မြန်မာနိုင်ငံ၏ ဒုတိယလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းဟုတင်စားခေါ်ဆိုကြသည့် ကျောင်းသားများဦးဆောင်လှုပ်ရှားခဲ့သော ၈ လေးလုံးအရေးတော်ပုံကြီး ၂၈ နှစ်ပြည့်ခဲ့လေပြီ။
ကျောင်းသား၊ သံဃာတော်၊ အစိုးရဝန်ထမ်းများအပါအဝင် အလွှာအသီးသီးမှ ပြည်သူတရပ်လုံး တောရောမြို့ပါမကျန် နိုင်ငံအဝှန်း ၈ လေးလုံးအရေးတော်ပုံလူထုလှုပ်ရှားမှုက တစ်ပါတီအာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့သည်။
သို့သော် နောက်တစ်လကျော်အကြာ စက်တင်ဘာ ၁၈ ရက်နေ့တွင် တပ်မတော်က စစ်အာဏာသိမ်းလိုက်ပြီး လူထုလှုပ်ရှားမှုများကို ဆက်လက်ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ လေးလုံးအရေးတော်ပုံကြီးကို ကမ္ဘာအနှံ့ ပိုမို၍လူသိများစေသည်။
ထို့သိုပစ်ခတ်ဖြိုခွင်းမှုတွင် သေဆုံးသူ၊ ဒဏ်ရာရရှိသူအပြင် ဖမ်းဆီးထောင်ချခံရသူနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးနယ်မြေသို့ ထွက်ပြေးကြရသူ အများအပြားရှိခဲ့ပါသည်။
အရေးတော်ပုံကာလ သေဆုံးသူနှင့်ဒဏ်ရာရသူစာရင်းကို အရေအတွက်အတိအကျ ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း သေဆုံးသူ ၃ ထောင်နဲ့ တစ်သောင်းကြားရှိခဲ့သည်ဟု ခန့်မှန်းပြောဆိုနေကြသည်။
၈ လေးလုံးလူထုလှုပ်ရှားမှုသည် ၁၉၈၈ မတ်လ ၁၂ ရက်နေ့မှ စစ်အာဏာသိမ်းအပြီး သပိတ်ဖြိုခွင်းနိုင်သည့်စက်တင်ဘာ ၂၁ ရက်နေ့အထိ ၆ လဝန်းကျင်ကျော်ကာလအတွင်း ဖြစ်ပေါ်ခဲ့သည်ဟုလည်း မှတ်တမ်းတင်ခဲ့ကြသည်။
ထိုသို့စစ်အာဏာသိမ်းပြီးနောက် နဝတစစ်အစိုးရလက်ထက် ၁၉၉၀ ပါတီစုံရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မဲအပြတ်အသတ်အနိုင်ရရှိခဲ့သော်လည်း အာဏာလွှဲပြောင်းခြင်းမပြုသည့်အပြင် နိုင်ငံရေးသမားများနှင့် ဒီမိုကရေစီလှုပ်ရှားသူများကိုလည်း ဆက်လက်ဖမ်းဆီးထောင်ချခဲ့ပြန်သည်။
စစ်အစိုးရက ၁၉၉၃ မှ ၂၀ဝ၇ ခုနှစ်အထိ အမျိုးသားညီလာခံအချိန်ယူကျင်းပခဲ့ပြီး ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲအတည်ပြုခဲ့ရာ လွှတ်တော်အသီးသီးတွင် တပ်မတော်ကိုယ်စားလှယ် ၂၅% အပြင် အစိုးရဌာနအချို့ကိုလည်း ကာကွယ်ရေးဦးစီးချုပ်လက်အောက်ထားရှိသဖြင့် လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံသည် ဒီမိုကရေစီစံနှုန်းနှင့်အလွန်ဝေးကွာလျက်ရှိနေသည်။
ထိုကြောင့် ၈ လေးလုံးလူထုလှုပ်ရှားမှု အရေးတော်ပုံကြီးတွင် အဓိကတောင်းဆိုခဲ့ကြသော ဒီမိုကရေစီရရှိရေး၊ တစ်ပါတီစနစ်ဖျက်သိမ်းရေး၊ ပါတီစုံစနစ်ပေါ်ထွန်းရေးတို့တွင် ဒီမိုကရေစီရရှိရေး (ဝါ) ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေး ပန်းတိုင်သို့မရောက်ရှိသေးသည်ကို အထူးသတိချပ်စေလိုပါကြောင်း မွန်သတင်းအေဂျင်စီက တိုက်တွန်းရေးသားအပ်ပေသည်။