မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကော့ပလိုင်ကျေးရွာတွင် စစ်ကောင်စီမှ ပစ်သတ်ထားသည့် လူငယ်တစ်ဦး၏ ရုပ်အလောင်းကို ယမန်နေ့ ဧပြီ ၂၇ ရက်နေ့တွင် ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။
အသက် ၃၀ အရွယ်ရှိသည့် မင်းအောင်ချမ်းဆိုသူသည် ကော့ပလိုင်ရွာသားတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က စစ်ကောင်စီမှ ၎င်း၏ ဖုန်းကိုရှာဖွေစစ်ဆေးရာတွင် မွန်ပြည်သစ်ပါတီ AD အဖွဲ့ကို ထောက်ပံ့နေသည့် အထောက်အထားတို့ကို တွေ့ရှိရသည်ဟုဆိုကာ လူအပါအဝင် လက်ကိုင်ဖုန်း၊ ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးထိန်းသိမ်းခံထားရသည်ဟု ရွာခံတစ်ဦးက ဆိုသည်။
“စစ်ကောင်စီတပ်တွေ ကော့ဗိန်းရွာကိုဝင်လာတဲ့ ဧပြီ ၂၅ ရက်နေ့တုန်းကဆို ကော့ပလိုင်ဘက်ကိုလည်း သူတို့ရောက်လာတယ်၊ သေဆုံးသွားတဲ့ အောင်ချမ်းကလည်း သူတို့(စစ်ကောင်စီ)ကပဲ ဖမ်းသွားပြီးတော့ ဆိုင်ကယ်ရော သိမ်းထားတယ်၊ သူ့ကိုလည်း သွားသွားလာလာ ခေါ်သွားနေတယ်၊ အဲဒါကို ရွာမှာကျန်နေတဲ့ လူတွေက တွေ့နေတယ်တဲ့၊ အဲဒီတစ်ရက်ပြီးတော့ နောက်နေ့မှာတော့ မတွေ့ရတော့ဘူးတဲ့ ပျောက်သွားတယ်" ဟု ဆိုသည်။
ယမန်နေ့ ဧပြီ ၂၇ ရက်နေ့က ကော့ပလိုင်ကျေးရွာ (ကံသီ) ရပ်ကွက်၊ ချောင်းနံဘေးရှိ လူနေအိမ်နောက်ဖေးတစ်နေရာတွင် သေနပ်နှင့်ပစ်သတ်ခံထားရပြီး နောက်ပြန်ကြိုးတုပ်လျှက် သေဆုံးနေသည့် မင်းအောင်ချမ်း၏ ရုပ်အလောင်းကို ရွာသားတို့က ရှာဖွေတွေ့ရှိခဲ့သည်။
သို့သော် မင်းအောင်ချမ်း၏ ရုပ်အလောင်းသည် ရုပ်ပျက်ဆင်းပျက်ဖြစ်ခါနီးဖြစ်သော်လည်း ကော့ပလိုင်ကျေးရွာအတွင်းရှိ စစ်ကောင်စီအဖွဲ့တို့က ယနေ့ဧပြီ ၂၈ နေ့လည်ပိုင်းအချိန်အထိ လာရောက်သိမ်းဆည်းခွင့် မပြုသေးကြောင်း သိရသည်။
ထို့အပြင် ကော့ပလိုင်ကျေးရွာတွင် ပျောက်ဆုံးနေဆဲဖြစ်သည့် အသက် ၃၈ နှစ်အရွယ် နိုင်ဆိုက်ဂျီဆိုသူလည်း သေဆုံးခဲ့ရသည်ဟု ကြားသိရသော်လည်း လွပ်လပ်သောမွန်သတင်းအေဂျင်စီမှ အတည်ပြုနေဆဲဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့် စစ်ကောင်စီ ခလရ ၈၁ ဇာသပြင်မှ အင်အား ရာနှင့်ချီရှိသည့် ကရင်နယ်ခြားစောင့်တပ် BGF တို့နှင့်ပူးပေါင်းပြီး ရေကြောင်းမှတစ်ဆင့် ကော့ဘိန်း၊ ကော့ပလိုင်ရွာအတွင်းသို့ဝင်ရောက်ခဲ့ပြီး ဒေသခံရွာသားတို့ကို ဖမ်းဆီး အကြမ်းဖက်မှုတို့လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်တို့ ကော့ဘိန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်စဉ်တွင် သေနပ်ဖြင့် ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေနာတ်ထိမှန်ပြီး သေဆုံးခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ သိမ်းဆည်းခဲ့ပြီး မီးရှို့ဖျက်စီးထားသည့် အဆိုပါကော့ဘိန်းနယ်မြေရဲစခန်းကို စစ်ကောင်စီတို့ ပြန်လည်သိမ်းဆည်းနိုင်ခဲ့သည်ဟု ဆိုသော်လည်း အခြေချ မနေထိုင်ရဲသေးကြောင်း ဒေသခံတို့ထံမှ သိရသည်။
" ကော့ဘိန်းရွာမှာတော့ စစ်ကောင်စီအဖွဲ့တွေ ပြန်ဆုတ်သွားတာလည်းရှိတယ်၊ ရွာမှာကျန်နေတာလည်းရှိတယ်၊ မျက်နှာတော့ သူတို့မပြရဲဘူး ၊ရွာထဲ လမ်းကြိုလမ်းကြား ၊ အိမ်ကြိုအိမ်ကြားထဲမှာတော့ သူတို့ရှိနေတယ်"ဟု ဒေသခံတစ်ဦးက ဆိုသည်။
စစ်ကောင်စီ အဖွဲ့တို့ ကော့ဘိန်း၊ ကော့ပေါက်၊ ကော့ပလိုင်၊ ကော့မိတ်ရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် ဧပြီလ ၂၅ ရက်နေ့မှစပြီး ဒေသခံရွာသားတို့ ကျေးရွာမှ တိမ်းရှောင်ခဲ့ရခြင်းကြောင့် စစ်ကောင်စီတပ်တို့ နေအိမ်ဖောက်ထွင်းဝင်ရောက်ကာ အိမ်သုံးပစ္စည်းတို့အပြင်၊ ဆိုင်ကယ်တို့ကိုလည်း ယူဆောင်သွားခဲ့ကြောင်း သိရသည်။