မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / ကျောက်မီးသွေးဓာတ်အားပေးစက်ရုံကို ဖာလိန်ဒေသခံပြည်သူများ အဘယ်ကြောင့်ဆန်ကျင်ပါသနည်း

ကျောက်မီးသွေးဓာတ်အားပေးစက်ရုံကို ဖာလိန်ဒေသခံပြည်သူများ အဘယ်ကြောင့်ဆန်ကျင်ပါသနည်း

ရေးသားသူ: > နိုင်စိုင်း – ၂၀၁၅ ခုနှစ်၊ မေလ (၅) ရက်နေ့တွင်ဖြစ်သည်။ မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ဘက်အပိုင်းရှိ ဖာလိန်တောင်တန်းဒေသတစ်လှျောက်မှဒေသခံပြည်သူများက ဆိုင်ကယ်များနှင့်တဖုံ၊ ကားများနှင့်တကွ အံဒင်

ကျေးရွာဘက်သို့အဖွဲဖွဲချီတက်ရောက်လာကြသည်။ ၎င်းတို့တွင် “ကျောက်မီးသွေးအလိုမရှိ”၊ “No Coal”၊ “တိုယိုတာကုမ္ပဏီ အလိုမရှိ” စသည့်စာတမ်းများ၊ နဖူးစည်းများနှင့် လက်ပတ်များဖြင့်ချီတက်လာသည်ဖြစ်သောကြောင့် ၎င်းတို့အားလုံးမှာ “ကျောက်မီးသွေးစွမ်းအင်သုံးဓါတ်အားပေးစက်ရုံ” ကိုဆန့်ကျင်သည့်ဆန္ဒပြပွဲသို့ သွားရောက်ရန် ဖြစ်ကြောင်း သိလာလှပေသည်။

အံဒင်ကျေးရွာ ရွာဦးဘုန်းကြီးကျောင်းအရှေ့၊ အစိုးရအထက်တန်းစာသင်ကျောင်းနံဘေးရှိ ဘောလုံးကွင်းဆီဆန္ဒပြရွာသူ ရွာသားများအဖွဲဖွဲရောက်ရှိလားပြီး အရှေ့ဘက်စင်မြင့်တွင်လည်း ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံဆန့်ကျင်းသည့် နောက်ခံပိုစတာကိုတွေ့ရလေသည်။ ဤမေလ (၅) ရက်နေ့ ဆန္ဒပြပွဲတွင်ဒေသခံ ပြည်သူပေါင်း (၆၀၀၀) ကျော်တက်ရောက်ပြီး၊ ဒေသခံလူငယ်များနှင့် မွန်ပြည်ရှိလူထုအဖွဲ့အစည်းများမှစီစဉ်သည့်ဆန္ဒပြပွဲပင်ဖြစ်ပေသည်။ ဆန္ဒပြပွဲသို့ နိုင်ငံရေးပါတီအချို့၊ နိုင်ငံရေးသမားအချို့တက်ရောက်ပြီးအများစုမှာဒေသခံ ပြည်သူများဖြစ်ပေသည်။ ၎င်းတို့မှာအံဒင်ကျေးရွာတွင် တိုယိုထိုင်းကုမ္မဏီမှတည်ဆောက်မည့် ၁၂၈၀ မီတာဝပ်ထုတ် ကျောက်မီးသွေးသုံးဓါတ်အားပေးစက်ရုံသည်ဒေသခံပြည်သူများအတွက် အကျိုးမရှိပဲ၊ ဒေသတွင်ရှိ စိုက်ပျိုးရေးနှင့်သဘာဝပတ်ဝန်းကျင်ကိုဖျက်ဆီးရုံသာမက ဒေသအတွင်းပြည်သူများ၏ လူမူရေး၊ ယဉ်ကျေးမှုဘဝကိုပါ ဖျက်ဆီးနိုင်သောကြောင့်ဆန့်ကျင်ခြင်းဖြစ်ပေသည်။

အချက်အလတ်များစုဆောင်းခြင်း
လွန်ခဲ့သည့်၂၀၁၄ ခုနှစ်ဧပြီလ၌တိုယိုထိုင်းကုမ္မဏီအရာရှိများ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်အချို့ အံဒင်ကျေးရွာသို့ရောက်ရှိလာခဲ့သည်။ ကုမ္မဏီမှရှင်းပြရာတွင် အကယ်၍ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတည်ဆောက်ဖြစ်ခဲ့မည်ဆိုပါက ဒေသအတွင်းဖွံ့ဖြိုးရေးလုပ်ငန်း၊ ကျောင်း၊ လမ်း၊ တံတား၊ ဆေးရုံတည်ဆောက်ရေးအတွက်သူတို့မှ ဒေါ်လာငွေ (၂.၅) သန်းပေးအပ်မည် ဖြစ်ကြောင်းပြောကြားခဲ့သည်။ မြန်မာငွေနှင့်တွက်မည်ဆိုပါက သန်းပေါင်း (၂၅၀၀) ကျပ်ရှိမည်ဖြစ်သည်။ နည်းသည့်ငွေမဟုတ်ဟုဆိုရပေမည်။
သို့သော်အံဒင်ကျေးရွာဆရာတော် “ဘဒ္ဒန္တသီလ” နှင့် ဦးဇင်းနန္ဒနှင့် တကွရွာသူရွာသားများ တွက်ချက်ရပါသည်။ ကုမ္မဏီသည့်ပေးအပ်သည့် အထောက်ပံ့နှင့် ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံကြောင့် ဖြစ်ပေါ်လာမည့်အဆိုးကျိုးများ-ကိုက်ညီပါ၏လော တွက်ချက်ရသည်။
ဦးဇင်းနန္ဒမှဒေသခံ အံဒင်ကျေးရွာနှင့် အခြားဖာလိန်ဒေသအတွင်း ရှိကျေးရွာများမှ လူငယ်များကိုစည်းရုံးကာကျောက်မီးသွေးနှင့် ပတ်သက်သည့် အကောင်းအကျိုး၊ အဆိုးကျိုးများကိုလေ့လာစေပါသည်။ ဦးဇင်းနန္ဒနှင့်လူငယ်အချို့ ထိုင်းနိုင်ငံအတွင်း သွားရောက် လေ့လာစေပါသည်။ အချို့သောလူငယ်များမှသဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည့် သင်တန်းများကို တက်ရောက်စေပါသည်။ ၎င်းအပြင် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံအကြောင်း ကောင်းမွန်စွာသိရှိနားလည်သည့်ပညာရှင်များကို ခေါ်ယူကာကျေးရွာအတွင်းစာပေဟောပြောပွဲ ပြုလုပ်ကာ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံအကြောင်းဟောပြောစေပါသည်။
ဦးဇင်းနန္ဒနှင့် လူငယ်အဖွဲ့တို့တခုထွက်မိသည်ကား မိမိတို့ကျေးရွာတဝိုက်တွင် ကျောက်မီးသွေးစက်ရုံ တည်ဆောက်ပြီးပါက ပျက်စီးဆုံးရံှုးသွားနိုင်မည့် မိမိတို့၏စိုက်ပျိုးရေးလုပ်ငန်း၊ တံငါလုပ်ငန်းနှင့်အနီးတဝိုက်ဖာလိန် တောင်တန်းအပေါ်ရှိ တောတောင်သဘာဝအရင်းအမြစ်သည် မည်မှျရှိနိုင်သနည်း၊ တိုယိုထိုင်းကုမ္မဏီကပေးအပ်သည့် အထောက်အပံ့ငွေ ဒေါ်လာငွေ (၂.၅) သန်းနှင့်ကာမိမည်လောစဉ်းစားလာကြသည်။
ထိုစဉ်းစားချက်နှင့်အတူ၊ ထိုင်းနိုင်ငံသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များ၏ အကူအညီအဖြစ်ဒေသအတွင်း ထွက်ရှိသည့် ထွက်ကုန်၏တန်ဖိုး နှင့်သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၏ တန်ဖိုးကိုအတိအကျအချက်အလက်ကောက်ယူရန် စတင်ခဲ့ပေသည်။ လူငယ်များအချက်အလက် စုဆောင်းကောက်ခံသင်တန်း (Downnentation Training) ကိုတက်ရောက်ခဲ့ပြီး၊ တအိမ်တက်တအိမ်ဆင်း အချက်အလက်များကောက်ခံခဲ့လေသည်။
အဓိကကောက်ခံသည့်ဒေသ ထုတ်ကုန်အချက်အလက်များတွင် (၁)ဆန်စပါး (၂)ကွမ်းသီး (၃)တံငါလုပ်ငန်းကိုသာ အဓိကထားကောက်ခံခဲ့ပေသည်။ ဖာလိန်ဒေသတွင် (၁)အံဒင်၊ (၂)နှစ်တရုတ် (၃)အံဒင်ရွာသစ်၊တံငါရွာ (၄)နှီးနှု (၅)သာဂရမ် (၆)ပလိုင်သီကျေးရွာမှ လူငယ်များကိုခေါ်ယူပြီး၊ ၎င်းတို့အားသင်တန်းပေးကာတအိမ်တက်၊ တအိမ်ဆင်း အချက်အလက်များ ကောက်ခံစေပါသည်။ မိမိတို့ကျေးရွာတွင်သာတာဝန်ယူ ကောက်ခံစေပါသည်။

ကွမ်းသီးခြံလုပ်ငန်း

ကွမ်းသီးအခြေလှန်းပုံ(GS)
ကွမ်းသီးအခြေလှန်းပုံ(GS)
ဖာလိန်ဒေသတွင် ကွမ်းသီးခြံလုပ်ငန်းသည် အဓိကဝင်ငွေလုပ်ငန်းတရပ်ဖြစ်ပေသည်။ အထက်တွင် ဖော်ပြထားသည့်ဖာလိန်ဒေသကျေးရွာပေါင်း (၆) ရွာစလုံးသည် ကွမ်းခြံစိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကိုင်ကြပေသည်။ ကွမ်းခြံလုပ်ငန်းမှ အဓိကဝင်ငွေရရှိသောကြောင့် ဒေသအတွင်းစီးပွားရေးတည်ငြိမ်နေပေသည်။
အချက်အလက်စုဆောင်းသည် လူငယ်များမှကျေးရွာအတွင်း ကွမ်းခြံစိုက်ပျိုးသူ အိမ်ထောင်စုဦးရေ၊ အိမ်ထောင်စုတခုချင်း၏ကွမ်းပင်အရှေအထွက်နှင့် ထွက်ရှိသည့်ကွမ်းသီး အရေအတွက်ကိုစုဆောင်းရယူရပေသည်။ ကွမ်းသီးစိုက်ပျိုးထားသည့် မြေဧကစုစုပေါင်းကိုလည်း စုဆောင်းရယူခဲ့ပေသည်။ နောက်ဆုံးတွက်ရှိသည့် ကွမ်းသီးအရေအတွက်ပိသာချိန်နှင့် ကာလပေါက်စျေးအား တွက်ချက်ပြီးတနှစ်တာဝင်ငွေ အကြမ်းပျင်းခန့်မှန်းကြသည်။
ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ လျာထားပုံ(GS)
ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ လျာထားပုံ(GS)
၎င်းတို့တွေ့ရှိချက်တွင် ဖာလိန်ဒေသအတွင်း၌အိမ်ထောင်စု (၁၁၅၇) အိမ်ထောင်စုရှိပြီး၊ ၎င်းအနက်အိမ်ထောင်စု (၇၁၂) စုမှာ ကွမ်းခြံမြေဧကပိုင်ဆိုင်ကြသည်။ ထိုကွမ်းမြေ (၃၈၅၈) ဧကမှကွမ်းပင်အရေအတွက် (၁၅၄၉၂၉၅) ပင်ရှိကာ အကြမ်းဖျင်းကွမ်းထွက်နှုန်း အလုံးရေ (၁၅၀၄,၂၆,၀၀၀) ရှိမည်။ ကွမ်းသီးကို ကာလပေါက်စျေး တစ်လုံးအား (၂၀)ကျပ်ဖြင့်ထွက်ချက်မည် ဆိုပါက ဝင်ငွေစုစုပေါင်း (၃၀၀၈၅,၂၀,၀၀၀) ကျပ်သို့ တည်းမဟုတ်ကျပ်သန်းပေါင်း (၃၀၀၀)ကျော်ရှိမည်ဖြစ်သည်။

ဆန်စပါးလုပ်ငန်း
ကွမ်းခြံလုပ်ငန်းနှင့်နှုိင်းယှဉ်မည်ဆိုပါကဆန်စပါးလုပ်ငန်းစိုက်ပျိုးလုပ်ကိုင်သူနည်းပါသည်။ အံဒင်ကျေးရွာအနီးတဝိုက်တွင် သာမန်လယ်သမားများလယ်ယာမြေစိုက်ခင်းများရှိကြပါသည်။ အထက်တွင်ဖော်ပြထားသည့် ကျေးရွာပေါင်း (၆)ရွာအနက် အံဒင်ရွာသစ်သို့မဟုတ်တံငါရွာသည် စပါးစိုက်ပျိုးရေးလုပ်ငန်းမလုပ်ကို်င်ပဲ၊ တံငါလုပ်ငန်းကိုသာအဓိကထား လုပ်ကိုင်ကြသည်။
ထို့ကြောင့်ဒေသခံလူငယ်များမှ လယ်ယာမြေပိုင်ဆိုင်ပြီးဆန်စပါးစိုက်ပျိုးသော လယ်သမားမိသားစုများကိုတွေ့ဆုံမေးမြန်းခဲ့သည်။ ၎င်းတို့တွင် လယ်မြေဧကမည်မှျပိုင်ဆိုင်သနည်း၊ ထွက်နှုန်းတဧကမည်မှျရှိနည်း၊ ကျေးရွာတရွာတွင်း လယ်သမားများမှစပါးထွက်နှုန်းစုစုပေါင်းမည်မှျ ရှိသနည်းစသည့်မေးခွန်းများဖြင့် စပါးထွက်နှုန်းအားလုံးကိုခန့်မှန်းကာ၊ လက်ရှိစပါးပေါက်စျေးဖြင့် ထွက်ချက်ပြီး၊ ဒေသအတွင်းဆန်းစပါးလုပ်ငန်းမှစုစုပေါင်းဝင်ငွေအားတွက်ချက်ခဲ့ပေသည်။
ကျေးရွာ (၅) ကျေးရွာတွင် လယ်ယာလုပ်ငန်းလုပ်ကိုင်နေသူလယ်သမားဦးရေ (၂၈) ဦးရှိပြီး၊ ၎င်းတို့မှလယ်မြေဧကပေါင်း (၁၅၅၃)ဧကမှ ဆန်စပါးတင်းရေ (၆၂၀၆၃)တင်းထွက်ရှိနေသည်။ ထိုထွက်ရှိသောစပါးတင်းရေစုစုပေါင်းကို စပါးကာလ ပေါက်စျေးနှုန်းနှင့်တွက်ချက်မည်ဆိုပါက စုစုပေါင်းဝင်ငွေ (၄၃၄၄,၄၁,၀၀၀) ကျပ်ရှိမည်ဖြစ်သည်။ ကျပ်သန်းပေါင်း (၄၃၄)သန်းကျော်မည်ဖြစ်သည်။

တံငါလုပ်ငန်း
အံဒင်ရွာသစ်မှတံငါသည်များမှအများဆုံးငါးဖမ်းသည့် လုပ်ငန်းကိုလုပ်ကိုင်သောကြောင့်၊ ထိုရွာကိုလည်းတံငါရွာဟုခေါ်တွင်သည်။ ဖာလိန်တောင်တန်း၏အစွန်း ပင်လယ်တွင် တည်ရှိနေသည်။ အံဒင်ရွာသစ်ကဲ့သို့ပင်၊ နှစ်တရုတ်ရွာသည်လည်းအဓိကငါးဖမ်းသည့် လုပ်ငန်းကိုလုပ်ကိုင်ကြပေသည်။
အံဒင်ရွာသစ်တွင် အိမ်ထောင်စုဦးရေ (၁၁၀) မိသားစုရှိသည့် အနက် (၈၆) အိမ်မှာတံငါလုပ်ငန်းကိုလုပ်ကိုင်သည်။ နှစ်တရုတ်ကျေးရွာတွင်အိမ်ထောင်စုဦးရေ (၁၆၀) ခန့်ရှိသော်လည်း (၂၂)အိမ်သာတံငါလုပ်ငန်းကိုလုပ်ကိုင်ကြပေသည်။ ထို့ကြောင့်အချက်အလက် စုဆောင်းသည့် လူငယ်များအနေဖြင့်ထိုအိမ်သို့သွားရောက်ကာ တံငါလုပ်ငန်းဝင်ငွေကို ထောက်ခံခဲ့ပေသည်။ ၎င်းအပြင်ငါးဖမ်းလှေအရေအတွက်၊ ငါးဖမ်းပိုက်အရေအတွက်များကိုလည်း အတိအကျရယူခဲ့ပေသည်။
ဖာလိန်ဒေသရှိကျေးရွာပေါင်း (၆)ရွာအနက် အံဒင်ရွာသစ်နှင့် နှစ်တရုတ်ကျေးရွာမှ အိမ်ထောက်စု (၁၀၈)စုမှတံငါလုပ်ငန်းကိုလုပ်ကိုင်ကာ၎င်းတို့မှ ရိုးရိုးငါးဖမ်းလှေ (၁၀၉) စီး၊ စက်တပ်လှေအရေအတွက် (၁၄၉) စီး ၊ ငါးဖမ်းပိုက် (၇၂၅)ခုပိုင်ဆိုင်ရာ ထိုငါးဖမ်းလုပ်ငန်းမှ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှ (၂၀၁၅) ခုနှစ် မတ်လအထိ ဝင်ငွေစုစုပေါင်း (၂၃၇၂,၇၀၀,၀၀၀) ကျပ်ရှိခဲ့သည်။ တနည်းအားဖြင့်ကျပ်သန်းပေါင်း (၂၃၇၃)သန်းခန့်ရှိခဲ့သည်။

နှုိင်းယှဉ်ချက်
အတက်တွင်ဖော်ပြခဲ့သည်အတိုင်း၊ တိုယိုထိုင်းကုမ္မဏီမှ အကယ်၍ဒေသခံ ပြည်သူများမှ အံဒင်ကျေးရွာအနီးတဝိုက် ကျောက်မီးသွေးဓါတ်အားပေးစက်ရုံတည်ဆောက်ခွင့်ပြုမည်ဆိုပါက ဒေါ်လာသန်း (၂.၅) ထောက်ပံ့သွားမည်ဆိုပေသည်။ မြန်မာနှင့်တွက်ချက်လှျင်အကယ်၍ငွေလှယ်နှုန်း တစ်ဒေါ်လာမှ (၁၀၀၀)ကျပ်ဖြစ်ပါက ကျပ်သန်းပေါင်း (၂၅၀၀)ခန့်ရှိပြီး၊ တစ်ဒေါ်လာ (၁၂၅၀)ကျပ်ဖြစ်ပါက ကျပ်သန်းပေါင်း (၃၁၂၅) သန်းရရှိမည်ဖြစ်ပေသည်။
သို့သော်ဒေသခံလူငယ်များ၏ ကောက်ယူသောအချက်အလက်များအရ ဖာလိန်ဒေသကျေးရွာပေါင်း (၆) ရွာမှကွမ်းခြံလုပ်ငန်းဝင်ငွေကျပ်သန်းပေါင်း (၃၀၀၈) သန်း၊ ဆန်စပါးလုပ်ငန်းမှ ကျပ်သန်းပေါင်း (၄၃၄)သန်း၊ တံငါလုပ်ငန်းမှ ကျပ်သန်းပေါင်း (၅၈၁၆) သန်းရှိနိုင် မည်ဖြစ်သည့်အတွက် တိုယိုထိုင်းကုမ္မဏီမှပေးအပ်သည့် ရာသက်ပန်ငွေနှင့် များစွာပင် ကွာခြားနေပေသည်။
ဖာလိန်ဒေသဆရာတော်များ၊ အံဒင်ကျေးရွာဆရာတော်ဘန္ဒန္တသီလ၊ ဦးဇင်းနန္ဒနှင့်ဒေသခံ ပြည်သူများအနေဖြင့်မိမိတို့ကျေးရွာ၏ ထွက်ကုန်အခြေအနေ အမှန်ကိုသိရှိပြီးဖြစ်သည်။ ထို့ကြောင့် ထွက်ကုန် ပစ္စည်း၏တန်ဖိုးပိုစတာကို ရွာများတွင်စိုက်ထူထားသည်။
ကုန်ထွက်ကုန်များတွင်သစ်သီးဝလံများ၊ ရာဘာခြံထွက်ကုန်များမပါသေးပေ၊ ဖာလိန်ဒေသ၏ တောထွက်ပစ္စည်းမပါသေးချေ။ အခြားသောကူးသန်းရောင်းဝယ်ရေး ဝင်ငွေ မပါသေးပေ။
အကယ်၍ကျောက်မီးသွေးစက်ရုံတည်ဆောက် ဖြစ်မည်ဆိုပါကအထက်ပါ ကွမ်းခြံ၊ ဆန်စပါးနှင့် တံငါလုပ်ငန်းများပျက်စီးသွားနိုင်သည် ၊ ရပ်တန်းသွားနိုင်သည်။ စျေးနှုန်းချိုသာသော လှျပ်စစ်မီးကိုရနိုင်ပါသည်။ သို့သော်တနှစ်သာဒေါ်လာသန်းပေါင်း (၅.၅) သန်းအဆုံးရံှုးခံမည်လော။
ထို့ကြောင့် မိမိဒေသ၏တန်ဖိုးကိုသိရှိသည့် ဖာလိန်ဒေသခံပြည်သူများအနေဖြင့် မေလ (၅) ရက် ဆန္ဒပြပွဲသို့ သောင်းသောင်းဖြဖြနှင့် တက်တက်ကြွကြွပါဝင်ခဲ့ခြင်း ဖြစ်ပေသည်။

Andin July 16 report PDF

About မွန်သတင်းအေဂျင်စီ

Check Also

NCA ကို ပြန်လည်သုံးသပ်ဖို့လိုပြီ

တိုင်းရင်းသားလက်နက်ကိုင်များအနေနှင့် ကနဦးကာလ၌ လက်နက်စွန့်ရန်မလိုဘဲ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် Nationwide Ceasefire Agreement- NCA ချုပ်ဆိုခြင်းနှင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲရလဒ်များကို အခြေခံပြီး လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များ အဆင့်ဆင့်ပြုလုပ်သွားခြင်းဖြင့် …

Leave a Reply

%d bloggers like this: