spot_img
Saturday, April 27, 2024
More
    spot_img
    Homeဆောင်းပါးစစ်ရေး၊ နိုင်ငံရေး ရှုံးနိမ့်နေသည့် စစ်ကောင်စီ လူမျိုးရေးပဋိပက္ခ ဖန်တီးလာ (ဆောင်းပါး)

    စစ်ရေး၊ နိုင်ငံရေး ရှုံးနိမ့်နေသည့် စစ်ကောင်စီ လူမျိုးရေးပဋိပက္ခ ဖန်တီးလာ (ဆောင်းပါး)

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ဇန်နဝါရီ ၇ ရက်နေ့၊ ၂၀၂၄ ခုနှစ်။

    အရပ်သားအစိုးရထံမှ အာဏာသိမ်းယူထားသော စစ်ကောင်စီတပ်သည် ပြည်သူလူထုတို့၏ လက်နက်ကိုင် ခုခံတွန်းလှန်မှု စတင်ခဲ့ပြီးနောက်ပိုင်း စစ်ရေးမှာ အရှုံးများဖြင့် ရင်ဆိုင်နေရကာ လက်ရှိအချိန်အထိ အရေးနိမ့်နေဆဲဖြစ်သည်။

    ထိုနောက် စစ်ရေးတွင် တန်ပြန်ထိုးစစ်ဆင်နိုင်ခြင်း မရှိတော့သည့် စစ်ကောင်စီသည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းအကြား သော်လည်းကောင်း၊ ဌာနလူမျိုးစု အချင်းအချင်းအကြား သော်လည်းကောင်း ပဋိပက္ခဖြစ်ပွားရန် သွေးထိုးခြင်း၊ အမုန်းစကားများ ဖြန့်ဝေခြင်းများ ပြုလုပ်လာခဲ့သည်။

    ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သော ရက္ခိုင့်တပ်တော် (ULA/AA)၊ ကိုးကန့်တပ် (MNDAA)နှင့် တအာင်းတပ် (TNLA) တို့မှ အောက်တိုဘာ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့သည်။

    အဆိုပါ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ရှိ မြို့အများစုကို ညီနောင်မဟာမိတ်တို့က သိမ်းယူထားပြီး စစ်ကောင်စီက ၎င်းတို့၏ တပ်စခန်းများ၊ ဗျူဟာကုန်းအများအပြားကို လက်လွှတ်ခဲ့ရသည်။

    စစ်ကောင်စီရဲ့ ဒကစ (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) တည်ရှိရာ တရုတ်နယ်စပ် လောက်ကိုင်မြို့ကို စစ်ကောင်စီက ခုခံတိုက်ခိုက်ခြင်း မရှိဘဲ လက်နက်ချအညံ့ခံလိုက်သည်။ ကမ္ဘာ့ပေါ်ရှိ နိုင်ငံအသီးသီး၏ စစ်ရေး အင်အားအကြောင်း လေ့လာနေသော Global Fire Power အဖွဲ့က ထုတ်ပြန်သည့် အညွှန်းကိန်းတွင် ၂၀၂၄ ခုနှစ်အတွက် စစ်တပ်၏ စစ်ရေးအင်အားမှာ အဆင့် ၃၅ ရှိနေသည်။

    စစ်ရေးအင်အားမှာ ကမ္ဘာ့အဆင့် ၃၅ တွင် ရှိနေသော စစ်ကောင်စီတပ်၏ ရှမ်းမြောက် အရေးနိမ့်မှုများ စစ်အုပ်စုများအတွက် သမိုင်းတွင်ကျရစ်မည့် လက်နက်ချ ရှုံးနိမ့်မှု ဖြစ်ပေသည်။

    ရှမ်းမြောက်ရှိ နမ့်ခမ်းမြို့သည် ရှမ်းတို့၏ မြို့ဖြစ်ကြောင်း၊ TNLA က သိမ်းယူမှုမှာ ရှမ်းတို့အနေဖြင့် နယ်မြေဆုံးရှုံးမှုဖြစ်ကြောင်း စစ်ကောင်စီကို ထောက်ခံရေးသားနေသည့် တယ်လီဂရမ်ချန်နယ်များတွင် ရေးသားခဲ့ကြသည်။

    အဓိကအားဖြင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် TNLA အကြား လက်နက်ကိုင်ပဋိပက္ခဖြစ်ရန် သွေးထိုးလှုံ့ဆော်များ အရှိန်မြင့်တင် ရေးသားဖြန့်ဝေခဲ့သည်။ မဟာမိတ်ဖြစ်သော SSPP နှင့် TNLA တို့သည် ၎င်းကိစ္စအား အထူးအလေးထား ဖြေရှင်းရန် လိုအပ်သည်ဟု နိုင်ငံရေး သုံးသပ်သူတစ်ဦးက ဆိုသည်။

    စစ်ကောင်စီ၏ အာဘော်ကို ရေးသားနေပြီး Subscribers ၁ သိန်းကျော်ရှိနေသော Kyaw Swar တယ်လီဂရမ်အကောင့်တွင် “မြန်မာပြည်မှာ မြို့နယ်ပေါင်း ၃၃၀ ရှိတယ်။ မြို့ ၃၀ လောက်ကို သောင်းကျန်းသူက သိမ်းထားတယ်။ အဲ့လောက်ပဲ ရှိသေးတယ်။ ချင်းပြည်နယ်ထဲကို ယောနယ်ကို ထည့်တဲ့သူကထည့် ပလောင်ပြည်နယ်ဆိုပြီး စိတ်ကူးတဲ့အဖွဲက စိတ်ကူး။ လုပ်ကြည့်ပေါ့၊ ရှမ်းက လက်ခံမလား၊ ယောနယ်ကကော ချင်းပြည်နယ် လက်အောက်ခံ လုပ်ကြမလား ။ တိုင်းပြည်ပြိုကွဲမည့် အရိပ်အယောင်တွေ တဖြည်းဖြည်း မြင်တွေ့လာ နေတာပါ” ဟု ရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလအစောပိုင်းက SSPP မှ နမ့်ခမ်းမြို့ထဲ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများကို အစည်းအဝေးခေါ်ကာ တပ်သားသစ် စုဆောင်းပေးရန် ပြောဆိုခဲ့သည်။ ထို့နောက် SSPP အနေနဲ့ နမ့်ခမ်းမြို့နယ်ထဲ တပ်သားစုဆောင်းခြင်း၊ စစ်ရေး၊ အုပ်ချုပ်ရေး ငွေကြေး ကောက်ခံခြင်း ဆက်မလုပ်ရန် TNLA က မေတ္တာရပ်ခံကြောင်း ဇန်နဝါရီ ၂၁ ရက် ရက်စွဲဖြင့် စာပေးပို့ခဲ့သည်။

    ၎င်းကိစ္စရပ်များအား ဆက်လက်ဆောင်ရွက်နေမည်ဆိုပါက မိမိတို့ညီနောင် မဟာမိတ်အကြား မလိုလားအပ်သော ပြဿနာများ ပေါက်ဖွားလာစေနိုင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

    စစ်အာဏာရှင်စနစ်ကို ထောက်ခံအားပေးနေတဲ့ လော်ဘီအုပ်စုများက တိုင်းရင်းသားအချင်းချင်းကြား တနည်းနည်းဖြင့် သွေးခွဲကာ အမုန်းစကားဖြန့်နေမှာဖြစ်ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) မှ လွေးချီဆငါးက ပြောသည်။

    “ရှမ်းနဲ့ပဲ ပြောပြော၊ တအာန်းနဲ့ပဲ ပြောပြော အတူတကွ နေထိုင်ခဲ့တဲ့ မောင်နှမ ပုံစံမျိုးတွေလည်း ဖြစ်တဲ့အခါကြတော့ တစ်ဖက်ကတော့ ဒီအချိန်မှာတော့ ကျမတို့ အချင်းချင်းကြားမှာ ကတောက်ကဆ အနည်းငယ်ရှိလာတာနဲ့ လော်ဘီအုပ်စုတွေက အခွင့်ကောင်းယူပြီးမှ ကြားဝင်မှုတွေက ပိုပြီးမှ များလာဖို့ ရှိတယ်၊ အဲဒါကြောင့် ဒီအပေါ်မှာ အထူးဂရုစိုက်ဖို့ လိုအပ်တယ်” ဟု ပြောသည်။

    နယ်မြေပြဿနာအငြင်းပွားမှုများကို မဟာမိတ်အချင်းချင်းကြား တွေ့ဆုံဆွေးနွေးဖြေရှင်းရန်လိုအပ်နေပြီး လူမျိုးစုအချင်းချင်းကြား အမုန်းစကားပြောဆိုမှုအား သထိထားရန်လိုအပ်သည်ဟု ဆိုသည်။

    အဆိုပါ နမ့်ခမ်းကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီအာဘော်များအား ရေးသားဖြန့်ဝေနေသည့် People Media ကို တည်ထောင်ထားသူ ကျော်စိုးဦးက ၎င်း၏ Tik Tok အကောင့်တွင် “ရှမ်းလက်နက်ကိုင်အဖွဲ့ SSPP/SSA ကို TNLA က နားရွက်တံထွေးစွတ်လိုက်ကြောင်း၊ SSPP အနေဖြင့် ရှမ်းတပ်အချင်းချင်းဆို တိုက်ခိုက်ရဲပြီး TNLA ကို ကြောက်နေကြောင်း၊ ရှမ်းတိုင်းရင်းသားတွေ ထိန်းသိမ်းခဲ့သည့် ဂုဏ်ပုဒ်များအားလုံး SSPP/SSA လက်ထက်ရောက်မှ ပျောက်ဆုံးရမည့် အနေအထားဖြစ်ကြောင်း” ဇန်နဝါရီ ၂၃ ရက်ညပိုင်းက သွေးခွဲပြောကြားသည်။

    အခြားတစ်ဖက်တွင်လည်း ကချင်လက်နက်ကိုင်တပ် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့ မိုးမိတ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မိုးကုတ်မြို့ကို တိုက်ခိုက်သိမ်းယူရန် လုပ်ဆောင်နေကြောင်း၊ သို့သော်လည်း မိုးကုတ်မြို့ကို TNLA က လှုပ်ရှားနေ၍ KIA/PDF တို့ မဝင်ရောက်နိုင်ရန် တားဆီးထားကြောင်း စစ်ကောင်စီအာဘော်ဖြန့်ဝေရေးသားနေသည့် ချန်နယ်များတွင် သွေးထိုးရေးသားနေသည်။

    ကချင်တိုက်ပွဲရှောင်တစ်ဦးက “အခုလောလောဆယ် စစ်အစိုးရနဲ့ စစ်အာဏာရှင်နဲ့ ကျနော်တို့ကြားထဲမှာ လူမျိုးစုပဋိပက္ခဖြစ်ပြီးတော့ ပြည်သူလူထုတွေ၊ ပလောင်ပဲဖြစ်ဖြစ်၊ လီဆူပဲဖြစ်ဖြစ်၊ ကချင်ပဲဖြစ်ဖြစ်ပေါ့၊ ဘေးစကားကို နားယောင်ပြီးတော့ အထိနာမယ့်ဟာမျိုး၊ အချင်းချင်း သွေးခွဲပြီးတော့ အချင်းချင်း မလိုမုန်းထားမှုတွေ ဖြစ်မှာကိုတော့ ကျနော်တို့ စိုးရိမ်တယ်” ဟု ပြောသည်။

    စစ်ကောင်စီသည် ၎င်းတို့ ထိန်းချုပ်ထားသော နိုင်ငံပိုင်သတင်းစာများတွင် အမုန်းစကားများ၊ ဝါဒဖြန့်မှုများ ဖော်ပြခဲ့ခြင်း သာမက တယ်လီဂရမ်ချန်နယ်၊ Tik Tok ၊ ရုပ်ရှင်များ၊ လက်ကမ်းစာစောင်များ၊ စစ်ကောင်စီတပ်မှ နယ်လှည့်ဆေးကုသမှု၊ ရပ်ရွာသန့်ရှင်းရေး လုပ်ငန်းများ၊ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ စသည်များဖြင့် ဝါဒဖြန့်မှုများ လုပ်ဆောင်ခဲ့ကြသည်။

    မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေး ရပြီးကတည်းက အုပ်ချုပ်သူများမှာ တိုင်းရင်းသားအချင်းချင်း သွေးခွဲအုပ်ချုပ်မှုစနစ်ကို မြင်တွေ့ခဲ့ရကြောင်း တိုင်းရင်းသားနိုင်ငံရေးပါတီများဖြင့် စုပေါင်းဖွဲ့စည်းထားသော စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောသည်။

    ”အင်္ဂလိပ်တွေကတော့ Divide and Rule ဆိုပြီးတော့ သွေးခွဲပြီး အုပ်ချုပ်ခဲ့တယ်လို့ ကျနော်တို့ အတန်းစာတွေမှာ သင်ခဲ့တာပေါ့ဗျာ၊ တောက်လျှောက်အဲဒါတွေကို သိစေခဲ့တယ်၊ ဒါပေမဲ့ အင်္ဂလိပ်တွေ ဘယ်လို သွေးခွဲအုပ်ချုပ်ခဲ့တယ်ဆိုတာ ကျနော်တို့ဖက်က မသေချာပေမယ့် သေချာတာကတော့ လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာ ကျနော်တို့ တိုင်းရင်းသားသွေးချင်း အချင်းချင်းကိုတော့ တောက်လျှောက် စစ်အစိုးရ၊ တနည်းအားဖြင့် အုပ်ချုပ်သူ အစိုးရအဆက်ဆက်က အဲဒီပုံစံမျိုး ကျင့်သုံးတယ်ဆိုတာ မြင်နေရတယ်” ဟု ပြောသည်။

    စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီဟာ ၎င်းတို့၏ စစ်စခန်းများ၊ စခန်းကုန်းများ လက်လွှတ်ဆုံးရှုံးခဲ့ရသလို တပ်သားများ၊ တပ်ရင်း၊ တပ်မများ လက်နက်ချ အညံ့ခံမှု များပြားလာခဲ့သည်။

    ထိုသို့ စစ်ရေး၊ နိုင်ငံရေးတွင် အရေးနိမ့်လာသော စစ်‌ကောင်စီသည် တော်လှန်ရေးအင်အားစု အချင်းချင်းကြား၊ လူမျိုးစုအချင်းချင်းကြား သပ်လျိုသွေးခွဲမှုများ လုပ်ဆောင်လျက်ရှိနေသည်။

    လက်ရှိ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ရှုံးနိမ့်သွားပါက မြန်မာပြည်မြေပုံ ကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားပြီး ဥပဒေမဲ့ စရိုက်ဝါဒီများ ကြီးစိုးကာ တိုင်းပြည်အစိတ်စိတ်အမြွှာမြွှာဖြစ်သွားမည်ဟု တပ်တွင်းမှာ ဝါဒဖြန့်လျက်ရှိနေသည်။

    ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်းကလည်း ညီနောင်မဟာမိတ်အဖွဲ့ဝင် (ULA/AA) လှုပ်ရှားရာ ရခိုင်ပြည်နယ်တွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်စေနိုင်သည့် ဖြစ်စဉ်များတွေ့မြင်နေရပြီး သတိထားဆင်ယဉ်ကြရန်၊ သို့မဟုတ်ပါက ရန်သူ၏ ထောက်ချောက်ထဲသို့ မကျရောက်စေရန်နှင့် ရန်သူဖြစ်လိုသောအကွက်ထဲကို မသက်ဆင်းရန် AA က သတိပေး ထုတ်ပြန်ခဲ့ဖူးသည်။

    ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီ၏ သွေးခွဲခြင်း၊ ဝါဒဖြန့်ခြင်းများမှာ တော်လှန်ရေး အင်းအားစုများအပါအဝင် ပြည်သူလူထုတို့၏ စစ်အာဏာရှင်ဖြုတ်ချရေး ရည်မှန်းချက်ကို အပြောင်းအလဲမလုပ်နိုင်တော့ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။

    “MNDAA ဒေသမှာ မြန်မာဘုရားစေတီကို တူနဲ့ ထုတာ၊ ရိုက်တာ၊ အဲဒီလို မသမာတဲ့ နည်းတွေနဲ့ ဝါဒဖြန့်တာတွေ လုပ်လာပါတယ်။ ဒါပေမဲ့ အဲဒီအနေအထားတွေက အားလုံးက နားလည်သဘောပေါက်ပြီး ဖြစ်တဲ့အတွက် သူတို့ မျှော်လင့်သလို ဘာသာရေးအရ ဆန့်ကျင်တဲ့ အနေအထားတွေ ရောက်ရှိမှာ မဟုတ်ပါဘူး။ စစ်ကောင်စီရဲ့ ယုတ်မာတဲ့ လုပ်နည်းကိုင်နည်းတွေဟာ အခုဖြစ်နေတဲ့ နွေဦးတော်လှန်ရေး စစ်ပွဲရဲ့ ဦးတည်ချက်နဲ့ ပြည်သူလူထုရဲ့ အဲဒီအပေါ်သဘောထားတွေ အပြောင်းအလဲမဖြစ်စေနိုင်ဘူးလို့ ကျနော်တော့ ယူဆပါတယ်” ဟု ပြောသည်။

    စစ်ကောင်စီမှာ ယခင်ခေတ် အဆက်ဆက်က ၎င်းတို့ အသုံးပြုနေကျ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများအား ဝါဒဖြန့် လုပ်ဆောင်နေဆဲဖြစ်သလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ တော်လှန်ရေး အင်အားစုများ အနေဖြင့်လည်း မည်ကဲ့သို့ ရှောင်ရှားမလဲ၊ ပူးပေါင်းအဖြေရှာမလဲဆိုသည့် အပေါ်တွင် မူတည်ပေလိမ့်မည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,800SubscribersSubscribe
    spot_img

    Latest posts