မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / မွန်ပြည်နယ်သားများ ရွေးချယ်ပိုင်ခွင့် ရှိသည့် ဒေသအတွင်းဖွံ့ဖြိုးရေး

မွန်ပြည်နယ်သားများ ရွေးချယ်ပိုင်ခွင့် ရှိသည့် ဒေသအတွင်းဖွံ့ဖြိုးရေး

ရေးသားသူ: > လာမည့် စက်တင်ဘာလဦးပိုင်းတွင် နိင်ငံတကာပညာရှင်များ ဦဆောင်ပြီး သံလွင်ရေကာတာ၏ အကောင်းကျိုး အဆိုးကျိုးများနှင့် ပတ်သက်သော

အလုပ်ရုံ ဆွေးနွေးတခုကို မော်လမြိုင်တက္ကသိုလ်၌ ပြုလုပ်မည်ဟု သိရသည်၊ ထိုဆွေးနွေးပွဲ၏ ရလဒ် မည်သို့ထွက်လာမည်ကို မသိသေးသော်လည်း ယခုလို သံလွင်မြစ်ရေကာတာဆည်အကြောင်းကို အလုပ်ရုံဆွေးနွေးပွဲဖြစ် ကျင်းပနိ်ုင်ခြင်းသည် အကောင်းလက္ခဏာဆောင်သည့် လုပ်ရပ်ပင် ဖြစ်ပေသည်။

တိဗက်ကုန်မြေမြင့်မှ မြစ်ဖျားခံပြီး တရုတ်ပြည်ယူနန်ပြည်နယ်မှတဆင့် မြန်မာနိုင်ငံရှမ်းပြည်နယ် ကရင်ပြည်နယ် မွန်ပြည်နယ်မော်လမြိုင်မြို့မှ မုတ္တမပင်လယ်ကွေ့သို စီးဆင်းနေသည့် မြစ်သံလွင် သည် မိုင်ပေါင်း ၁၇၄၉ မိုင် ရှည်လျားပြီး ဒေသအတွင်း အရှည်ဆုံးမြစ်တခုဖြစ်သည်။ ၄င်းမြစ်အပေါ် မှီတင်းနေထိုင်သည့် လူဦးရေမှာ ၇ သန်းခန့် ရှိပြီး မြန်မာနိင်ငံဘက်အခြမ်းတွင် ဓနု လာရှီး ရှမ်း ကရင် ပအိုဝ့် ကရင်နီ နှင့် မွန် လူမျိုးတို့အပါအဝင် အနည်းဆုံး တိုင်းရင်းသာလူမျိုး (၁၃) မျိုးခန့် နေထိ်ုင်လျှက် ရှိသည်။
ယခုအခါ သံလွင်မြစ်ပေါ်တွင် တရုတ်အစိုးရက ၄င်းတို့ဘက်အခြမ်းတွင် ရေကာတာဆည် (၁၃) ခု တည်ဆောက်ရန် ပြင်ဆင်နေပြီး မြန်မာနိင်ငံဘက်ခြမ်းတွင် ကွမ်းလုံ (Kun Long), နောင်ဖ (NongPa/Nawngpha)၊ တာဆန် (Tasang)၊ ရွာသစ် (Ywathit), ဝဲကြီး (Weigyi), နှင့် ဟတ်ကြီး (Hat Gyi) စသည့် ရေကါတာဆည်ကြီး (၆) တည်ဆောက်ရန် မြန်မာအစိုးရက ပြင်ဆင်လျှက် ရှိသည်။

မြန်မာအစိုးရက ထိုဆည်များကို တရုတ်နှင့် ထိုင်းကုမ္မဏီတို့နှင့် ပူးပေါင်း တည်ဆောက်ကြမည်ဖြစ်ပြီး ၄င်းဆည်မှ ထွက်သည့် လျှပ်စစ်ဓါတ်အား အများစုကို တရုတ်နှင့် ထိုင်းနိုင်ငံသို့ ရောင်းချသွားမည် ဖြစ်သည်။ ၄င်းအပြင် မြစ်ရေကုဗမီတာ ၂.၂ ဘီလီယံခန့်ကို ထိုင်းနိင်ငံ ချောင်ဖရာ (Chaophraya River) မြစ်ရှိ ဘူမိဘောရေကာတာသို့ သွယ်စီးဆင်းစေပြီး ထိုမှတဆင့် ထိုင်းနိုင်ငံ အလယ်ပိုင်းသို့ စီးဆင်းစေမည်ဖြစ်သည်။
ယခုဆည်တည်ဆောက်ရေးသည် ယခင်စစ်အစိုးလက်ထက်က စတင်ခဲ့ပြီး စစ်အစိုးရသည် ဒေသခံ တိုင်းရင်းသားများ၏ သဘောထားများ ရယူခြင်း ဆွေးနွေးတိုင်ပင်ခြင်း မရှိသလို ဆည်၏ အကောင်ကျိုး အဆိုးကျိုးများကို ပြည်သူများသို့ အသိပေးခြင်း မရှိပေ၊ ဆည်တည်ဆောက်မည့်နေရာများသည် ရှမ်း ကရင်နီ ကရင်ဒေသတွင် ဖြစ်ပြီး အဆိုးကျုးိအများစုကို ထိုလူမျိုးများက အများစု ခံစားရမည် ဖြစ်ပြီး မွန်လူမျိုးတို့အနေနှင့်လည်း အဆိုးကျိုး အမြောက်အမြား ခံစားလာရမည် ဖြစ်သည်။

သံလွင်ဆည် တည်ဆောက်ရေးနှင့် ပတ်သက်ပြီး ကရင်လူမျိုးများက အကြီးအကျယ် ဆန့်ကျင်လျက်ရှိသည်။ ကရင်လူမျိုးများ ဆည်များ၏ အဆိုးကျိုး အကောင်းကျိုးများကို သိရှိနိုင်ရန် ကရင်လူမှုအဖွဲ့အစည်းများဖြင့် စုပေါင်းဖွဲ့စည်းထားသည့် ကရင်မြစ်ချောင်းစောင့်ကြည့်ရေးအဖွဲ့ (Karen River Watch) သည် ဆည်နဲ့သက်ဆိုင်သည့် သတင်းအချက်အလက်များကို ကရင်လူထုထံသို့ မှန်မှန်တင်ပြနိုင်ခဲ့သည်၊ ထို့အပြင် ၄င်းအဖွဲ့သည် ဆည်၏ အဆိုးကျုးိများကို သုတေသနအစီရင်ခံစာ ပြုလုပ်ကာ ကရင်လူအဖွဲ့အစည်းနှင့် နိုင်ငံတကာမိသားစုအား တင်ပြနိုင်သလို ပညာရှင်များ ခေါ်ယူပြီး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်း လူထုဆွေးနွေးပွဲပြုလုပ်ခြင်းဖြင့် လူထုသို့ အသိပေးခဲ့သည်၊ ထို့ကြောင့် ကရင်လူမျိုးတို့ သည် ဆည်များ၏ အဆိုးကျိုးများကို နားလည်လာပြီး ဆည်တည်ဆောက်မှု ရပ်တန့်ရန် နည်းပေါင်းစုံဖြင့် တိုက်ပွဲဝင်နေခြင်းဖြစ်သည်။

ဆည်နှင့် ပတ်သက်သည့် အကောင်းကျိုး အဆိုးကျိုးများကို ကရင်လူမျိုးကဲ့သို့ မွန်လူမျိုးတို့တွင် အာရုံ စူးစိုက်မှု သိပ်မရှိပေ၊ ဆည်နဲ့ သက်ဆိုင်သည့်သတင်းများကို မွန်လူထုထံသို့ မှန်မှန်တင်ပြနိုင်သည့် အဖွဲ့အစည်း မတွေ့ရသေးပေ၊ သံလွင်ဆည်၏ အောက်ပိုင်းတွင် ဖြစ်လာနိ်ုင်သည့် အဆိုးကျိုးများကို တိုးတက်သောမွန်လူငယ်အစည်းအရုံး MYPO က ၂၀ဝ၇ ခုနှစ်တွင် In the Balance ‘အတိမ်းအစောင်း မခံနိုင်သောမျှခြေ’ (In the Balance) အမည်ဖြင့် အစီရင်ခံတစောင် ထုတ်ဝေခဲ့သည်ကို တွေ့ရပေသည်၊ ၄င်းအစီရင်ခံစာအရ အကယ်၍ သံလွင်ဆည်ဆောက်ပြီးစီးပါက မြစ်ဝတွင် နေထိုင်သည့် လူဦးရေ သန်းတဝက်ခန့်သည် ဆည်၏ အဆိုးကျိုးကို ခံစားရနိင်ပြီး ဆည်ကြောင့် ရေစီးနှုန်း လျော့နည်းကာ ပင်လယ်ဆားငံရေ မြင့်တက်လာသည့်အတွက် မြစ်ကမ်းနားဒေသများတလျှောက်ရှိ လယ်ယာမြေများသည် ပင်လယ်ရေငံ စိမ့်ဝင်မှုကြောင့် လုံးဝပျက်စီးနိုင်သည်ဟု ဆိုသည်။

ထိုအချိန်က MYPO သည် ဆည်နင့် ပတ်သက်သည့်အကြောင်းအရာကို အလုပ်ရုံဆွေးနွေးပွဲဖြင့် လည်ကောင်း သတင်းဖြန့်ချီ၍သော်လည်ကောင်း လူထုသို့ အသိပေးခဲ့သဖြင့် အထူးသဖြင့် ဆည်၏ အဆိုးကျိုးခံရမည့်ဒေသမှ မွန်လူထုထဲတွင် အတော်နှိုးကြားလာသည်ကို တွေ့ရပေသည်၊ သို့သော် နောက်ပိုင်းတွင် ထိုလှုပ်ရှားမှု ရပ်တန့်သွားပြီး ဆည်၏အကြောင်း မွန်လူထုအတွင်း ပြောဆိုမှု မရှိ သလောက်ဖြစ်သွားသည်၊ ယခုတဖန် မွန်အမျိုးသားအရေး လှုပ်ရှားသူများက ဆည်နှင့် သက်ဆိုင်သည့် အလုပ်ရုံဆွေးနွေးပွဲတရပ်အား စီစဉ်နိုင်ခြင်းအားဖြင့် မွန်လူမျိုးများအတွက် အကျိုးဖြစ်ထွန်းစေပါမည်။

ယခင်စစ်အစိုးရလက်ထက်တွင် နိုင်ငံခြားကုမ္မဏီများနှင့် ဖက်စပ်ပြီး လုပ်ဆောင်သည့် စီမံကိန်းများသည် ပွင့်လင်းမြင်သာမှု မရှိသည့်အပြင် ဒေသခံများ၏ သဘောထားရယူခြင်း မရှိသလို ဆွေးနွေးတိုင်ပင် ခြင်းလည်း မရှိပေ၊ အစိုးရ၏ ဖွံ့ဖြိုးရေးစီမံကိန်းကြောင့် ဒေသခံများ၏ လယ်မြေယာမြေ အသိမ်းအဆည်း ခံရခြင်း၊ ကျေးရွာများ အပြောင်းရွေ့ခြင်းခံရခြင်း ၄င်းအပြင် စီမံကိန်းကြောင့် အစိုးရက စစ်တပ်တိုးချဲ့လာသဖြင့် ဒေသခံများသည် စစ်တပ်အတွက် လုပ်အားပေးခံရခြင်း စစ်တပ်တည်ဆောက်ရေးအတွက် လယ်မြေယာမြေ အသိမ်းခံခြင်းတို့ ခံခဲ့ရသည်၊ ထို့ကြောင့် ဖွံ့ဖြိုးရေးစီမံကိန်း၏ အကျိုးကို စစ်အစိုးရနှင့် ၄င်းတို့အဝန်းအဝိုင်းကသာ ခံစားရပြီး ဒေသခံများသည် အဆိုးကျိုးများသာ ခံစားရသည်၊ ထင်ရှားသည့် ဥပမာများမှာ တနင်္သာရီတိုင်းဒေသကြီးရှိ ရတနာဓါတ်ငွေ့စီမံကိန်း၊ ရခိုင်ပြည်နယ်မှ ရွေဂစ်သဘာဝဓါတ်ငွေ့စီမံကိန်း၊ ကချင်ပြည်နယ် မြစ်ဆုံရေကာတာစီမံကိန်း၊ စစ်ကိုင်းတိုင်းမှ လက်ပံတောင်းတောင် ကြေးနီစီမံကိုန်းနင့် သံလွင်ရေကာတာစီမံကိန်းတို့ ဖြစ်သည်။

၄င်းအပြင် မြစ်ဆုံရေကာတာစီမံချက်အား ကချင်လူမျိုးတမျိုးတည်း မဟုတ်ဘဲ တနိုင်ငံလုံးအတိုင်း အတာနှင့် ဆန့်ကျင်ခဲ့သည့်အတွက် ယခုအစိုးရလက်ထက်တွင် ယာယီရပ်ဆိုင်းခဲ့သော်လည်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ဆန့်ကျင်သည့်လူထုနှင် သံယာတော်များကို အစိုးရက အင်အားသုံး နိမ်နင်းခဲ့သည့်အတွက် သံယာတော်များနှင့် ပြည်သူအမြောက်အမြား ထိခိုက်ဒဏ်ရာရခဲ့သည်၊ အစိုးရသည် ၄င်းတို့ချမှတ်သည့် စီမံကိန်းအမြောက်အမြားကို လူထုဆန့်ကျင်နေသည့်ကြားက ဆက်လက်အကောင်အထည်ဖော်လျက်ရှိသည်။

၄င်းအနက် မွန်ပြည်နယ် ရေးမြိုးနယ် အံဒင်ကျေးရွာအနီးတွင် ‘တိုယိုထိုင်းကုမ္ပဏီ’ (Toyo Thai Company) ၏ (၁၂၈၀ မီဂါဝပ်) ထွက်မည့် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတခုလည်း တခုအပါအဝင်ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် လည်ပတ်မည့် အဆိုပါစက်ရုံသည် မြေဧရိယာဧက (၅၀ဝ) ခန့် ကျယ်ဝန်းပြီး အမေရိကန်ဒေါ်လာသန်း (၂၇၀ဝ) ရင်နှီးမြှပ်နှံမည်ဟု ဆိုထားပေသည်။

ယခု စက်ရုံဆောက်လုပ်ရေးတွင်လည်း ယခင်အစိုးရကဲ့သို့ပင် ပွင့်လင်းမြင်သာမှု ကင်းမဲ့ပြီး ဒေသခံ မွန်လူထုများနှင့် ဆွေးနွေးတိုင်ပင်ခြင်း မရှိရုံသာမက စက်ရုံနှင့် ပတ်သက်သည့် အဆိုးကျိုးအကောင်းကျိုးများကို လူထုသို့ အသိပေးခြင်းမျိုး မရှိပေ။

ကျေက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ တည်ဆောက်ပါက သဘာဝပတ်ဝန်းကျင်ထိခိုက်ခြင်း၊ လေထုညစ်ညမ်းခြင်း၊ ရောဂါဘယ ထူပြောလာခြင်း၊ စက်ရုံစွန့်ပစ်ရေကြောင့် သားငါးများ သေကြေပျက်စီးခြင်း၊ အပူချိန်မြင့်တက်ခြင်း၊ အက်စစ်မိုးကြောင့် စိုက်ပျိုးသီးနှံများ ပျက်စီးနိုင်ခြင်း စသည့်အဆိုးကျိုးကြောင့် ဒေသခံများ အပြင်းအထန် ကန့်ကွက်လျှက်ရှိသည်၊
ရေးမြို့နယ် မွန်စာပေယဉ်ကျေးမှုအဖွဲ့ဝင်တဦးအဆိုရ စက်ရုံစွန့်ပစ်ရေသည် တနာရီ ကို ရေဂါလံ ၄.၄ သန်းနှုန်းခန့် ပင်လယ်ထဲသို့ သွန်ချမည်ဖြစ်သည့်အတွက် ရေထွက်ပစ္စည်းနှင့် ငါးပုဇွန်များ သေကြေပျက်စီးကုန်မည် ဖြစ်သည့်အတွက် ပင်လယ်ကိုအမှီပြုပြီး လုပ်ကိုင်စားသောက်နေသည့် ရေလုပ်သားများအတွက် များစွာ ထိခိုက်သွားမည်ဖြစ်သည်။ ၄င်းအပြင် စက်ရုံ တည်ဆောက်ခြင်းကြောင့် ဒေသခံများက သူတိုလယ်မြေယာမြေ အသိမ်းခံရမည်ကို စိုးရိမ်နေကြသည်။

စက်ရုံကြောင့် မွန်ဒေသတွင် လျှပ်စစ်မီးရနိုင်သည်ဆိုသော်ငြားလည်း စက်ရုံ၏အ ဆိုးကျိုးရလဒ်များကို နောင်မျိုးဆက်များစွာအထိ အလူးအလဲ ခံရတော့မည်၊ စက်ရုံမှ ထွက်လာသည့် လျှပ်စစ်ဓါတ်အားကို မွန်ဒေသတွင် သုံးမသုံး ဆိုသည်ကို မသိရသေးပေ၊ အတွေ့အကြုံအရ ရတနာသဘာဓါတ်ငွေ့သည် မွန်ဒေသတွင် မည်မျှ သုံးခဲ့သနည်း၊ ၄င်းဓါတ်ငွေ့စီမံကိန်း၏ အစိတ်အပိုင်းဖြင့် တည်ဆောက်ခဲ့သည့် ရေးထားဝယ် ရထားလမ်း ဆောက်လုပ်ရေးဒဏ်ကို ယခုအချိန်အထိ ဒေသခံ ပြည်သူတို့ မမေ့နိုင်သေးပေ။

သံလွင်ရေကာတာဆည်ဖြစ်စေ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရှုံဖြစ်စေ ရတနာသဘာဝ ဓါတ်ငွေ့စီမံကိန်း ဖြစ်စေ ထိုစီမံချက်များ၏ အဆိုးကျိုးများကို ခံရသူမှာ မွန်ပြည်နယ်တွင် နေထိုင်သည့်မွန်နှင့် အခြားလူမျိုးတို့ပင်ဖြစ်သည်၊ အစိုးရက ဒေသဖွံ့ဖြိုးရေးဟု ဆိုထားသော်လည်း လက်တွေ့တွင် ဖွံ့ဖြိုးရေး၏အဆိုးကျိုးကိုသာ ခံစားရသည်။

ဒေသဖွံ့ဖြိုးရေးသည် မိမိတို့ လူမျိုးလူမှုနေထိုင်မှုဘဝမြင့်မားရေးအတွက် မရှိမဖြစ် လိုအပ်သည်မှန် သော်လည်း မိမိတို့လူထုအတွက် အကျိုးရှိသည့်ဖွံ့ဖြိုးရေးကိုသာ လုပ်ဆောင်သင့်ပေသည်၊ ဖွံ့ဖြိုးရေး စီမံချက်အတွက် ပြင်ပရင်နှီးမြှပ်နှံမှူ အမှန်လိုအပ်သော်လည်း ဒေသခံနှင့် ရင်းနှီမြှပ်နှံသူတို့ နှစ်ဦးနှစ် ဖက်အကျိုးရှိမည့် ရင်နှီးမြှပ်နှံမှုမျိုးသာ ဖြစ်သင့်သည်၊ ရင်းနှီးမြှပ်နှံသူသာ အကျိုးရှိပြီး ဒေသခံက အဆိုးကျိုးသာ ထမ်းပိုးရသည့် စီမံကိန်းမျိုး မဖြစ်သင့်ပါ။

သို့အတွက် မွန်ပြည်နယ်အတွက် အကျိုးရှိသည့် ဖွံ့ဖြိုးရေးအခြေခံမူကို သက်ဆိုင်ရာလူမှုအဖွဲ့ အစည်း ခေါင်းဆောင်များအားလုံးက ဆွေးနွေးဆုံးဖြတ်မည် ဖြစ်သော်လည်း အောက်ပါအချက်များ ဖြစ်သည့်

(က) ဖွံ့ဖြိုးရေးစီမံချက်များသည် ရင်းနှီးမြှပ်နှံသူနှင့် ဒေသခံပြည်သူများ တူညီစွာ အကျိုးခံစားခွင့်ရှိရန်
(ခ) ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန် ဆုံးအဖြတ်ပေးသည့် အနေအထားတွင် ဒေသခံများ ပါဝင်ခွင့်ရှိရန်
(ဂ) ဖွံ့ဖြိုးရေးလုပ်ငန်းများသည် လူမှုအဖွဲ့အစည်းများနှင့် သဟဇာတဖြစ်မှုကို ဦးစားပေးရန်
(ဃ) ဒေသခံများ၏ နည်းပညာ၊ လုပ်ငန်းစွမ်းရည်မြင့်တင်ရေးကိုလည်း ဦးစားပေးသည့် ဖွံ့ဖြိုးရေးမျိုးဖြစ်ရန်၊
(င) ဖွံ့ဖြိုးရေး စီမံကိန်းတိုင်းသည် ဒေသခံများ သို့မဟုတ် တိုင်းရင်းသားလူမျုးိများ၏ အမျိုးသားလက္ခဏာ၊ သမိုင်း၊ ယဉ်ကျေးမှူအမွေအနှစ်နှင့် သဘာဝပတ်ဝန်းကျင် မပျက်စီးအောင် ကာကွယ်ရန် စသည့်အချက်များ ပါသင့်ပါသည်။

၄င်းအပြင် မွန်ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးစီမံချက်အကြောင်းများကို လူထုထံသို့ မှန်မှန်တင်ပြနိုင်ရန် နှင့် ဖွံ့ဖြိုးရေးအခြေခံမူများအပေါ် သက်ဆိုင်ရာအစိုးရနှင့် ရင်းနှီးမြှပ်နှံသူများ လိုက်နာခြင်းရှိမရှိ စသည့်ကိစ္စရပ်များကို စောင့်ကြည့်နိုင်ရန် Mon State Development Watch မွန်ပြည်နယ် ဖွံ့ဖြိုးရေးစောင့်ကြည့်ရေးအဖွဲ့ တခုရှိသင့်ပါသည်၊ သို့မှသာလျှင် ဖွံဖြိုးရေး၏ ဆိုင်ရာ ကိစ္စရပ်များကို မွန်ပြည်နယ်ရှိ လူထုတရပ်လုံး မှန်ကန်စွာ သိရှိနိုင်ပြိး လူထုက သူတို့ပါဝင်ရမည့် နေရာတွင် ပါဝင်လာနိုင်မည်ဖြစ်သည်။

About မွန်သတင်းအေဂျင်စီ

Check Also

ဆွေးနွေးအဖြေရှာသည့်နိုင်ငံရေးယဉ်ကျေးမှုသစ် ကန့်လန့်ကာကို စဖွင့်လိုက်ပြီလား

မြန်မာနိုင်ငံတွင် အရေးတကြီး အဖြေရှာရန် လိုအပ်နေသည့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်ရှိ ခမ်းနားကြီးကျယ်လှသည့် MICC 2 အဆောက်အဦးထဲတွင် ဒေသအသီးသီးက အရောင်အသွေးစုံ၊ အဖွဲ့အစည်းအစုံကလူတွေ Related

Leave a Reply

%d bloggers like this: