spot_img
Saturday, April 27, 2024
More
    spot_img
    Homeငြိမ်းချမ်းရေးအကျပ်အတည်းများစွာနှင့် မြန်မာလူထုတို့၏ လူမှုဘဝများ

    အကျပ်အတည်းများစွာနှင့် မြန်မာလူထုတို့၏ လူမှုဘဝများ

    -

    ရေးသားသူ – RICE

    စစ်အာဏာသိမ်းမှု (၃) နှစ်တာ ကာလအတွင်း နိုင်ငံတဝှမ်းက လက်နက်ကိုင်ပဋိပက္ခများ လျှော့ကျလာခြင်းမရှိသေးပေ။ နိုင်ငံရေးဘောင်ကျဉ်းမြောင်းပြီး စစ်ရေးဘောင်ပိုမိုကျယ်ပြန့်လာသည်။ နိုင်ငံရေးပြဿနာကို လက်နက်ကိုင်လမ်းစဉ်နှင့် ဖြေရှင်းခဲ့သော စစ်ကောင်စီအဖို့ ယနေ့အချိန်တွင် စစ်ရေးအရ အရေးနိမ့်နေပြီး နိုင်ငံရေး ထွက်ပေါက်မဲ့နေဆဲဖြစ်သည်။

    ထို့အပြင် ဖေဖော်ဝါရီ ၁၀ ရက်နေ့က အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွာသူ များပြားနေပြီး စီးပွားရေးနှင့် လူမှုရေးကဏ္ဍများအပေါ် ကြီးမားစွာ ရိုက်ခတ်စေသည်။ ဆိုးရွားလျက်ရှိသော ငွေကြေးဖောင်းပွမှု ပြဿနာများ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုပြဿနာများနှင့် အလုပ်အကိုင်ရှားပါးမှုပြဿနာတို့သည်လည်း အဆမတန် မြင့်တက်လာသည်။

    စစ်ကောင်စီ၏ မတရားပြဋ္ဌာန်းချက်များနှင့်အတူ အဖက်ဖက်၏ ရိုတ်ခတ်မှုဒဏ်ကို အလူးအလဲ ရင်ဆိုင်ကြုံတွေ့နေရသည့် ပြည်သူများအား ဆင်းရဲတွင်းမှ ပိုမိုနစ်မွန်းစေခဲ့သည်။ လွတ်လပ်မှု မရှိတော့သည့်တိုင်းပြည်၊ အဖက်ဖက်မှ ပြိုကျပျက်စီးနေသော တိုင်းပြည်၊ ကျရှုံးနိုင်ငံတော် (Failed State )အဖြစ် ရောက်ရှိနေသည့် တိုင်းပြည်ဟု ဆိုရပေမည်။ စစ်အာဏာရှင်စနစ်မပြုတ် ကျသရွေ့ အာဏာရှင်များ၏ဖိနှိပ်မှုအောက်မှ ဘယ်သောအခါမှ လွတ်ကင်းနိုင်မည် မဟုတ်ပေ။

    မြန်မာ့ပညာရေး ခြိမ်းခြောက်ခံနေရ

    စစ်ကောင်စီက အသက်သွင်းလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံတွင်း လှုပ်လှုပ်ရှားရှား ဖြစ်လာသည့်အထဲတွင် မြန်မာ့ပညာရေးလည်း တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။ ၎င်းဥပဒေအရ အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း အကျုံးဝင်သည့်အတွက် မြန်မာ့အခြေခံပညာရေးအပေါ် မသက်ရောက်သော်လည်း အဆင့်မြင့်ပညာရေးဖြစ်သော တက္ကသိုလ်ကျောင်းသားများအတွက်မူ ရိုက်ခတ်မှု ရှိလာနိုင်သည်။

    စစ်ကောင်စီက သတ်မှတ်ထားသော အသက်မွေးပညာနှင့် ကျွမ်းကျင်သူများသည် အများအားဖြင့် အဆင့်မြင့်ပညာရေးမှတဆင့် ထွက်ပေါ်လာတတ်ကြသည်ကို တွေ့ရသည်။ ကျွမ်းကျင်သူများဟု သတ်မှတ်ခံရပါက သာမန်စစ်မှုထမ်းခြင်းထက် သက်တမ်းပို ကြာနေပြီး အဆင့်မြင့်ပညာရေး ဆက်လက်ဆည်းပူးရန် တက္ကသိုလ်ကျောင်းသားများကြား ဝေခွဲမရ ဖြစ်နေကြပါသည်။

    မော်လမြိုင်တက္ကသိုလ်မှ အဝေးသင်ကျောင်းသားတစ်ဦးက “ကျောင်းတော့ အပ်ထားတယ်။ ကျောင်းတက်မယ် မတက်ဘူးက အခြေအနေပေါ် မူတည်နေတယ်။ နောက်ဆုံးနှစ်ဆိုတော့ နှမြောလဲ နှမြောနေတယ်” ဟူ၍ ရာမညအင်စတီကျု နိုင်ငံရေးသုတေသနဌာန RICE သို့ ပြောဆိုထားသည်။

    ပြည်သူ့စစ်မှုထမ်းဥပဒေတွင် ပညာသင်ကြားနေသူများကို စစ်မှုထမ်းကာလ ဆိုင်းငံ့ခွင့် ပေးထားသော်လည်း (လုံးဝ) ကင်းလွတ်ခွင့်ကို မပေးထားပေ။ ဆိုင်းငံ့ကာလ ကုန်ဆုံးချိန်တွင်တော့ မဖြစ်မနေ စစ်မှုထမ်းရ မည်ဖြစ်သည်။ ထို့အပြင် စစ်ကောင်စီသည် တိုင်းရင်းသားနယ်မြေရှိ အခြေခံပညာရေးကျောင်းများကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်လာပြီး ဗုံးကြဲတိုက်ခိုက်မှုကို ကျူးလွန်နေဆဲဖြစ်သည်။

    ယ္ခုလ၏ (၅) ရက်နေ့ တစ်ရက်တည်းတွင် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စာသင်ကျောင်း (၂) ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ ကျောင်းသားဦးရေ (၂၀၀) ခန့်ရှိသော ဒေါဆီးအီ အလယ်တန်းကျောင်းတွင် စစ်ကောင်စီ၏ ဗုံးဒဏ်ကြောင့် ကျောင်းသား (၄) ဦး သေဆုံးခဲ့ရပြီး (၂၉) ဦးအထိ ဒဏ်ရာရရှိခဲ့ပါသည်။

    “မပို့တော့ဘူး။ အရေးတော်ပုံ မအောင်မချင်းတော့ ဘယ်မှ မပို့တော့ဘူး။ ပညာမတတ်ချင်နေ။ အိမ်မှာပဲ အေးဆေးနေခိုင်းချင်တယ်။ ကိုယ့်မှာပဲ နေခိုင်းချင်တယ်” ဟု ကရင်နီပြည်နယ်အတွင်းက ကျောင်းသား မိဘတစ်ဦး၏ ရင်ဖွင့်သံကို မေးမြန်းထားသည့် ကန္တာရဝတီတိုင်းမ်သတင်းဌာနက ဖော်ပြရေးသားထားသည်။

    စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများသည် ကလေးငယ်များ မဟုတ်ဘဲ PDF များဖြစ်ကြောင်း ဝါဒဖြန့်ခဲ့သည့်အတွက် စာသင်ကျောင်းကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ကို ပေါ်လွင်စေပါသည်။

    ထို့အပြင် ကုလသမဂ္ဂကဲ့သို့ ကမ္ဘာ့အဖွဲ့အစည်းကြီးသည်ပင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို ကာကွယ်နိုင်အောင် ရုံးခေါင်းမိုးကို အမှတ်အသားပြုလုပ်ရသည်အထိ စာသင်ကျောင်းများနှင့် မြို့ရွာများအပေါ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကို ဗြောင်ဗြောင်တင်းတင်း ကျူးလွန်နေသည်။ ထို့ကြောင့် စစ်ကောင်စီက အုပ်ချုပ်နေသမျှ ကာလပတ်လုံး နိုင်ငံသည် မငြိမ်းချမ်းနိုင်ဘဲ မြန်မာ့ပညာရေးသည်လည်း မှေးမှိန်နေဦးမည် ဖြစ်သည်။

    အခက်အခဲ အကြပ်အတည်းများနှင့် ကရင်နီကျန်းမာရေး

    (၂၀၂၁) ခုနှစ် စစ်အာဏာ စသိမ်းချိန်မှ လက်ရှိအချိန်အထိ (၃) နှစ်ကျော်ကာလအတွင်း မြန်မာ့ကျန်းမာရေး ကဏ္ဍသည် တစတစ ပိုမိုဆိုးရွားလာသည့် အခြေအနေ ဖြစ်သည်။

    (၂၀၂၀) စက်တင်ဘာလတွင် ကိုဗစ်-၁၉ ပထမလှိုင်း၊ (၂၀၂၁) ဇွန်လတွင် ဒုတိယလှိုင်း၊ (၂၀၂၂) မတ်လတွင် တတိယလှိုင်းတို့ကို ရင်ဆိုင်ခဲ့ရသည့် မြန်မာပြည်သူများသည် အခြေခံကျန်းမာရေးဆိုင်ရာ ရပိုင်ခွင့်များ ဆုံးရှုံးနေပါသည်။ ထို့အပြင် ပြီးခဲ့သည့် (၂၀၂၃) ဒီဇင်ဘာလ၌လည်း ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး JN.1 ကူးစက်မှုနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွါးမှုအား အတည်ပြုတွေ့ရှိထားပြီး ဖြစ်ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါသည်။

    သို့သော် မည်မျှကူးစက်မှု ရှိခဲ့ကြောင်းကိုမူ အတိအကျထုတ်ပြန်ခြင်း မရှိခဲ့ပေ။ မီဒီယာများ၏ ဖော်ပြချက်အရ ယ္ခုလအတွင်း လူထူထပ်သည့် ကရင်နီဒုက္ခသည်စခန်းအမှတ် (၁) တစ်ခုတည်းတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွါးသူ (၅၀၀) ကျော်အထိ ရှိခဲ့သည်ကို တွေ့ရသည်။

    ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) သည် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်တွင် တည်ရှိပြီး လူဦးရေ (၁) သောင်းဝန်းကျင် ရှိပါသည်။ ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ အခြေခံရပိုင်ခွင့်များကို စစ်ကောင်စီက လျစ်လျူရှုထားခဲ့သောကြောင့် တစ်ဖက်အိမ်နီးချင်းနိုင်ငံကို အမှီပြုနေရခြင်းလည်း ဖြစ်သည်။

    စစ်ကောင်စီသည် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့ထက် ၎င်းတို့အာဏာ တည်မြဲရေးကိုသာ အားစိုက်ခဲ့ပါသည်။ ငှက်ဖျား၊ တီဘီ၊ ကာလဝမ်းရောဂါ၊ HIV ဆိုင်ရာ ဆေးဝါးနှင့် အကူအညီများကို သယ်ယူပေးပို့ခြင်းနှင့် ဆေးဝါးပစ္စည်း ရောင်းချခွင့်နှင့် သယ်ယူခွင့်တို့ကို လုံခြုံရေးအကြောင်းပြ စစ်ကောင်စီ ဌာနကလည်း တားမြစ်ကန့်သတ်မှု ရှိနေသည်။

    ထို့ကြောင့် နိုင်ငံတဝန်း ကျယ်ပြန့်လာသည့် စစ်ရေး-နိုင်ငံရေး မတည်ငြိမ်မှု၊ နယ်စပ်ကုန်သွယ်လမ်းကြောင်း ပိတ်ဆို့မှုများ၊ အခြေခံကျန်းမာရေးရပိုင်ခွင့် ဆုံးရှုံးမှု စသော အထွေထွေ အကျပ်အတည်းများအကြား ပြည်သူများသည် ရေရှည်တွင် ပိုမိုကြီးမားသော အခက်အခဲများနှင့် ကြုံတွေ့နေရဦးမည် ဖြစ်သည်။

    ထားဝယ်မြို့နယ် အရှေ့တောဒေသမှ စစ်ဘေးဒုက္ခသည်များ

    နိုင်ငံရေး၊ စစ်ရေးမှာ အရေးနိမ့်လာသည့် စစ်ကောင်စီသည် ယခုနောက်ပိုင်းတွင် စစ်ရေးအရှိန်မြှင့်သည့်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာခြင်းကြောင့် စစ်ပြေးဒုက္ခသည်များအတွက် အခက်အခဲအကြပ် အတည်းများနှင့် ပိုမိုရင်ဆိုင်ရသည်။ စားနပ်ရိက္ခာနှင့် ဆေးဝါးသယ်ဆောင်ခွင့် တားမြစ်ကန့်သတ်ချက်များလည်း စစ်ကောင်စီမှ ပိုမိုတင်းကြပ်လာပြီး စစ်ပြေးဒုက္ခသည် ပြည်သူများအတွက် စစ်ရေးပဋိပက္ခဒဏ်အပြင် စားဝတ်နေရေး အခက်အခဲနှင့်လည်း လုံးပန်းနေရသည်။

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသသည် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး အင်အားစု ပူးပေါင်းတပ်တို့ကြား မကြာခဏတိုက်ပွဲများ ဖြစ်ပွားလေ့ရှိပြီး ဒေသခံပြည်သူများမှာ မကြာခဏ တိမ်းရှောင်နေရသည်။

    ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ထားဝယ်-ထီးခီး လမ်းတလျှောက် မောင်းနှင်းလာသည့် တပ်အင်အား ၃၀၀ ကျော်ပါသည့် စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တနင်္သာရီတိုင်းအတွင်းမှ ပူးပေါင်းတပ်များက စုပေါင်းတိုက်ခိုက်ခဲ့သောကြောင့်တိုက်ပွဲပြင်းထန်ခဲ့သည်။

    ထိုသို့ တကျော့ပြန် တိုက်ပွဲများဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ရပ်ရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေသည့်အတွက် ဝကုန်း၊ သင်္ကန်းတုန်း၊ ကျောက်မဲတောင်၊ ဘဝပင်၊ လိပ်ကြယ်ပြောင်၊ သရက်ငုတ်၊ ပခပ်ရွာ အပါအဝင် ကျေးရွာ (၁၀) ရွာမှ ဒေသခံ ၃၀၀၀ ကျော်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်။ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရသည့် ဒေသခံများအနေဖြင့် နီးစပ်ရာ ဥယျာဉ်ခြံများနှင့် တောတောင်များထဲတွင်သာ တိမ်းရှောင်နေရသည်။

    သို့သော် စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ်များ၊ သာသနာ့အဆောက်အဦများ၊ အိမ်မွေးတိရိစ္ဆာန်များ၊ စိုက်ပျိုးသီးနှံပင်များနှင့် လုပ်ငန်းခွင်နေရာများ ထိခိုက်ပျက်စီးရပြီး အစားအသောက်အပါအဝင် နေရာထိုင်ခင်းပါ အကူအညီများစွာ လိုအပ်နေသည်ဟု ဒေသခံစစ်ဘေးရှောင် ကူညီပေးသူကဆိုသည်။

    ထို့အပြင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အရှေ့တောဘက်ကို စစ်ကောင်စီတပ်က ဆေးဝါးသယ် ယူခွင့်ပိတ်ပင်ထားသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲများနှင့်လည်း ရင်ဆိုင်နေရပါသည်

    ထိုမျှသာမက ပြီးခဲ့သည့် နှစ်များတွင်လည်း စစ်ကောင်စီက အရှေ့တောဒေသတွင် စစ်ဘေးရှောင်နှင့် နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့များကိုကူညီထောက်ပံ့မှု မပေးနိုင်ရန်အတွက် ဆန်နှင့် ရိက္ခာခြောက်များအပြင် အနွေးထည် သယ်ဆောင်ခွင့်ကိုပါ ပိတ်ပင်ခဲ့သည်။

    စစ်ကောင်စီ၏ တိုးမြှင့်လိုက်သည့် စစ်ဆေးရေးဂိတ်များနှင့် လမ်းပိတ်ဆို့မှုများ အပါအဝင် ကန့်သတ်ထားသည့် လူသားချင်းစာနာမှုအကူအညီများကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသမှ စစ်ဘေးရှောင်ပြည်သူများ၏ လူမှုဘဝအခက်အခဲများ မြင့်တက်လာသည်။ ထိုစစ်ဘေးဒုက္ခသည် ပြည်သူများ အတွက် အခြေခံစားဝတ်နေရေးလိုအပ်ချက်များ ဖြည့်တင်းနိုင်ရန်နှင့်အတွက် သက်ဆိုင်သူများ၏ ကူညီထောက်ပံ့မှုများ လွန်စွာလိုအပ်နေသည်။

    ပုံစာ – တနသႅရီတိုင်းဒေသကြီးအတွင်းက ဘေးလွတ်ရာ စစ်ရှောင်နေရသည့် ဒေသခံများ(CJ)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,800SubscribersSubscribe
    spot_img

    Latest posts