာတော့ သူ့အနေနဲ့ အဲလောက်ထိ ဆုံးဖြတ်မှာ မဟုတ်သေးဘူး။ အခု သူ့အနေနဲ့ အာဆီယံ ပဋိညာဉ်အတွင်းကပဲ သွားနေသေးတယ်။ တောင်းဆိုတာတွေ လုပ်နေသေးတယ်ပေါ့။ ပဋိညာဉ်ရဲ့ ဆုံးဖြတ်ချက် မှားယွင်းတယ်။ လွဲမှားတယ်ဆိုတဲ့ ဘက်ကိုပဲ သူက ပြောနေသေးတာပေ့ါ။ နှုတ်ထွက်မယ်ဆိုတဲ့ အပိုင်းကတော့ မရောက်သေးပါဘူး။ နှုတ်ထွက်မယ်ဆိုတဲ့ အပိုင်း ဘယ်အချိန်ရောက်လာမလဲဆိုတော့ NUG ကို ကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့် ပြုမယ်ဆိုရင်‌တော့ အဲလို အာဆီယံက နှုတ်ထွက်တဲ့ ကိစ္စတွေ ရှိလာနိုင်တယ်။ လောလောဆယ်တော့ သံခင်းတမန်ခင်းရှုံးပေမယ့် တခြား အာဆီယံနဲ့ ဆက်ဆံရေးတွေ ရှိသေးတယ်ပေါ့။ စီးပွားရေးကိစ္စအဆုံးပေါ့နော်။ အဲတာမျိုးကြတော့ သူတို့ ပြုန်းကနဲ ထွက်မှာ မဟုတ်ပါဘူး။ တရုတ်နဲ့ ရုရှားကို ဗဟိုပြုပြီး‌‌တော့ အခုလည်း ရပ်တည်နေတာပဲလေ။ အထူးသဖြင့် လုံခြုံရေးကောင်စီမှာ တရုတ်တို့ ဆိုဗီယက်ရုရှားတို့က သူ့ဘက်က ရပ်တည်နေတာတွေ ရှိတယ်။ အဲဒီအခင်းအကျင်းက‌‌တော့ ပြောင်းလဲမယ် မထင်ဘူး။ ဘာလို့လဲဆို‌တော့ သူတို့က အစဉ်အဆက်မဟာမိတ်ဖြစ်ခဲ့ကြတာကိုး။ သူတို့ နိုင်ငံရေးထွက်ပေါက်ကလည်း မရှိတော့ အဲအတိုင်းပဲ ဆက်လုပ်နေဦးမှာ ဖြစ်ပါတယ်။

    ဦးသိန်းထွန်းဦး
    အမှုဆောင်ဒါရိုက်တာ-သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

    မေး။     မြန်မာနိုင်ငံအနေနဲ့ အာဆီယံကနေ နှုတ်ထွက်နိုင်လား၊ မနှုတ်ထွက်နိုင်ဘူးလား။

    ဖြေ။     Diplomacy (သံတမန်ရေးရာ) အရ တဆင့်ချင်းသွားမယ့် သဘောရှိတယ်။ တစ်ခုရှိတာက အာဆီယံဘက်က သဘောထား ဘယ်လိုလာဦးမလဲဆိုတာ ကျနော်တို့ ပြန်ကြည့်ရဦးမှာပေါ့။ အာဆီယံဘက်က သဘောထား အရမ်းတင်းမာလာတယ်။ ခုနားပြောသလို ပဋိညာဉ်လုံးဝဖောက်ဖျက်ပြီး‌‌တော့ မြန်မာနိုင်ငံအတွက် အထူးသဖြင့် လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတစ်နိုင်ငံအတွက် စော်ကားမော်ကား လုပ်တဲ့ ကိစ္စရပ်များ ဖြစ်လာမယ်ဆိုရင်တော့ နှုတ်ထွက်တဲ့ အဆင့်ရောက်ကောင်း ရောက်လာနိုင်ပါတယ်။

    မေး။     လတ်တလော အခြေအနေအရရော နှုတ်ထွက်နိုင်ခြေရှိလား။

    ဖြေ။     လတ်တလောအခြေအနေအရတော့ ကျနော်ထင်ပါတယ်။ နိုင်ငံရေးနည်းအရ သံတမန်နည်းအရ ပြင်းပြင်းထန်ထန် ပြန်တုံ့ပြန်ထားတဲ့ အနေအထား သေချာတာက‌‌တော့ အဲတာကို အာဆီယံဘက်က ဘယ်လို သဘောထားလာဦးမလဲဆိုတာ တစ်ချက်စောင့်ကြည့်ရမယ်ထင်ပါတယ်။ လောလောဆယ်မှာ ဒါက ဘယ်လိုခေါ်မလဲဆို‌‌တော့ တစ်ဖက်က အာဆီယံပဋိညာဉ်ကို ကျော်ပြီး အလုပ်လုပ်တဲ့ အပေါ်မှာ တစ်ဖက်ကလည်း ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတစ်နိုင်အနေနဲ့ ခပ်တင်းတင်းခပ်မာမာ တုံ့ပြန်ထားတဲ့ အနေအထားလို့ပဲ သုံးသပ်တယ်။ လောလောဆယ်မှာ သံတမန်နည်းအရ တစ်ဖက်နဲ့ တစ်ဖက် အားစမ်းတဲ့ အနေအထားလို့ သုံးသပ်တယ်။ သို့သော်လည်း ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်ကို ကြည့်မယ်ဆိုရင်‌‌တော့ အာဆီယံဘက်က ဒီထက်ပိုပြီး‌တော့ ဆိုးဆိုးဝါးဝါးလုပ်လာမယ်ဆိုရင်တော့ နှုတ်ထွက်သွားနိုင်ချေရှိတယ်ဆိုတဲ့ သတင်းစကားမျိုး မှန်းဆလို့ရတာပေါ့။ လောလောဆယ်မှာတော့ ချက်ချင်း နှုတ်ထွက်မယ့် အနေအထားမတွေ့ဘူး။ ဒါပေမယ့် ခုနားပြောသလို အာဆီယံဘက်က တုံ့ပြန်မှုက ဆိုးဆိုးဝါးဝါးဖြစ်လာခဲ့ရင် ခုနားပြောသလို နှုတ်ထွက်တဲ့အဆင့်ရောက်ကောင်း ရောက်သွားနိုင်ပါတယ်။

    မေး။     အကယ်၍ နှုတ်ထွက်ခဲ့ရင် အကျိုးဆက်အနေနဲ့ ဘာတွေ ဖြစ်လာနိုင်လဲ။

    ဖြေ။     ဒါနဲ့ ပတ်သက်ပြီး တော်တော်များများ စဉ်းစားကြတာပေါ့။ ဟိုအရင်တုန်းက မြန်မာနိုင်ငံ အာဆီယံကို ဝင်သွားတဲ့ အခြေအနေကို ပြန်ကြည့်မယ်ဆိုရင် ဒါ နဝတ၊ နယက လက်ထက်မှာ ဆိုလိုတာက တကယ့်ကို စစ်အုပ်ချုပ်ရေးလို့ ပြောခဲ့တဲ့သူတွေရဲ့  လက်ထက်မှာမှ ဟိုဘက်ကို အာဆီယံဘက်ကို ဝင်သွားခဲ့တာ။ ဒီမှာက ဘယ်လိုပဲပြောပြော အခြေအနေက နဲနဲလေးကွာတယ်။ အထူးသဖြင့် အခုချိန်ထိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ မပျက်သေးဘူး။ အခြေခံဥပဒေလက်အောက်ကနေသွားထားတဲ့ လမ်းကြောင်းကို နစက က ကိုင်စွဲထားတာ။ တကယ်တမ်းပြောမယ်ဆိုရင် အခြေခံဥပဒေမပျက်သေးပဲနဲ့ သွားနေတဲ့ လမ်းကြောင်းအောက်ကနေ တကယ်တမ်းပြောရမယ်ဆိုရင် Legitimacy အရ ဒီဘက်က‌တောင် ပိုခိုင်မာတဲ့ အနေအထားမှာ ဘာဖြစ်လို့ ဒီလိုမျိုး မြန်မာနိုင်ငံကို နိုင်ငံရေးအရ သိက္ခာချချင်တဲ့အပိုင်း၊ အကျပ်ရိုက်စေချင်တဲ့ အပိုင်းလို့ ကျနော်တို့က သုံးသပ်တယ်။ ဒါပေမယ့် နှုတ်ထွက်လိုက်ရင် ဘာဖြစ်လာမလဲဆိုတဲ့ အပိုင်းက‌‌တော့ ဆိုးဆိုးဝါးဝါးဖြစ်စရာ အကြောင်းမရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အခုလောလောဆယ် ကျနော်တို့က ကိုဗစ်နဲ့ ပတ်သက်ပြီး‌‌တော့ ကမ္ဘာတစ်ဝှမ်းပေါ့နော် စီးပွားရေးအရ တုံနှေးသွားတာတွေ၊ လူမှုရေးအရ နှေးကွေးသွားတာတွေ အားလုံးပေါ့နော်။ နိုင်ငံတိုင်းက သူ့ပြဿနာနဲ့ သူရင်ဆိုင်နေရတဲ့ အချိန် ဆိုလိုတာက ကျနော်တို့အနေနဲ့လည်း အာဆီယံနဲ့ ပတ်သက်ပြီးတော့ Trade (ကုန်သွယ်မှု)နဲ့ ကြီးကြီးမားမား ခုနား ကုန်သွယ်ရေးနဲ့ အရမ်းကြီးကြီးမားမားလည်း ရှိတာမဟုတ်ဘူး။ ဆို‌တော့ နှုတ်ထွက်လိုက်မယ်ဆိုရင်လည်း မြန်မာနိုင်ငံအတွက်‌တော့ သိပ်ထူးခြားတဲ့ သက်ရောက်မှုမျိုးရှိမှာ မဟုတ်ဘူး။ ခဲခဲယဉ်းယဉ်းနဲ့ တည်ဆောက်ခဲ့ရတဲ့ အရှေ့တောင်အာရှ (၁၀)နိုင်ငံရဲ့ စည်းလုံးမှုက‌‌တော့ ပြိုကွဲသွားမယ့်အနေအထားပေါ့။ မြန်မာနိုင်ငံအတွက်ကိုတော့ သိပ်ပြီး ထူးခြားတဲ့ ထိခိုက်မှုမျိုး ရှိနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,800SubscribersSubscribe
    spot_img

    Latest posts