မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာ ပြည်သူ့စစ်အဖွဲ့ကို လက်နက်ခဲယမ်းများကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် မဟာမိတ်တပ်တို့က ဖမ်းဆီးပြီး လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိခဲ့ကြောင်း MSRF က ထုတ်ပြန်သည်။
ကျုံညှဲကျေးရွာ ပြည်သူ့စစ်အဖွဲ့သည် စစ်မှုထမ်းရန် တပ်သားစုဆောင်းနေသည့်အတွက် ၎င်းတို့ကို လက်နက်ဖြုတ်သိမ်းပြီး အရေးယူပေးရန် ပြည်သူတို့က တိုင်ကြားလာသည့်အပေါ် စုံစမ်းမှုပြုလုပ်ပြီး ဧပြီလ ၂၃ ရက်နေ့က ပြည်သူ့စစ်ခေါင်းဆောင်အပါအဝင် ၅ ဦးကို ဖမ်းဆီးကာ လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဆိုသည်။
ဖမ်းဆီးခဲ့သည့် ပြည်သူ့စစ်အဖွဲ့ဝင် ၅ ဦးအနက် ၃ ဦးကို စစ်ဆေးပြီး ဧပြီလ ၂၃ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ပြန်လည်လွှတ်ပေးခဲ့သော်လည်း ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်တို့ကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်ဟု MSRF က ထုတ်ပြန်သည်။
ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်တို့ နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားစဉ် ဧပြီလ ၂၄ ရက်နေ့ နံနက် ၄ နာရီခွဲကျော်အချိန်က သိမ်းဆည်းထားသောလက်နက်များကို လုယူကာ ပစ်ခတ်မှုပြုလုပ်ခဲ့သဖြင့် တော်လှန်ရေးတပ်ဖွဲ့ဘက်က ၎င်းတို့ကို ပစ်ခတ်ရှင်းလင်းခဲ့ရသည်ဟု ဆိုထားသည်။
ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်တို့ ပစ်ခတ်မှုကြောင့် တော်လှန်ရေးတပ်ဖွဲဘက်က တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။
ကျုံညှဲကျေးရွာပြည်သူ့စစ်အဖွဲ့ထံမှ M4 Carbine ၂ လက်၊ ကိုးလုံးပြောင်းချောသေနတ် ၂ လက်၊ 380 ပစ္စတို ၂ လက်၊ ကိုးလုံးအတို ၁ လက်၊ .23 အတို ၁ လက်၊ တူမီး ၁ လက်၊ လက်ပစ်ဗုံး ၄ လုံး၊ 5.56 ကျည်ဘောက် ၄ ခု၊ 5.56 ကျည် ၃၈၅ တောင့်၊ ကိုးလုံးကျည် ၄၇ တောင့်၊ 380 ကျည် ၅၀ တောင့်၊ .32 ကျည် ၄၁ တောင့်အပါအဝင် စစ်သုံးပစ္စည်းများကို MSRF ပူးပေါင်းအဖွဲ့တို့က သိမ်းဆည်းရမိခဲ့သည်။
တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွင် မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ ရေးသိမ်းငှက်(ဒေါနစစ်ကြောင်း လုံခြုံရေးတပ်ခွဲ)၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF) – ဒေါနတပ်ခွဲ(၄)၊ ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT) – ဒေါနတပ်ခွဲ(၇) တို့ ပါဝင်သည်။
မွန်ပြည်တော်လှန်ရေးတပ် (MSRF) အနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းသည့် မည်သည့်လက်နက်ကိုင်၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုမဆို ရန်သူအဖြစ် သတ်မှတ်ပြီး ရှင်းလင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်အသိပေးထားသည်။