အယ်ဒီတာ့အာဘော်
ကမ္ဘာ့ရာသီဥတုပုံစံများကို သက်ရောက်စေနိုင်သည့် အယ်လ်နီညိုဖြစ်စဉ်သည် လက်ရှိတွင် အားကောင်းလာနေပြီး၊ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အလွန်ပြင်းထန်သည့်အဆင့်သို့ ရောက်လာနိုင်ကာ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ဆက်လက်တည်ရှိနိုင်သည်ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က ခန့်မှန်းထားသည်။ အယ်လ်နီညိုသည် ဒီဇင်ဘာလဝန်းကျင်တွင် အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနိုင်ပြီး အပူချိန်နှင့် မိုးရွာသွန်းမှုပုံစံများကို သိသိသာသာ ပြောင်းလဲစေနိုင်သည်။
WMO ၏ စက်တင်ဘာလ ထုတ်ပြန်ချက်တွင်လည်း အယ်လ်နီညိုသည် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ဆက်လက်တည်ရှိနိုင်ခြေမှာ ၁၀၀ ရာခိုင်နှုန်းနီးပါးရှိပြီး အလွန်ပြင်းထန်သည့် အယ်လ်နီညိုဖြစ်စဉ်အဖြစ် အားကောၚ်းလာနိုင်ကြောင်း ဖော်ပြထားသည်။ အယ်လ်နီညို၏ သက်ရောက်မှုကြောင့် ဒေသအလိုက် မိုးရွာသွန်းမှုပုံစံ ပြောင်းလဲခြင်း၊ အပူချိန်မြင့်တက်ခြင်း၊ မိုးခေါင်ခြင်းနှင့် အခြားအစွန်းရောက်ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်။
မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနကလည်း အယ်လ်နီညိုအခြေအနေသည် အလွန်ပြင်းထန်သည့်အဆင့်သို့ ရောက်ရှိနေပြီး မိုးရွာသွန်းမှုပုံစံ မမှန်ခြင်း၊ နေ့အပူချိန်မြင့်တက်ခြင်း၊ မိုးခေါင်ခြင်းနှင့် အခြားအစွန်းရောက် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် သက်ဆိုင်ရာကဏ္ဍများအနေဖြင့် ကြိုတင်ကာကွယ်ပြင်ဆင်ရန် တိုက်တွန်းထားသည်။

ထိုသတိပေးချက်များသည် မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာ သတင်းတစ်ရပ်မျှသာ မဟုတ်ပေ။ ရေ၊ စားနပ်ရိက္ခာ၊ လယ်ယာစိုက်ပျိုးရေးနှင့် အခြေခံလူနေမှုဘဝများနှင့် တိုက်ရိုက်ဆက်စပ်နေသည့် ပြည်သူ့ဘဝအတွက် အရေးကြီးသည့် သတိပေးချက်များဖြစ်သည်။
အယ်လ်နီညိုကြောင့် မိုးရွာသွန်းမှုပုံစံ ပြောင်းလဲလာပါက ရေရှားပါးမှု သို့မဟုတ် မိုးရွာသွန်းမှုလွန်ကဲခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ ရေရှားပါးလာပါက စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်နိုင်ပြီး လယ်ယာထွက်ကုန် လျော့နည်းလာနိုင်သည်။ ထိုမှတစ်ဆင့် စားနပ်ရိက္ခာဈေးနှုန်း မြင့်တက်လာခြင်းနှင့် ဝင်ငွေနည်းပါးသည့် အိမ်ထောင်စုများအပေါ် ပိုမိုဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်သည်။
အထူးသဖြင့် လယ်ယာစိုက်ပျိုးရေး၊ ရော်ဘာနှင့် အခြားရာသီဥတုအပေါ် မှီခိုနေရသည့် လုပ်ငန်းများကို အားထားနေရသည့် မွန်ပြည်နယ်ကဲ့သို့ ဒေသများတွင် အယ်လ်နီညို၏ သက်ရောက်မှုကို ပေါ့ပေါ့ဆဆ သဘောမထားသင့်ပေ။ ရာသီဥတုအခြေအနေ မမှန်ကန်မှုသည် လူတစ်ဦးချင်းစီ၏ နေ့စဉ်ဘဝမှ စတင်ကာ ဒေသတွင်းစီးပွားရေးအထိ သက်ရောက်နိုင်သည်။
ဝင်ငွေနည်းပါးသည့် မိသားစုများ၊ ရေရှားပါးသည့် ကျေးလက်ဒေသများ၊ စိုက်ပျိုးရေးလုပ်ငန်းအပေါ် မှီခိုနေရသူများနှင့် အခြေခံအဆောက်အအုံ အားနည်းသည့် ရပ်ရွာများသည် ရာသီဥတုဘေး၏ ထိခိုက်မှုကို ပိုမိုခံစားရနိုင်သည်။ ထို့ကြောင့် အယ်လ်နီညို၏ သက်ရောက်မှုကို ရာသီဥတုဆိုင်ရာ ပြဿနာတစ်ရပ်အဖြစ်သာ မမြင်ဘဲ ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် တိုက်ရိုက်ဆက်စပ်နေသည့် အရေးကြီးသည့် အန္တရာယ်တစ်ရပ်အဖြစ် မြင်ရန် လိုအပ်သည်။
အာဏာပိုင်များအနေဖြင့် ရာသီဥတုဘေးကြောင့် ပြည်သူများ ခံစားရမည့် ထိခိုက်ဆုံးရှုံးမှုကို လျှော့ချနိုင်ရန် ရေသိုလှောင်ရေး၊ သောက်သုံးရေ ရရှိရေး၊ စိုက်ပျိုးရေးအတွက် ရေအရင်းအမြစ် စီမံခန့်ခွဲရေး၊ လယ်သမားများအတွက် ကြိုတင်သတိပေးချက်များနှင့် လိုအပ်ပါက အရေးပေါ်ကူညီရေးအစီအစဉ်များကို ယခုကတည်းက ပြင်ဆင်ထားရန် လိုအပ်သည်။
အယ်နီညိုရောက်လာမှ ရေရှာခြင်း၊ သီးနှံပျက်စီးမှ ကူညီခြင်း၊ စားနပ်ရိက္ခာဈေးတက်မှ ဖြေရှင်းခြင်းမျိုးဖြင့် အကျပ်အတည်းကို တုံ့ပြန်ခြင်းထက် အန္တရာယ်ကို ကြိုတင်ခန့်မှန်းပြီး ကြိုတင်ပြင်ဆင်ထားခြင်းက ပိုမိုထိရောက်သည်။ အယ်နီညိုကို စောင့်ကြည့်နေခြင်းထက် ပြည်သူများ၏ ရေ၊ အစားအစာနှင့် အသက်မွေးဝမ်းကျောင်း လုံခြုံရေးအတွက် ယခုကတည်းက လက်တွေ့ကျကျ ပြင်ဆင်ရန် လိုအပ်နေပြီဖြစ်သည်။
သဘာဝရာသီဥတုဖြစ်စဉ်ကို တားဆီး၍ မရနိုင်သော်လည်း ထိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်ဆုံးရှုံးမှုများကို လျှော့ချရန် ကြိုတင်ဆောင်ရွက်နိုင်သည်။ ထို့ကြောင့် အယ်လ်နီညိုအန္တရာယ်ကို စောင့်ကြည့်ခြင်း၊ သတိပေးချက်ထုတ်ပြန်ခြင်းမျှဖြင့် မလုံလောက်တော့ဘဲ ပြည်သူများ၏ ရေ၊ အစားအစာနှင့် အသက်မွေးဝမ်းကျောင်း လုံခြုံရေးအတွက် လက်တွေ့ကျသည့် မည်သည့်အစီအစဉ်များကို မည်မျှအထိ ကြိုတင်ပြင်ဆင်ထားပြီးလဲဆိုတာ အဓိကဖြစ်သည်။




