ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အပါအဝင် ပြည်နယ် ၂၁ ခုတွင် ရေကြီးရေလျှံမှုဆက်လက်ဖြစ်နေပြီး အိမ်ထောင်စုပေါင်း ၁.၁၃ သန်းကျော်နှင့် လူဦးရေ ၃.၁၅ သန်းကျော်တို့ လက်ရှိအချိန်အထိ ရေဘေးသင့်နေကြောင်း ထိုင်းသတင်းဌာန၏ ဖော်ပြထားချက်အရ သိရသည်။
သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးဌာန (DDPM) ၏ အောက်တိုဘာ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းရှိ ခရိုင် ၁၀၄ ခု၊ တိုက်နယ် ၈၉၃ ခုနှင့် ကျေးရွာပေါင်း ၆,၆၇၃ ရွာတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေဆဲဖြစ်သည်။
အရှိန်အဟုန်ပြင်းစွာ ဆက်တိုက်ရွာနေသည့် မိုးဒဏ်အပြင် နိုင်ငံမြောက်ပိုင်းမှ စီးဆင်းလာသော အရှိန်ပြင်းရေလှိုင်းများက အလယ်ပိုင်းဒေသများသို့ စီးဝင်လာခြင်းကြောင့် ယခုကဲ့သို့ ရေဘေးအခြေအနေ ပိုမိုဆိုးရွားလာရခြင်း ဖြစ်သည်။

ယခုရေကြီးမှုဖြစ်စဉ်အတွင်း သေဆုံးသူ ၅၃ ဦး အထိ ရှိပြီ ၎င်းတို့အနက်မှ ပရာချင်ဘူရီတွင် သေဆုံးသူ ၂၃ ဦးဖြင့် အများဆုံးဖြစ်ပြီး၊ စမုတ်ပရာကန်တွင် ၉ ဦးနှင့် ဘန်ကောက်မြို့တွင် ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရေပြန်လည်ကျဆင်းနေသော်လည်း စမုတ်ပကန်တွင် အိမ်ထောင်စု ၂၂၃,၀၀၀ ကျော်နှင့် ပထုံထာနီတွင် ၂၄၆,၀၀၀ ကျော် အသီးသီး ထိခိုက်ခဲ့ရပြီး အလယ်ပိုင်းဒေသ အများစုတွင် ရေဘေးဒဏ်ကို ပြင်းထန်စွာ ခံစားနေရဆဲဖြစ်သည်။
အရှေ့ပိုင်းဒေသရှိ ချာချိုအင်ဆာအိုသည် ခရိုင် ၈ ခုအထိ ရေလွှမ်းမိုးထားပြီး ရေမျက်နှာပြင်မှာ ဆက်လက်မြင့်တက်နေဆဲဖြစ်သဖြင့် အထူးစိုးရိမ်ရသည့်ဇုန်အဖြစ် သတ်မှတ်ထားပြီး ဆူဖန်ဘူရီနှင့် ကန်ချနဘူရီတွင်လည်း ရေကြီးမှုအခြေအနေသည် ကျဆင်းသွားခြင်းမရှိဘဲ တည်ငြိမ်နေဆဲဖြစ်သည်။
DDPM ညွှန်ကြားရေးမှူးချုပ် နီရတ် ဖောင်စစ်သီထာဝမ်က ရေဘေးသင့်ပြည်သူများကို ကူညီရန် ဒေသခံရုံးခွဲများနှင့် ကယ်ဆယ်ရေးအဖွဲ့များကို ညွှန်ကြားထားပြီး၊ ရေကျဆင်းသွားသည့် ဒေသများတွင်လည်း ပျက်စီးဆုံးရှုံးမှုများကို စာရင်းကောက်ယူကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်နေပြီဟု ဆိုသည်။
ကိုးကား-The Nation Thiland




