စစ်ကော်မရှင်၏ စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေးဌာနဖူးရှင်းဘရားသားစ် (Fu Xing Brother) ကုမ္ပဏီလိမိတက်ကို အမည်ပျက်စာရင်းသွင်းထားသော်လည်း မုဒုံ−သံဖြူဇရပ် လမ်းမကြီးရှိ ယင်း၏ ခရမ့်ရာဘာစက်ရုံမှာ ပုံမှန်လည်ပတ်နေကြောင်း ဒေသခံများမှ သိရသည်။
စစ်တပ်လက်အောက်ခံ စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေးဌာန၏ အကြောင်းကြားချက်ဖြင့် ရင်းနှီမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က အောက်တိုဘာလ ၁ ရက်နေ့တွင် အမည်ပျက်စာရင်းသို့ သွင်းလိုက်ကြောင်း ထုတ်ပြန်ထားသည်။
အမည်ပျက်စာရင်းဝင်သော်လည်း ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် မုဒုံမြို့နယ်ရှိ ခရမ့်ရာဘာစက်ရုံမှ ရာဘာရောင်းဝယ်ရေးလုပ်ငန်း ဆက်လက်လည်ပတ်နေဆဲဟု မုဒုံမြို့ဒေသခံများမှ သိရသည်။

“ရွာဘက်မှာ ရာဘာတွေဝယ်ပြီး သူတို့လုပ်ငန်းတွေ လည်ပတ်နေတုန်းပဲ။ စက်ရုံက အနံ့ဆိုးတွေလည်း ထွက်နေတုန်း။ ပြီးတော့ စက်ရုံဘက်ကလည်း ဘာတာဝန်ဖြေရှင်းမှု မလုပ်ဆောင်သေးဘူး။” ဟု မုဒုံမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ရာဘာစက်ရုံအနံဆိုးကြောင့် ကျန်းမာရေးပြဿနာနှင့် ရင်ဆိုင်နေရသည်ကို ဖြေရှင်းပေးခြင်း မရှိသည့်အပြင် စက်ရုံအသစ်များ တိုးချဲ့ဆောက်လုပ်နေဆဲဖြစ်သည်ဟုလည်း ပြောသည်။
အခြားအမျိုးသား တစ်ဦးကလည်း “အမည်ပျက်စာရင်းသတင်းကို မကြားမိဘူး။ အခု စက်ရုံအသစ်တောင် ထပ်ဆောက်နေပြီး ကြားတယ်။ ညောင်ကုန်းနဲ့ ပိုင်ကမာရွာကြား highway လမ်းမကြီးရဲ့ဘေးမှာ ခြံစည်းရိုးကာနေပြီး။ သူတို့စက်ရုံလို့ပဲကြားတယ်။ အများသူငှာ ပတ်ဝန်းကျင်ထိခိုက်အောင်ပြီးတေ့ာ စီးပွါးရှာတာမျိုးကျတေ့ာ လုံးဝမဖြစ်သင့်ဘူးလို့ မြင်တယ်” ဟု ဆိုသည်။
ခရမ့်ရာဘာစက်ရုံသည် မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ် (MCCOC) ဥက္ကဌ ဦးအိုင်ထွန်း၏ ဖူးရှင်းဘရားသားစ် ကုမ္ပဏီလိမိတက်ပိုင် စက်ရုံတစ်ခုဖြစ်သည်။
မော်လမြိုင်မြို့၊ ကျိုက္ခမီလမ်းမကြီးပေါ်တွင် Fu Xing Brothers Group Company ၏ အစိုးရအသိအမှတ်ပြု အရောင်းဌာနနှင့် ရုံးခွဲတစ်ခုလည်းရှိပြီး အလားတူ ဖွင့်လှစ်ထားဆဲဖြစ်သည်။
Fu Xing Brothers ကုမ္ပဏီမှာ ဟင်းချိုမှုန့်များ၊ ဆေးလိပ်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ဆောက်လုပ်ရေးပစ္စည်းများတင်သွင်းခြင်း စသည့်လုပ်ငန်းများကိုလည်း လုပ်ကိုင်ပြီး မွန်ပြည်နယ်တွင် ရာဘာစက်ရုံများ ဖွင့်လှစ်ထားသည်။
စစ်အုပ်စု၏ ကုမ္ပဏီများကို အမည်ပျက်စာရင်းသွင်းသည့် ယခင်ထုတ်ပြန်ချက်အချို့တွင် ကုမ္ပဏီနှင့်အတူ ဒါရိုက်တာများကိုပါ အမည်ပျက်စာရင်းသွင်းကြောင်း ပူးတွဲဖော်ပြမှုများရှိသော်လည်း ယခု ထုတ်ပြန်ချက်တွင် ဒါရိုက်တာများကိုပါ အမည်ပျက်စာရင်းသွင်းခြင်း ရှိ၊ မရှိ မပါရှိပေ။
ထို့ကြောင့် လက်ရှိလုပ်ငန်းလည်ပတ်နိုင်သည့် အခြေအနေများကို ကြည့်ပါက စစ်အုပ်စုနှင့် မြန်မာတရုတ်ကုန်သည်များကြား ဟန်ပြအရေးယူမှုသာဖြစ်နိုင်ကြောင်းလည်း သုံးသပ်ကြသည်။




