Homeသတင်းသြဂုတ်လပထမအပတ်အတွင်း မွန်အမျိုးသားကွန်ဖရင့်တစ်ရပ်ကျင်းပမည်

သြဂုတ်လပထမအပတ်အတွင်း မွန်အမျိုးသားကွန်ဖရင့်တစ်ရပ်ကျင်းပမည်

-

လာမည့် သြဂုတ်လ ပထမအပတ်၌ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ မော်လမြိုင်ခရိုင်ဌာနချုပ်ရှိရာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်ပေါက်ကျေးရွာတွင် မွန်ပြည်သစ်ပါတီမှဦးဆောင်၍ မွန်အမျိုးသားကွန်ဖရင့်တစ်ရပ် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

၂၀၁၃ မွန်အမျိုးသားကွန်ဖရင့်-မော်လမြိုင်(MNA)
၂၀၁၃ မွန်အမျိုးသားကွန်ဖရင့်-မော်လမြိုင်(MNA)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ပင်လုံညီလာခံ) တွင် မွန်တမျိုးသားလုံးကိုယ်စားပြု တစ်သံတည်းထွက် ရှိစေရန်နှင့် မွန်တမျိုးသားလုံးညီညွတ်ရေးကို ဖော်ဆောင်နိုင်ရေးအတွက် မွန်အမျိုးသားကွန်ဖရင့်ကို (၃) ရက်ကြာ ဆွေးနွေးကျင်းပသွားမည်ဟု ဆိုသည်။

“အခုလုပ်မယ့် ကွန်ဖရင့်က မွန်တမျိုးသားလုံး တစ်သံထဲထွက်ပေါ်ရေး၊ အတူတကွ ဘယ်လိုပူးတွဲလုပ်ဆောင် သွားကြမလဲပေါ့။ ပြည်ထောင်စု ငြိမ်ချမ်းရေး ညီလာခံက ဘယ်သူတွေက တက်ရလိမ့်မယ်ဆိုတာ မသိရှိရသေး ဘူး။ ဒါပေမဲ့ ဘယ်သူတက်တက် တစ်သံထဲဖြစ်ဘို့ စဉ်စားထားတာရှိတယ်။ ရေးဆွဲထားတဲ့ ရာမညမွန်ပြည်နယ် ဥပဒေ (မူကြမ်း) ကို လည်း ဘယ်နေရာမှာ ပြင်ဆင်သင့် ဖြည့်ဆည်သင့်တာကိုလည့် ဆွေးနွေးသွားဘို့ရှိတယ်” ဟု မွန်ပြည်သစ်ပါတီဗဟိုအလုပ်အမှုဆောင် ပြည်တွင်းရေးရာဌာနကြီးတာဝန်ခံ နိုင်ဝင်းလှက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မွန်အမျိုးသားကွန်ဖရင့်က ဆုံးဖြတ်ထားသည့် ‘မွန်တမျိုးသားလုံးညီလာခံ ကျင်း ပသွားမည်’ ဆိုသည့် ဆုံးဖြတ်ချက်ကို အကောင်အထည်မဖော်ဆောင်နိုင်ခဲ့ကြောင်း၊ ယခုပြုလုပ်မည့် မွန်အမျိုးသားကွန်ဖရင့်တွင်လည်း “မွန်တမျိုးသားလုံးညီလာခံကျင်းပပြုလုပ်နိုင်ရေး” ကိုလည်း ဆက်လက်ဆွေးနွေးသွားမည်ဟု ဆိုသည်။

အဆိုပါမွန်အမျိုးသားကွန်ဖရင့်ကို တက်ရောက်မည့်ကိုယ်စားလှယ်အဖြစ် မွန်ပြည်သစ်ပါတီမှ (၄၀) ဦး၊ ပြည်တွင်းမွန်နိုင်ငံရေးပါတီမှ (၄၀) ဦး၊ မွန်အရပ်ဖက်အဖွဲ့အစည်းမှ (၄၀) ဦး၊ သံဃာတော်တွေနှင့် ဖိတ်သင့် ဖိတ်ထိုက်သူများမှ (၃၀) ဦး စုစုပေါင်း ကိုယ်စားလှယ် (၁၅၀) ဦး ဖိတ်ကြားရန် စီစဉ်ထားသည်ဟု သိရသည်။

ကွန်ဖရင့်ဦးဆောင်ကျင်းပသည့် မွန်ပြည်သစ်ပါတီအနေဖြင့် သော်လည်းကောင်း၊ မွန်အရပ်ဖက်အဖွဲ့အစည်း၊ မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အပါအဝင် အားလုံးတို့သည် ကွန်ဖရင့်အပေါ် မိမိတို့၏ဆန္ဒပြီးပြည့်စုံမှု မရှိနိုင်သော်လည်း မွန်တမျိုးသားလုံး၏ အနာဂတ်အတွက် တစ်သံတစ်သားတည်း ဖြစ်စေရန် ဆွေးနွေးအဖြေရှာသွားမည်ဟု နိုင်ဝင်းလှက ဆက်ပြောသည်။

မွန်အမျိုးသားကွန်ဖရင့်ကျင်းပရေးကော်မတီတွင် မွန်ပြည်သစ်ပါတီဗဟိုအလုပ်အမှုဆောင် နိုင်ဝင်းလှ၊ ဗဟိုကော်မတီဝင်များဖြစ်ကြသော နိုင်ဟံသာဗိန်ခိုင်း၊ နိုင်လဝီမွန်၊ နိုင်ခြေးမွန်နှင့် ဒုဗိုလ်မှူးကြီးချမ်းလွန်၊ မွန်နိုင်ငံရေးပါတီများမှ (၅) ဦး၊ မွန်အရပ်ဖက်အဖွဲ့အစည်းမှ (၅) ဦး တို့က တာဝန်ယူ ဆောင်ရွက်သွားမည်ဟု သိရသည်။

မွန်ရေးရာအဖွဲ့ချုပ်ဦးဆောင်ပြီး ၈ ကြိမ်မြောက် မွန်အမျိုးသားကွန်ဖရင့်ကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ဂျပန်ရေတွင်းရွာ၌ ပြီးခဲ့သည့်မေလအတွင်း ကျင်းပရာစီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အစီအစဉ်ဖျက်သိမ်းခဲ့ရကြောင်း ကွန်ဖရင့်စီစဉ်ကျင်းပသူများထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts