Homeသတင်း၂၁ ရာစုပင်လုံညီလာခံသို့ အပစ်မရပ်အဖွဲ့များတက်ခွင့်ရှိသည့်မူဝါဒကိုကြိုဆိုကြောင်း နိုင်ဟံသာပြော

၂၁ ရာစုပင်လုံညီလာခံသို့ အပစ်မရပ်အဖွဲ့များတက်ခွင့်ရှိသည့်မူဝါဒကိုကြိုဆိုကြောင်း နိုင်ဟံသာပြော

-

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ)ကို အပစ်မရပ်သေးသည့် လက်နက်ကိုင်တိုင်းရင်း သားအားလုံးပါဝင် ခွင့်ရရှိမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ချမှတ်ခဲ့သည့် မူဝါဒသည် လက်နက်ကိုင် တိုင်းရင်းသားများအတွက် ကောင်းသော လက္ခဏာဖြစ်သည့်အတွက် လက်ခံ ကြိုဆိုကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဒု-ဥက္ကဌ နိုင်ဟံသာက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

 UNFC ဒု-ဥက္ကဌ နိုင်ဟံသာ Workshop တစ်ခုတွင် တက်ရောက်ဆွေးနွေးစဉ်(ENAC Burma)
UNFC ဒု-ဥက္ကဌ နိုင်ဟံသာ Workshop တစ်ခုတွင် တက်ရောက်ဆွေးနွေးစဉ်(ENAC Burma)

နိုင်ဟံသာက “ဒါက လက်နက်ကိုင် တိုင်းရင်းသားတွေအတွက် ဝမ်းသာစရာကောင်းတဲ့သတင်းတစ်ခုပေါ့လေ၊ ဘာဖြစ်လို့ လဲဆိုတော့ ၂၁ ရာစုပင်လုံညီလာခံကျင်းပရာမှာ တိုင်းရင်းသားအားလုံးက သူတို့ရဲ့ လူမျိုးအဖွဲ့အစည်း ကိုယ်စားပြု တက်ရောက်ချင်မှာပဲ၊ အားလုံးပါဝင်ခွင့်ရမှ တစ်နိုင်ငံလုံး ငြိမ်းချမ်းမယ်၊ အခုလိုအားလုံးပါဝင်နိုင်ဖို့ လမ်းဖွင့်ပေးတယ်ဆိုတော့ ကျနော်တို့ဝမ်းသာတယ်၊ ချမှတ်ထားတဲ့အတိုင်း အမှန်တကယ် ဆောင်ရွက်သွားမယ်ဆိုရင် တိုင်းရင်းသားတွေအတွက် ကောင်းတဲ့လက္ခဏာဖြစ်တယ်” ဟု ဆိုသည်။

ဇူလိုင်လ ၅ ရက်နေ့ နေပြည်တော် The Horizon Lake View ဟိုတယ်၌ ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ(၂၁ ရာစုပင်လုံ) အကြိုပြင်ဆင်ရေးကော်မတီ အစည်းအဝေးတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NCA လက်မှတ်မရေးထိုးရသေးသည့်အဖွဲ့များ ၊ ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်မရခဲ့သည့် နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်များကိုလည်း ညီလာခံတွင် ပါဝင်နိုင်ရန် မူဝါဒချမှတ်ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကြား သင့်မြတ်အောင် ဆောင်ရွက်ကြရုံမကဘဲ တိုင်းရင်းသားအချင်းချင်း ပြန်လည်သင့်မြတ်ရေးကိုလည်း ဆောင်ရွက်ကြရန် အစည်းအဝေးတွင် တိုက်တွန်းခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့က ရန်ကုန်မြို့၌ UNFC နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ(၂)တို့ တွေ့ဆုံရာတွင် ဇူလိုင်လလယ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ဥက္ကဌတို့တွေ့ဆုံရန် သဘောတူခဲ့ညီမှု ရရှိခဲ့ကြသည်။

၂၁ ရာစုပင်လုံညီလာခံတက်ရေး၊ မတက်ရေး ညှိနှိုင်းဆွေးနွေးရန်အတွက် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့နှင့် လက်မှတ်မထိုးသေးသည့် အဖွဲ့များ ပါဝင်သည့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထိပ်သီးအစည်းအဝေး EAOs Summit ကို ဇူလိုင်လအတွင်း ကချင်ပြည်နယ်၊ မိုင်ဂျာယန်တွင် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

ထိုနောက် လာမည့် ဩဂုတ်လကုန်မတိုင်မီ ၂၁ရာစု ပင်လုံညီလာခံ(ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ) ကျင်းပနိုင်ရန် အစိုးရက စီစဉ်လျက်ရှိသည်။

အပစ်ရပ်လက်မှတ် NCA မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့တွင် UNFC အဖွဲ့ဝင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO, မွန်ပြည်သစ်ပါတီ NMSP, ကရင်နီတိုးတက်ရေးပါတီ KNPP, ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSPP/SSA, တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA/PSLF, လားဟူဒီမိုကရက်တစ်ယူနီယံ LDU, “ဝ” အမျိုးသားအဖွဲ့ချုပ် WNO, မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် MNDAA(ကိုးကန့်အဖွဲ့), ရခိုင်အမျိုးသားကောင်စီ ANC နှင့် UNFC အဖွဲ့ဝင်မဟုတ်သော ‘ဝ’ သွေးစည်း ညီညွတ်ရေး ပါတီ UWSP/UWSA ၊ မိုင်းလားအဖွဲ့ NDAA၊ နာဂအမျိုး သားဆိုရှယ်လစ်ကောင်စီ ကပ်ပလန် NSCN-K၊ ရခိုင်တပ်မတော် AA စသည့်အဖွဲ့များ ပါဝင်နေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts