Homeဆောင်းပါး“ဝိုင်းဝန်ထိန်းသိမ်းရမယ် မွန်အနုသုခုမကို”

“ဝိုင်းဝန်ထိန်းသိမ်းရမယ် မွန်အနုသုခုမကို”

-

အဗလိုင်း၊ သတင်းဆောင်းပါး

“ကျမတို့ ရိုးရာယဉ်ကျေးမှု အတတ်ပညာတချို့က စာအုပ်ထဲမှာပဲ ကျန်နေတော့တယ်။ သင်ပေးနိုင်တဲ့လူ မရှိတော့ဘူး” လို့ အသားဖြူဖြူ၊အပြုံးချိုချိုနဲ့ မိမိုးမိုးက ဖွင့်ဟလာပါတယ်။

အသက် ၅၀ ကျော်အရွယ် မိမိုးမိုးဟာ မွန်ရိုးရာယဉ်ကျေးမှုကိုလက်ဆင့်ကမ်းသင်ကြားပေးနေသူတစ်ဦး ဖြစ်ပြီး မွန်အမျိုးသားကောလိပ်မှာလည်း မွန်ယဉ်ကျေးမှုဘာသာရပ်ကို သင်ကြားပေးနေပါတယ်။ သူ့အမြင်မှာတော့ မွန်ရိုးရာအနုသုခုမပညာရပ်တချို့ ပျောက်ကွယ်ဖို့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

မြန်မာနိုင်ငံမှာသာ အာဆီယံထိုင်းနိုင်တို့မှာပါ ရှိခဲ့တဲ့ မွန်ရိုးရာသုခုမထဲမှာအတီးတူရိယာတွေထဲမှာ မွန်မိကျောင်း၊ စောင်း၊ ပတ္တလားနဲ့ လင်းကွင်းတို့ ပါဝင်ပါတယ်။ ဒီတူရိယာတွေကို တီးခတ်တဲ့ပညာကို ကျွမ်းကျင်သူတွေကလည်း တဖြည်းဖြည်း နည်းလာပါတယ်။

အလားတူ မွန်ရိုးရာသုခုမထဲမှာ ရှေးဟောင်း နန်းတွင်းအကနဲ့ သရုပ်ပြအကတွေကို သင်ကြားပေးနိုင်သူတွေလည်း ရှားပါးလာပါတယ်။

ရှေးဟောင်းမွန်ရိုးရာအကနဲ့ တွဲပြီး သီဆိုတဲ့ တေးဂီတပညာရပ်တွေမှာလည်း အလားတူ အခြေအနေတွေ ကြုံနေရပါတယ်။

“ဒီပညာရပ်တွေက ကျမတို့မျိုးဆက်လောက်ပဲ မီတော့တယ်။ ဒီဘက်ခေတ် ကိုမျိုးဆက်တွေက ကိုယ့်ယဉ်ကျေးမှုကို မသိကြတော့ဘူး” လို့ မိမိုးမိုးက ဆိုပါတယ်။

သူ့အပါအဝင် ဒီပညာရပ်တွေကို တတ်မြောက်ထားသူတွေကလည်းအသက်အရွယ်ကြီးလာနေကြပါပြီ။

လက်ရှိအခြေအနေအရ မွန်ရိုးရာယဉ်ကျေးမှုအနုသုခုမကို ကျွမ်းကျင်စွာ သင်ကြားပေးနိုင်တဲ့ ဆရာ၊ ဆရာမ အရေအတွက်ဟာ ၁၀ ဦးခန့်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။ အဲဒီထဲမှာ အများစုက အသက် ၅၀ ကျော်ကနေ ၇၀ ကျော်အရွယ်အထိ ရှိနေကြသလို၊ အချို့ကလည်း ကျန်းမာရေးအခြေအနေကြောင့် သင်ကြားပေးနိုင်ခြင်း မရှိတော့ပါဘူးလို့ဆိုပါတယ်။

ဒါကြောင့် အချိန်မနှောင်ခင် လက်ဆင့်ကမ်းသင်ယူမယ့် မျိုးဆက်သစ်တွေ မရှိရင်တော့ ဒီပညာရပ်တွေဟာ တစ်နေ့မှာ စာအုပ်ထဲက မှတ်တမ်းတွေအဖြစ်ပဲ ကျန်ခဲ့နိုင်ပါတယ်။ ဒါပေမဲ့ ရိုးရာအနုပညာတွေ ပျောက်ကွယ်လာရတဲ့ အကြောင်းရင်းက ပညာရှင်နည်းလာတာတစ်ခုတည်း မဟုတ်ပါဘူး။

ပညာအမွေဆက်ခံမဲ့သူတွေနဲ့ လက်တွေ့သင်ယူဖို့နဲ့ ဆက်လက်လေ့ကျင့်ဖို့ အခွင့်အရေးနည်းလာတာကလည်း အရေးကြီးတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

ဒီခေတ်မှာ လူငယ်တွေက ခေတ်ပေါ်တေးဂီတ၊ အကနဲ့ ဖျော်ဖြေရေးပုံစံအသစ်တွေကို ပိုမိုစိတ်ဝင်စားလာကြပါတယ်။ မွန်လူငယ်တစ်ဦးကလည်း ကိုယ့်ရိုးရာယဉ်ကျေးမှုအပေါ် လူငယ်တွေရဲ့ စိတ်ဝင်စားမှု နည်းလာတာကို အခုလို ပြောပါတယ်။

“မွန်လူငယ်တွေကြားမှာ ခေတ်နဲ့ဖြစ်လာတာလားတော့ မသိဘူး။ ကိုယ်ရိုးရာယဉ်ကျေးမှုအပေါ် စိတ်ဝင်စားမှုကတော့ တော်တော်ကို နည်းလာတယ်။ ဒီပညာရပ်ကို သင်ကြားဖို့ အချိန်မပေးနိုင်ကြဘူး။ ဒီပညာရပ်အစား တခြားပညာရပ်တွေ ဖြစ်တဲ့ ဘာသာစကားသင်တန်းတွေ၊ လုပ်ငန်းခွင့်တစ်ခုခုကို ဝင်နိုင်တဲ့ သင်တန်းတွေကိုပဲ သင်ယူကြတာက များတယ်” လို့ သူက ပြောပါတယ်။

ဒီလို လူငယ်တွေရဲ့ စိတ်ဝင်စားမှု နည်းလာတာနဲ့အတူ ရိုးရာအနုပညာတွေကို သိရှိနားလည်မှုပါ လျော့ကျလာနေပါတယ်။

မွန်ရိုးရာတူရိယာနဲ့ အကသင်တန်း ဖွင့်လှစ်သင်ကြားပေးနေတဲ့ ဆရာမ မိချိုချိုအေးကတော့ လူငယ်တွေကို အနည်းဆုံး အခြေခံလောက်တော့ လေ့လာစေချင်တယ်လို့ ဆိုပါတယ်။

“လူငယ်တွေကို တိုက်တွန်းချင်တာက ကိုယ်ရိုးရာအတီးအကကို ဝါသနာမပါလို့ ဖြစ်နေပါစေ။ နည်းနည်းလေးတော့ လေ့လာချင်စိတ်တွေ ရှိစေချင်တယ်” လို့ မိချိုချိုအေးက ပြောပါတယ်။

ရိုးရာအက ဘယ်လိုကရလဲ၊ တူရိယာတွေကို ဘယ်လိုတီးရလဲဆိုတဲ့ အခြေခံပညာလောက် သိထားဖို့ လိုတယ်လို့ သူက ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ယဉ်ကျေးမှုမှာ ဘာတွေရှိနေတယ်ဆိုတာ မသိတော့ရင် နောက်မျိုးဆက်ကို လက်ဆင့်ကမ်းဖို့ ပိုပြီး ခက်ခဲလာမှာ ဖြစ်ပါတယ်။

အခုဆိုရင် တချို့သင်တန်းသားတွေက ကိုယ်တီးနေတဲ့ ပတ္တလားကိုတောင် မွန်ရိုးရာတူရိယာလို့ မသိတော့တဲ့အခြေအနေ ရှိလာနေပါတယ်။

“တချို့သင်တန်းသားတွေက ကိုယ်ပတ္တလားကိုတောင် ကိုယ့်ရိုးရာမဟုတ်တူရိယာမဟုတ်ဘူးလို့ ထင်လာနေကြတယ်” လို့ မိချိုချိုအေးက ပြောပါတယ်။

ဒီအခြေအနေက ရိုးရာပညာရပ်တစ်ခု ပျောက်ကွယ်သွားတာထက် ပိုပြီး စိုးရိမ်စရာကောင်းပါတယ်။ ကိုယ့်ရိုးရာကို ကိုယ်တိုင် မသိတော့တာက နောက်မျိုးဆက်မှာ ပိုမိုကြီးမားတဲ့ အကွာအဝေးတစ်ခု ဖြစ်လာနိုင်ပါတယ်။

“အခုခေတ်လူငယ်တွေမှ မလေ့လာထားဘူးဆိုရင် နောက်မျိုးဆက်မှတော့ မုချ ပျောက်တော့မှာပေါ့” လို့ မိချိုချိုအေးက ဆိုပါတယ်။

ဒါပေမဲ့ ရိုးရာအနုပညာတွေ ပျောက်ကွယ်လာတာမှာ လူငယ်တွေကိုပဲ အပြစ်တင်လို့ မရပါဘူး။ သူတို့အတွက် လေ့လာနိုင်မယ့် နေရာနဲ့ အခွင့်အရေးတွေ ရှိဖို့လည်း လိုပါတယ်။ အခုခေတ်မှာ လူငယ်တွေဟာ ခေတ်ပေါ်တေးဂီတနဲ့ ဖျော်ဖြေရေးပုံစံအသစ်တွေကို ပိုမိုစိတ်ဝင်စားလာကြပါတယ်။ ဒါဟာ ခေတ်နဲ့အညီ ပြောင်းလဲလာတာဖြစ်လို့ သဘာဝကျပါတယ်။

ဒါပေမဲ့ ကိုယ့်ရိုးရာအနုပညာကို လေ့လာနိုင်မယ့် အခွင့်အရေးတွေ မရှိတော့ရင်တော့ မျိုးဆက်တစ်ဆက်ကနေတစ်ဆက် လက်ဆင့်ကမ်းလာတဲ့ ပညာရပ်တွေ ရပ်တန့်သွားနိုင်ပါတယ်။

“အရင်ကတော့ ရိုးရာပွဲတော်မှာ ကိုယ်ရိုးရာအတီး၊ အကနဲ့ ပျော်ပျော်ပါးပါး လှည့်လည်ကြတယ်။ ဒါပေမဲ့ အခုက ဆောင်းဘောက်တွေပဲ နေရာယူထားတယ်။ ကိုယ်ရိုးရာပွဲတော်ဓလေ့နဲ့ ဆောင်းဘောက်က မကိုက်ညီဘူးလေ။ အဲတော့ ကခုန်နေကြတာလည်း ကြည့်လို့မကောင်းဘူးပေါ့နော်။ အနောက်တိုင်းသီချင်းနဲ့ ဆောင်းဘောက်တွေကိုသာ နေရာဆက်ပေးထားပြီး ကိုယ်ရိုးရာယဉ်ကျေးမှုကို မဖယ်ထားသင့်ပါဘူး။ အဲဒီဆောင်းဘောက်အစား ကိုယ်ရိုးရာယဉ်ကျေးမှုကို ပြသခွင့်ပေးစေချင်တယ်” လို့ မိမိုးမိုးကက ပြောပါတယ်။

အခုက မွန်အမျိုးသားကောလိပ်နဲ့ တစ်နှစ်တစ်ခါ ဖွင့်လှစ်နေတဲ့ မွန်ရိုးရာအတီးအကသင်တန်းကနေ ပညာသင်ယူပြီး တတ်မြောက်လာတဲ့ လူငယ်တွေလည်း အများကြီး ရှိပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ လက်စွမ်းကို ပြသနိုင်မယ့်နေရာနဲ့ အခွင့်အရေးတွေ မဖန်တီးပေးနိုင်ကြပါဘူး။ အခွင့်အရေးမရှိတဲ့အခါ ဆက်လက်လေ့လာချင်စိတ်လည်း တဖြည်းဖြည်း လျော့ကျလာပါတယ်။

ဒါကြောင့် ရိုးရာအနုပညာကို ထိန်းသိမ်းဖို့ဆိုတာ သင်တန်းဖွင့်ပေးရုံနဲ့ မလုံလောက်ပါဘူး။ သင်တန်းပြီးဆုံးသွားတဲ့ လူငယ်တွေ ဆက်လက်လေ့ကျင့်နိုင်ဖို့ လမ်းဖွင့်ပေးဖို့လည်း လိုပါတယ်။

သူတို့ရဲ့ အရည်အချင်းကို လူထုရှေ့မှာ ပြသနိုင်မယ့် အခွင့်အရေးတွေ ဖန်တီးပေးဖို့လည်း လိုအပ်ပါတယ်။

ပွဲတော်တွေမှာ ဆောင်းဘောက်သံကို လျော့ချပြီး မွန်ရိုးရာတူရိယာ၊ အကနဲ့ သီချင်းတွေ တတ်မြောက်ထားတဲ့ လူတွေကို ပိုမိုနေရာပေးနိုင်ရင် မျိုးဆက်သစ် လူငယ်တွေအတွက်လည်း ဒီပညာရပ်ကို လေ့လာဖို့ အားတက်စရာ ဖြစ်လာနိုင်ပါတယ်။

တစ်ချိန်မှာ ကိုယ်တိုင် ဆရာဖြစ်လာပြီး နောက်မျိုးဆက်ကို ပြန်လည်သင်ကြားပေးနိုင်မှာလည်း ဖြစ်ပါတယ်။

ရှေးခေတ် မွန်ရိုးရာ သုခုမအနုပညာ စတင်မြစ်ဖျားခံ ထွန်းကားခဲ့တဲ့ ကာလမှာ အေဒီ ၆ ရာစု မှ ၁၁ ရာစု လွန်ခဲ့သော နှစ်ပေါင်း ၁,၀၀၀ မှ ၁,၅၀၀ ခန့်ကဖြစ်ပါတယ်။

သထုံ (သုဝဏ္ဏဘူမိ) ခေတ် အေဒီ ၉ ရာစု မှ ၁၁ ရာစုလောက်က မြန်မာနိုင်ငံအောက်ပိုင်းတွင် မွန်တို့ရဲ့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနဲ့ အတူ သုခုမအနုပညာများ ပူးတွဲထွန်းကားခဲ့တဲ့ ရာစုနှစ်တွေ ဖြစ်ပါတယ်။

အာဆီယံဒေသတွင်းမှာဆိုလည်း ဒွါရဝတီခေတ် အေဒီ ၆ ရာစု မှ ၁၁ ရာစုအခုခေတ် ထိုင်းနိုင်ငံအလယ်ပိုင်း ဒေသတွင် ထွန်းကားခဲ့တဲ့ မွန်နိုင်ငံတော် ဖြစ်ပါတယ်။

အဲ့ဒီခေတ်က ကျန်ရစ်ခဲ့တဲ့ မြေမီးဖုတ်ရုပ်ကြွတွေနဲ့ ကျောက်ဆစ်လက်ရာတွေမှာ ဂီတတူရိယာများ တီးခတ်နေပုံ၊ ကပြနေပုံများကို တွေ့ရှိရသဖြင့် မွန်သုခုမအနုပညာ အထွတ်အထိပ်ရောက်ခဲ့တဲ့ ရာစုနှစ်တွေအဖြစ် သတ်မှတ်ကြပါတယ်။

ဒီလိုသမိုင်းအစဥ်အလာကြီးမားတဲ့ မွန်သုခုမပညာရပ်တွေဟာ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းနိုင်မှသာ မွန်ရိုးရာအနုပညာတွေ ရှင်သန်နိုင်မှာပါ။

မဟုတ်ရင်တော့ ဒီနေ့မှာ သင်ကြားသူမရှိတော့တဲ့ ပညာရပ်တွေလိုပဲ မနက်ဖြန်မှာ မွန်ရိုးရာအနုပညာတချို့ဟာ စာအုပ်ထဲက မှတ်တမ်းတစ်ခုအဖြစ်သာ ကျန်ရစ်သွားနိုင်ပါတယ်။

မိမိုးမိုးကတော့ “မွန်ရိုးရာယဉ်ကျေးမှု မပျောက်ကွယ်အောင် မွန်ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရေးအဖွဲ့တစ်ခုကသာ ထိန်းသိမ်းနိုင်မှာ မဟုတ်ပါဘူး။ လူငယ်တွေကအစ လူကြီးတွေကအဆုံး မွန်ပြည်သူအားလုံး ဝိုင်းဝန်းထိန်းသိမ်းမှာ ရမှာပါ” လို့ အကြံပေးပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts