Homeသတင်း၂၀၁၂ မွန်ပြည်နယ်လုံးဆိုင်ရာ လူငယ်များတွေ့ဆုံပွဲကျင်းပ

၂၀၁၂ မွန်ပြည်နယ်လုံးဆိုင်ရာ လူငယ်များတွေ့ဆုံပွဲကျင်းပ

-

ခတ္တာနန်း – မွန်ပြည်နယ်လုံးဆိုင်ရာ လူငယ်များတွေ့ဆုံပွဲ (Mon State Youth Forum) တရပ်ကို မွန်ပြည်နယ် ပွင့်လင်းကွန်ယက်အဖွဲ့မှ ကြီးမှူး၍ မော်လမြိုင်မြို့ရှိ မွန်မြတ်သောအိမ်ထောင်စု ဘုရားရှိခိုးကျောင်း (Holy Family Church) ၌ ယနေ့တွင် စတင်ပြုလုပ်ခဲ့ကြောင်း အခမ်းအနားဦးဆောင်သူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်လုံးဆိုင်ရာ လူငယ်များတွေ့ဆုံပွဲကျင်းပသည့်နေရာ(Kyi Zaw Lwin)
မွန်ပြည်နယ်လုံးဆိုင်ရာ လူငယ်များတွေ့ဆုံပွဲ ဖြစ်မြောက်ရေး တာဝန်ခံ ကိုကြည်ဇော်လွင်က “ ဒီနေ့ တွေ့ဆုံပွဲမှာတော့ လူမှုရေး ကိုယ်စားပြုတဲ့အဖွဲ့ရယ်၊ နိုင်ငံရေး ကိုယ်စားပြုတဲ့ အဖွဲ့တွေရယ်၊ နောက်ပြီး တိုင်းရင်းသား ကိုယ်စားပြုတဲ့ အဖွဲ့တွေရယ် အားလုံး အသင်းအဖွဲ့ ၅၀ ကျော်တယ်” ဟု ပြောသည်။

ယနေ့ကျင်ပသော လူငယ်များတွေ့ဆုံပွဲသို့ ပအို့ဝ်ပါတီ ယဉ်ကျေးမှုအဖွဲ့၊ ကရင်လူငယ်များအဖွဲ့၊ စာကြည့်တိုက်လူငယ်များအဖွဲ့ ၊ လူငယ် volunteer အဖွဲ့၊ ပရဟိတ အသင်းအဖွဲ့များ၊ ကျောင်းသားသမဂ္ဂဝင်များ၊ မွန်ဒီမိုကရေစီပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ တက္ကသိုလ်ကျောင်းသားလူငယ်များနှင့် သွေးလှုရှင်အသင်းအဖွဲ့များမှ လူငယ်ကိုယ်စားလှယ်ပေါင်း ၁၀ဝ ကျော်ခန့်တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကို ၂ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်သည်။

ဆွေးနွေးပွဲတွင် ပညာရေး၊ ကျန်းမာရေး၊ မူယစ်ဆေးဝါး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ သဘာဝပတ်ဝန် ကျင်းအရေး၊ ယဉ်ကျေးမှု၊ လူငယ်နှင့်မီဒီယာ၊ တခြား လူငယ်နှင့် ပတ်သတ်သော ကဏ္ဍများ(၁၀) ခုအား ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကိုကြည်ဇော်လွင်က “ ခေါင်စဉ် ၁၀ ခုဆိုတော့ သူ့ကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးတဲ့လူက ၁၀ ယောက်ပါ၊ တက်ရောက်လာကြတဲ့လူငယ်တွေအနေနဲ့လဲ စိတ်ဝင်စားစွာနဲ့ ဆွေးနွေးသွားကြပါတယ်” ဟု ပြောသည်။

ဆွေးနွေးပွဲအစီအစဉ်ပြီးဆုံပါက အတည်ပြုချက် ရလဒ်များကို ကြေညာချက်တစ်ရပ် ထုတ်ပြန် ထုတ်ရန်ရှိပြီး ထို့အပြင် မြန်မာနိုင်ငံလုံးဆိုင်ရာလူငယ်ဖိုရမ်တက်ရောက်အတွက် ကိုယ်စားလှယ်များ ရွေးချယ်သွားမည် ဖြစ်ကြောင်းသည်။

လာမည့် ဒီဇင်ဘာလလယ်ပိုင်းတွင် တိုင်းနှင့်ပြည်နယ်များအလိုက် လူငယ်ဖိုရမ်များမှ ရွေးချယ်သော ကိုယ်စားလှယ်များဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ဖိုရမ်သည် ဆက်လက် ကျင်းပသွားရန် အစီအစဉ်ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ဖိုရမ်သည် လာမည့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်ကျင်းပခွင့်ရရှိမည့် အာစီယံလူငယ်များဖိုရမ်အတွက် ကြိုတင်ပြင်ဆင်မှုတရပ်ဟု ဦးစီးကျင်းပသူ လူငယ်များက ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts