spot_img
Monday, May 6, 2024
More
    spot_img
    Homeသတင်းကလေးများဖျားနာလျှင် စပ်ဆေးများနှင့် ဗမာဆေးများမတိုက်သင့်ကြောင်း ပြည်နယ်ကျန်းမာရေးအရာရှိ တိုက်တွန်း

    ကလေးများဖျားနာလျှင် စပ်ဆေးများနှင့် ဗမာဆေးများမတိုက်သင့်ကြောင်း ပြည်နယ်ကျန်းမာရေးအရာရှိ တိုက်တွန်း

    -

    စန္ဒာဉာဏ် (မော်လမြိုင်၊ ဇွန် ၁၉)

    ယခုအခါ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားနေသဖြင့် ကလေးများဖျားနာလျှင် စပ်ဆေးများနှင့် ဗမာဆေးများ မတိုက်သင့်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစည်သူရဲနောင်က တိုက်တွန်းလိုက်သည်။

    ဒေါက်တာစည်သူရဲနောင်က “စပ်ဆေးတွေ ဗမာဆေးတွေမတိုက်ဖို့ အဓိကတိုက်တွန်းချင်တယ်၊ ဘာဖြစ်လို့မတိုက်စေချင်လဲဆိုတော့ စပ်ဆေးတွေဆိုတာ အကိုက်အခဲပျောက်ဆေးတွေ အများကြီးပါဝင်နေတယ်၊ အဲဒီတော့ သွေးလွန်တုတ်ကွေးဆိုတဲ့အတိုင်း ခန္ဓာကိုယ်ထဲက သွေးတွေထွက်နေတယ်၊ အကိုက်အခဲပျောက်ဆေးတိုက်ရင် သွေးထွက်တာပိုဆိုးလာမယ်၊ ကုသရေးမှာတော်တော်သတိထားရတယ် အဲဒီဆေးတွေသောက်ထားရင် ပိုပြီးအန္တရာယ်ရှိတယ်၊ ဗမာဆေးက အညိုရောင်ရှိတယ်၊ ကလေးရောဂါအခြေအနေဆိုးရင် အညိုရောင်တင်မကဘူး ကော်ဖီအနက်ရောင်တွေ အန်တယ်၊ တိုက်ထားတဲ့ဆေးကြောင့်အန်တာလား၊ သွေးလွန်တုတ်ကွေးဆိုးလာလို့ အန်တာလား ခွဲခြားလို့ မသိနိုင်ဘူး” ဟု ဆိုသည်။

    မွန်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၈ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၁၄ ဦးအနက် ကလေးငယ် ၂ ဦးသေဆုံးခဲ့ရပြီး ယခင်နှစ် ကာလတူတွင် ရောဂါဖြစ်ပွားသူ ၃၅၁ ဦးအနက် တစ်ဦးသာ သေဆုံးခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

    “သွေးလွန်တုတ်ကွေးက အသက်အရွယ်မရွေးဖြစ်တတ်ပါတယ်၊ ဒီရာသီမှာဖျားရင် စနစ်တကျဆောင်ရွက်ဖို့၊ တတ်ကျွမ်းတဲ့သူနဲ့ကုသဖို့က အရေးကြီးပါတယ်၊ ဒီရောဂါက တစ်နှစ်ပတ်လုံးဖြစ်ပေါ်နေလို့ အမြစ်တွယ်တယ်လို့ပြောရတာပေါ့၊ ခြင်းကျားမပေါက်ပွားအောင် ကာကွယ်ရေးလုပ်ငန်းတွေကို တစ်ချိန်တည်း တစ်ပြိုင်တည်း အိမ်တိုင်းစေ့လုပ်နိုင်မှလည်း အောင်မြင်နိုင်မယ်” ဟု ဒေါက်တာစည်သူရဲနောင်က ဆိုသည်။

    ဖြစ်ပွားမှကုသသည်ထက် မိမိနေအိမ်အနီးတွင် အမှိုက်များမရှိစေရန်၊ ရေကန်များတွင် ပိုးလောက်လန်းမပေါက်ပွားစေရန် ဆေးခတ်ခြင်း၊ ရေဝပ်နိုင်သည့် ခွက်နှင့် အိုးချမ်းကွဲများ ဖယ်ရှားခြင်း၊ ခြင်မပေါက်ဖွားအောင် အဘိတ်ဆေးခတ်ခြင်း၊ ကျောင်းများတွင် ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေသည်ဟု ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

    သံဖြူဇရပ်မြို့နယ်၊ ဝါခရူကျေးရွာမှ ဒေါ်ခင်စောက “ ပိုးလောက်လန်းတွေကနေ ခြင်တွေပေါက်တာပေါ့၊ အဲဒါကြောင့် ပိုးလောက်လန်းတွေ မပေါက်နိုင်အောင် ခလေးကစားစရာအုန်းမှုန့်ခွက်တွေ ရေပုံးတွေ ရေအိုးတွေကအစ ရေတွေမကျန်ရအောင် သွန်ပစ်ရပါမယ်၊ မနှစ်ကတော့ ခြင်တွေမပေါက်အောင် ဆေးတွေလာဝေပေးတာရှိတယ်၊ ဒီနှစ်မှာတော့ မလာကြသေးဘူး” ဟု ဆိုသည်။

    လက်ရှိတွင် လူဦးရေထူထပ်၍ မြို့ပြဆန်သော မော်လမြိုင်မြို့တွင် အများဆုံးဖြစ်ပွားပြီး မုဒုံမြို့နယ်တွင် ဒုတိယအများဆုံးနှင့် ကျိုက်မရောမြို့နယ်တွင် တတိယအများဆုံးဖြစ်ပွားနေသည်ဟု ပြည်နယ်ကျန်မားရေးဌာနစာရင်းတွင် ဖော်ပြသည်။

    ၂ဝ၁၈ ခုနှစ် တစ်နှစ်လုံးတွင် မွန်ပြည်နယ် ၁ဝ မြို့နယ်၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၅ဝဝ ကျော်ရှိပြီး ၄ ဦးသေဆုံးခဲ့သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။


    Photo-ရင်ခွင်ပိုက်ကလေးတစ်ဦးနှင့် မိခင်ဆေးရုံမှအပြန် (MNA)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,100SubscribersSubscribe
    spot_img

    Latest posts