Homeသတင်းမွန်ပြည်သစ်ပါတီနှင့် မြန်မာငြိမ်းချမ်းရေးစင်တာတို့ အလွတ်သဘောတွေ့ဆုံ

မွန်ပြည်သစ်ပါတီနှင့် မြန်မာငြိမ်းချမ်းရေးစင်တာတို့ အလွတ်သဘောတွေ့ဆုံ

-

ခတ္တာနန်း – မွန်ပြည်သစ်ပါတီနှင့် မြန်မာ့ငြိမ်းချမ်းရေးစင်တာ Myanmar Pease Center-MPC တာဝန်ရှိသူများ ယမန်နေ့တွင် မော်လမြိုင်မြို့၌ အလွတ်သဘော တွေ့ဆုံခဲ့ကြောင်း မြန်မာ့ငြိမ်းချမ်းရေးစင်တာ အကြီးတန်း အကြံပေးအရာရှိ ဦးလှမောင်ရွှေက ပြောသည်။

ဦးလှမောင်ရွှေက “ အစိုးရဘက်က ဆက်လက်ဆောင်ရွက်မယ့် နိုင်ငံရေးလမ်းပြမြေပုံတွေကို ရှင်းလင်း တင်ပြခဲ့တာပါ” ဟု ပြောသည်။

မွန်ပြည်သစ်ပါတီနှင့်မြန်မာအစိုးရကိုယ်စားလှယ်တို့အမှတ်တရဓါတ်ပုံ(Facebook)
မွန်ပြည်သစ်ပါတီနှင့် မြန်မာအစိုးရကိုယ်စားလှယ်တို့ အမှတ်တရဓါတ်ပုံ(Facebook)
အလားတူ မွန်ပြည်သစ်ပါတီကလည်း တွေ့ဆုံဆွေးနွေရေး ဖြစ်မြောက်ရေးအတွက် စီစဉ်ဆောင်ရွက်နေသည်ဟု သိရှိရပြီး ယခုခရီးစဉ်သည် MPC က မွန်ပြည်သစ်ပါတီ၏ မော်လမြိုင်ဆက်ဆံရေးရုံးသို့ အလည်အပတ် သွားရောက်တင်ပြသည့်သဘောသာလျှင်ဖြစ်ကြောင်း ဦးလှမောင်ရွှေက ဆက်ပြောသည်။

“ကျနော်တို့ Technical Team အနေနဲ့ကတော့ ဆွေးနွေးဖို့နဲ့ အဆုံးအဖြတ်ပေးဖို့ ဆိုတာထက် ဒီက Message တွေကို ယူဆောင်သွားပေးတယ်၊ အထက်က Message တွေကို ပြန်ယူလာမယ်၊ ကျနော်တို့က ကြားကနေပြီ ညှိနှိုင်းဆောင်ရွက်ပေးတာပါ” ဟု ဦးလှမောင်ရွှေက ဆက်ပြောသည်။

မိမိတို့အနေဖြင့် အနာဂတ်နိုင်ငံရေးတွင် အားလုံးပါဝင်နိုင်ရေးအတွက် မွန်ပြည်သစ်ပါတီလည်း ပါဝင်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ ပါဝင်နိုင်ရန် နှစ်ဖက် Technical Team အနေဖြင့် ပြင်ဆင်ပေးသည့် သဘောသာလျှင်ဖြစ်ကြောင်း၊ နှစ်ဖက်တွေ့ဆုံရေးတွင် သက်ဆိုင်ရာ ခေါင်းဆောင်တို့၏ ဆုံးဖြတ်မှုပေါ်တွင်သာ မူတည်ကြောင်း ဦးလှမောင်ရွှေက ပြောသည်။

မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ ဦးလှမောင်ရွှေ၊ ဒေါက်တာ ကျော်ရင်လှိုင်၊ ဦးအောင်နိုင်ဦး နှင့် ဦးညိုအုန်းမြင့်တို့ လာရောက်ခဲ့ကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာနကြီးတာဝန်ခံ နိုင်တလညီက Myanmar Peace Center မှ မိမိတို့ မွန်ပြည်သစ်ပါတီရုံးသို့ အလည်အပတ် သဘောသာလာရောက်ခြင်းဖြစ်ကြောင်း၊ မိမိတို့ မွန်ပြည်သစ်ပါတီအနေဖြင့် အစိုးရနှင့်တွေ့ဆုံမည့် အစီအစဉ်မရှိသေးကြောင်း ပြောသည်။

မြန်မာအစိုးရ ပြည်တောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ၏ Technical Team နှင့် မွန်ပြည်သစ်ပါတီတို့၏ နည်းပညာအထောက်အကူပြု အဖွဲ့ Technical Team တို့ တွေ့ဆုံဆွေးနွေးရန် မူလကစီစဉ်ထားခဲ့သော်လည်း အစီအစဉ်ပျက်ပြယ်ခဲ့သောကြောင့် အလွတ်သဘောတွေ့ဆုံကြခြင်း ဖြစ်သည်။

မွန်ပြည်သစ်ပါတီ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ နိုင်ဟံသာဗိုန်ခိုင်းက “ မွန်ပြည်သစ်ပါတီအနေနဲ့ကတော့ UNFC ရဲ့ မူနဲ့ပဲ ဦးတည်သွားမှာပါ၊ ဒါကြောင့် အခုအလွတ်သဘော Message ပေးတဲ့သဘောလောက်ပါပဲ တွေ့ဖြစ်ကြတာပါ” ဟုပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းအတွင်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC က တိုင်းရင်းသားလူမျိုးများ ကွန်ဖရင့်ကျင်းပခဲ့ရာတွင် ဗမာပြည်နယ်ပါဝင်သည့် ဖက်ရယ်ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်ရေးဆွဲရန်နှင့် UNFC ၏နိုင်ငံရေး တွေဆုံးညှိနိုင်ရေး မူဘောင်များကို အတည်ပြုချမှတ်ခဲ့ကြသည်။

မွန်ပြည်သစ်ပါတီသည် UNFC အဖွဲ့ဝင်ဖြစ်ပြီး လက်ရှိအထွေထွေအတွင်းရေးမှူးမှာ နိုင်ဟံသာ (မွန်ပြည်သစ်ပါတီ-အထွေထွေအတွင်းရေးမှူး) ဖြစ်နေသည်။

UNFC တွင် အခြေခံအဖွဲ့ ၆ ဖွဲ့ဖြစ်သည့် ကချင် KIO၊ ကရင် KNU၊ ချင်း CNF၊ မွန် NMSP၊ ကရင်နီ KNPP၊ ရှမ်း SSPP နှင့် ဆက်စပ်အဖွဲ့ ပလောင် PSLF၊ လားဟူ LDU၊ ရခိုင် NUPA၊ ပအိုဝ်း PNLO၊ ဝ’ WNO စသည့်တိုင်းရင်းသားလက်နက်ကိုင် ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts