မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / မွန်အစ ယန်စီကျန်က

မွန်အစ ယန်စီကျန်က

ရေးသားသူ:
မွန်လူမျိုးတို့ ရွေ့လျားပြန့်နှံ့ခဲ့ဘူးသောဒေသများ(Internet)
မွန်လူမျိုးတို့ ရွေ့လျားပြန့်နှံ့ခဲ့ဘူးသောဒေသများ(Internet)
နိုင်ထွန်းသိန်း – ယခုကာလတွင် ခေါ်တွင်သော “မွန်” ဟူသောဝေါဟာရသည် လွန်ခဲ့သောခေတ်ဟောင်းက ကျောက်စာများတွင် ရေးသားထားသောမွန်အခေါ်ဝေါဟာရနှင့် များစွာကွဲပြားသည်ကို တွေ့ရသည်။ အဘယ်ကြောင့်ဆိုသော် (ANGHOR) အင်ကာခေတ်မတိုင်မီ (၆-၇) ရာစု အေဒီ (6-7 AD) ခမာ ကျောက်စာများ၌ မွန်ကို (RAMAN) “ရမည်” (RAMANYA) “ရာမဏျ” ဟူ၍ ရေးသားကြပြီး ပုဂံခေတ် ကျန်စစ်သားမင်းလက်ထက် ရေးထိုးသော နန်းတော်မွန်ကျောက်စာတွင်မူ (REMAN) “ရှေည်” “ရမေည်” ဟု မွန်လိုရေးသားပြီး မြန်မာကို (MIRMA) “မိရှာ” “မိရမာ” ဟု ရေးသားထားသည်ကို တွေ့ရပါသည်။ မွန်တို့၏အလယ်ခေတ်ဟု သတ်မှတ်ထားသော ဓမ္မစေတီမွန်ဘုရင်လက်ထက် မွန်ကျောက်စာများတွင်မူကား (RMAN) “ရှန်” (ရမန်) ဟုရေးသားထားသော်လည်း ယခုခေတ်တွင်မူ “မန်” ဟူ၍ပင် ရေးသား နေပါသည်။ ယိုးဒယားလူမျိုးများသည် တစ်ချိန်ကမွန်တို့အား (RAMAN) “ရာမာန်” ဟူ၍ရေးသားပြောဆိုကြသည်ကိုလည်း သိရပါသည်။ သို့သော် ယခုအချိန်တွင် အများပြောဆိုနေသကဲ့သို့ (MON) “မန်” ဟူ၍ပင် ခေါ်ဆိုနေကြပါသည်။

ယိုးဒယားကမွန်ကို (RAMAN) “ရာမာန်” ဟု ခေါ်ရသောသက်သေသာဓကမှာ ဘန်ကောက်မြို့ တစ်ဘက်ကမ်းရှိ (DHTONGBURI) “ထွန်ဘူရီ”မြို့တွင် တစ်ချိန်ကမွန်တို့က (ဘာမန်)(ဘာ=ကျောင်း၊ မန် = မွန်) မွန်ကျောင်းကိုယိုးဒယားတို့က (WAT RAMAN) “ဝါပ်ရာမာန်” ဟုခေါ်နေသောကြောင့်ပင် ဖြစ်ပါသည်။ ယခုခေတ်နောက်ပိုင်းတွင် (WAT MON) “ဝါပ်မန်” ဟုခေါ်ဆိုလျှင်လည်း အားလုံးက သ ဘောပေါက်နားလည်ကြပါသည်။ (WAT) “ဝါပ်” ဆိုသော ယိုးဒယားဘာသာစကားသည် ကျောင်းဟူ၍ အဓိပ္ပါယ်ရပါသည်။

ဓမ္မစေတီမင်းလက်ထက်ရေးထိုးသော မွန်ကျောက်စာများတွင် “ ရာမည” ဟူသောဝေါဟာရ ကိုလည်း သုံးစွဲရေးသားထားသည်ကိုတွေ့ရသဖြင့် ဓမ္မစေတီမင်းမတိုင်မီကပင် ရာမညဟူသော ဝေါဟာရကို သုံးစွဲခဲ့ပြီးဖြစ်ကြောင်းသိသာနိုင်ပါသည်။ “ရာမည” ဟူသောအခေါ်သည် သက္ကတဘာသာ “ရာမဏိယ” မှ ဆင်းသက်လာပြီး ပျော်မွေ့ဖွယ်ဟု အဓိပ္ပါယ်ရပါသည်။ ပျော်စရာကောင်းသော အရပ်ဒေသဖြစ်သည်ဟု ဆိုလိုသည်။

မွန်တို့၏မူလအစကိုရှာဖွေရာတွင် မွန်တို့သည် မောင်းဂွတ်လူမျိုးနွယ်မှ ဆင်းသက်လာသည်ဟု ပညာရှင်တို့က ဆိုကြသည်။ မောင်းဂွတ်လူမျိုးနွယ်သည် လူမျိုးစုအနွယ်နှစ်ခု ကွဲပြားသွားပြန်ရာ တစ်ခု ကို “သြစရစ်” ဟုခေါ်တွင်ပြီး ကျန်တစ်ခုကို “တိဗက်တိုတရုတ်” အမည်ပေးထားပြန်သည်။

လုူမျိုးတစ်မျိုးသည် ဒေသတစ်ခုတစ်ခုတွင် နေထိုင်ရာမှ လူဦးရေတိုးတက်ပြီး စီးပွားရေးအရ ကြပ်တည်းလာသောအခါ မိမိတို့၏ အသက်ရှင်နေရေးအတွက် ဒေသတစ်ခုမှ အခြားတစ်ခုသို့ ပြောင်းရွေ့လုပ်ကိုင် စားသောက်ကြသည်မှာ ဓမ္မတာပင်ဖြစ်ပါသည်။ ထို့နည်းတူ မောင်းဂွတ်လူမျိုးတို့သည်လည်း အသက်ရှင်နိုင်ရေးအတွက် နေရာဒေသတစ်ခုမှ အခြားတစ်ခုသို့ပြောင်းရွေ့လုပ်ကိုင်စားသောက်ရာမှ အချိန်ကာလကြာညောင်းသောအခါ နေထိုင်သောတို့လည်း တစ်ခုနှင့်တစ်ခု မတူသောကြောင့် “သြစတြစ်နှင့် တိဗက်တိုတရုတ်” ဟူ၍ ကွဲပြားသွားကြသည်။ သိုသော် ၎င်းတို့မှာ မောင်းဂွတ်အနွယ်ဝင်ပင် ဖြစ်ကြသည်။

သြစတြစ်လူမျိုးတို့လည်း စီပွားရေးအတွက်နယ်မြေဒေသတစ်ခုမှ အခြားတစ်ခုသို့ပြောင်းရွေ့ နေထိုင်ရာတွင် သြစထရိုအေရှတစ်နှင့် သြစထရိုနီးရှင်း ဟူ၍ နှစ်မျိုးပေါ်လာပြန်သည်၊ ထိုနည်းတူစွာ ပင် “တိဗက်တိုတရုတ်”မှ တိဗက်တိုဘားမင်းနှင့် ထိုင်းတရုတ်ဟူ၍ လူမျိုးနှစ်မျိုးဖြစ်ပေါ်လာပြန်သည်။

ဤကဲ့သို့မောင်းဂွတ်လူမျိုးမှစ၍ “သြစထရိုအေရှတစ်” “သြစထရိုနီးရှင်း” “တိဗက်တိုဘားမင်း” နှင့် ထိုင်းတရုတ်ဟူ၍ ကွဲပြားလာပုံကို ခွဲခြားပြသရာတွင် ဘာသာစကားကိုအခြေခံပြီး ပြုလုပ်ထားသဖြင့် လူမျိုးနွယ်စုနှင့် ဘာသာစကားအုပ်စု နှစ်စုပါဝင်ရှုပ်ထွေးနေသည်ကို တွေ့ရပါသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ရှင်းလင်းရန် လိုအပ်လာပါသည်။ အထက်တွင်ဖေါ်ပြခဲ့သည်အတိုင်း မောင်းဂွတ်လူမျိုးနွယ်မှဆင်းသက်လာသည်ဟူ၍ လူမျိုးအားလုံးအနက်မှ “သြစထရိုနီးရှင်း” မှတစ်ပါး ကျန်လူမျိုးများမှာ မောင်းဂွတ်လူမျိုးအနွယ်များဖြစ်ကြပြီး “သြစထရိုနီးရှင်း” လူမျိုးနွယ်များမှာမူ လူမျိုး နွယ် (RACE) အားဖြင့် နိဂရစ်တိုအနွယ်ဝင် လူမျိုးသာဖြစ်သည်။

အထက်တွင် သြစထရိုနီးရှင်းအား သြစတြစ်လူမျိုးမှ သြစထရိုအေရှတစ်နှင့် သြစထရိုနီးရှင်းဟု ဖေါ်ပြခြင်းမှာ သြစထရိုနီးရှင်းတို့၏ ပြောဆိုသောစကားသည် သြစတြစ်တို့ ပြောဆိုနေသောစကားနှင့် တူညီနေကြောင့်ပင်ဖြစ်လေသည်။

နီဂရစ်တိုလူမျိုးနွယ် သြစထရိုနီးရှင်းတို့သည် အစကနေဦးတွင် မိမိတို့နိဂရစ်တိုလူမျိုးတို့၏ ဘာသာစကားကို ပြောဆိုခဲ့သော်လည်း မောင်းဂွတ်အနွယ် သြထရစ်လူမျိုးများနှင့် အချိန်ကြာမြင့်စွာ နီးနီးကပ်ကပ်နေထိုင်ရင်းနှီးကြကာ ၎င်းတို့၏လူမျိုးဘာသာစကားအစား မောင်းဂွတ်အနွယ် သြစတြစ်တို့၏ ဘာသာစကားကိုပါ ပြောဆိုလာကြသဖြင့် သြစထရိုနီးရှင်းဟု ဘာသာဗေဒ ဆရာများက သတ်မှတ်ကြလေသည်။

ထို့ကြောင့် သြစထရိုနီးရှင်းတို့သည် လူမျိုးနွယ်အရ နီဂရစ်တိုအနွယ်ဖြစ်ပြီး ဘာသာစကားပြော ဆိုသောအနွယ်အားဖြင့် သြစထရိုနီးရှင်းဟူ၍ သတ်မှတ်ထားခြင်းဖြစ်သည်ကို သတိရှိရန်ဖြစ်ပါသည်။ ကျန်လူမျိုးတို့သည် မောင်းဂွတ်လူမျိုးနွယ်များဖြစ်ကြပြီး ဘာသာစကား ပြောဆိုသော အနွယ်အားဖြင့်လည်း တူညီကြသည်ကို သိရှိထားရန်လိုအပ်ပါသည်။

သြထရိုအေရှတစ်အနွယ်ဝင်ဖြစ်သော မွန်ခမာတို့သည် ဦးစွာအစက တရုတ်ပြည် ယန်စီကျန် မြစ်ဝှမ်း၌ နေထိုင်ကြသော လူမျိုးဖြစ်ပြီး မိုးရေနှင့် ဆန်စပါးစိုက်ပျိုးရာတွင်ရှေ့ဆောင်လမ်းပြများ ဖြစ်သည်ဟု သက်မှတ်ကြပါသည်။ မွန်ခမာတို့သည် ယန်စီကျန်မြစ်ဝှမ်းတွင် နေထိုင်စဉ် မြောက်ပိုင်းမှ တရုတ်လူမျိုးများအောက်ဘက်သို့ဆင်းသက်လာရာ မွန်ခမာလူမျိုးများနှင့် ဘီစီ – (၂၀ဝ၀ – ၁၅၀ဝ)BC လောက်တွင် တွေ့ဆုံကြသဖြင့် မွန်ခမာ ဝေါဟာရအချို့ကို တရုတ်တို့ မွေးစားသုံးစွဲသည်ကို တွေ့ရသည်။ ဥပမာ- ယန်စီကျန်ဝေါဟာရမှ “ကျန်”ဆိုသောဝေါဟာရသည် တရုတ်တို့က ယခုခေတ်တိုင်အောင် “ကိယျင်” (သို့) “ချိယျင်” အဖြစ်သုံးစွဲခြင်းအားဖြင့် တရုတ်တို့က မွန်ခမာ ဝေါဟာရကို မွေးစားသုံးစွဲနေသည်ဟု ဆိုနိုင်ပါသည်။

“ကျန်” ဟူသောမွန်ခမာ ဝေါဟာရသည် ယခုထက်တိုင်မွန်တို့သုံးစွဲနေသော “ကြုင်” ဟူသော ဝေါဟာရဖြစ်ပြီး မြန်မာဘာသာဖြင့် “မြစ်” ဟု အဓိပ္ပါယ်ရသည်။ တရုတ်တို့၏ မြစ်ဟူသောဝေါဟာရမှာ “ဟို” ဟုဆိုလေသည်။ အဘယ်ကြောင့်ဆိုသော် တရုတ်ပြည်မြောက်ပိုင်းရှိ “ဟိုအန်ဟို” မြစ်ကို တရုတ် အမည်ဖြင့် ခေါ်ဆိုခြင်းကြောင့်ပင်ဖြစ်သည်။

မွန်ခမာလူမျိုးတို့သည် ယန်စီကျန်မြစ်ဝှမ်းတွင် တစုတရုံးတည်းနေထိုင်ရာ၌ စိုက်ပျိုးရေးလုပ် ငန်းများ စနစ်တကျလုပ်ကိုင်နိုင်သော လူမျိုးဟုယူဆလေသည်။ အဘယ်ကြောင့်ဆိုသော် ယန်စီကျန်မြစ်ဝှမ်း သည်စိုက်ပျိုးရေးအတွက် အလွန်တရာမှ ကောင်းမွန်သော ဒေသဖြစ်သောကြောင့်ပင် ဖြစ်သည်။ မွန်ခမာတို့သည် ယန်စီကျန်မြစ်ဝှမ်းတွင် မည်သို့ပင် လုပ်ကိုင်စားသောက် ကောင်းစေကာမူ မြောက်ပိုင်းမှ လူမျိုးများ၏ ပြောင်းရွေ့လာမှုကြောင့် လည်းကောင်း၊ မိမိလူမျိုးများ၏ ဦးရေလည်းတိုးတက်လာမှုများပြားလာသဖြင့် အကျပ်အတည်းနှင့် တွေ့ရသောကြောင့်လည်းကောင်း တောင်ပိုင်းသို့ပြောင်းရွေ့လာကြသည်ဟု ယူဆရပေသည်။

ထိုသို့ပြောင်းရွေ့ရာတွင် အင်ဒိုချိုင်းနားဘက်သို့ ဆင်းသက်လာသောအုပ်စုများသည် ဗီယက်နမ်ဒေသတွင် ဗီယက်နမ်လူမျိုးများအဖြစ်လည်းကောင်း၊ ကမ္ဘောဒီယားဒေသတွင် ခမာလူမျိုးအဖြစ်လည်းကောင်း၊ ယိုးဒယားဒေသတွင် (ထိုင်း)နှင့် မြန်မာပြည်တောင်ပိုင်းတွင် မွန်လူမျိုးများအဖြစ်လည်းကောင်း၊ မြန်မာပြည်မြောက်ပိုင်းတွင် ပလောင်၊ လဝ၊ ဝ၊ ရိယန် လူမျိုးများ အဖြစ်လည်းကောင်း၊ အိန္ဒိယပြည်သို့ ဗြဟ္မပုတ္ထရမြစ်အတိုင်း ဝင်ရောက်သွားသော မွန်ခမာတို့သည် ဒက္ခိဏကုန်းမြေမြင့်တွင် မုဏ္ဍလူမျိုးအဖြစ်လည်းကောင်း (ဘင်္ဂလားနယ်တွင်- ဆန်သာ(လ်) လူ မျိုးအဖြစ်လည်းကောင်း၊ အာသန်နယ်တွင် – ခါဆီလူမျိုးအဖြစ်လည်းကောင်း) အခြေချနေထိုင်ကြ သည်ကိုတွေ့ရလေသည်။

အဆိုပါမွန်ခမာအနွယ်ဖွား လူမျိုးများသည် တစ်ချိန်က ဒေသတစ်ခုအတွင်းတွင် တစုတရုံး တည်းနေထိုင်ကြသဖြင့် မိမိတို့ဆိုသောစကားသည် တစ်မျိုးတည်းပင်ဖြစ်သော်လည်း အခြားဒေ သများတွင် သွားရောက်အခြေချလုပ်ကိုင်စားသောက်ကြရသဖြင့်လည်းကောင်း၊ မိမိတို့နှင့် အနွယ်တူအခြားအုပ်စုနှင့် အချိန်ကြာမြင့်စွာကွဲကွာပြီးနေရသဖြင့်လည်ကောင်း မိမိတို့ပြောဆိုသော မူရင်းဘာသာ စကားအပြင် အခြားဝေါဟာရများကိုလည်း သုံးစွဲရသဖြင့် တိုးတက်များပြာလာသည့် ဝေါဟာရအသစ်များတွင် မိမိတို့အနွယ်များနှင့်မတူသော ဝေါဟာရအသစ်များတွင် မိမိတို့အနွယ်များနှင့် မတူသော ဝေါဟာရများကို ထည့်သွင်းသုံးစွဲရလေသည်။ သို့သော်လည်း မိမိတို့မူရင်း မွန်ခမာဝေါဟာရမူကား မပျောက်မပျက် သုံးစွဲလျှက်ရှိသည်ကို တွေ့ရလေသည်။ ဤအခြေအနေပေါ်တွင် မူတည်ပြီး ဘာသာဗေဒဆရာများက လူမျိုးများ ဆင်းသက်လာပုံကို ဖော်ထုတ်နိုင်ခြင်း ဖြစ်လေသည်။

ထို့ကြောင့် ဗီယက်နမ်၊ ခမာ၊ ပလောင်၊ လဝ၊ ဝ ၊ရိယန် ၊မုဏ္ဍ ၊ဆန်သာ(လ်)၊ ခါဆီစသောလူမျိုးများသည် မွန်ခမာ အုပ်စုမှပေါက်ဖွားလာသော အလွန်နီးစပ်သည့် ညီအစ်ကိုမောင်နှမများဟုလည်း ဆိုရပေမည်။

ထိုနည်းတူ တိဗက်တိုဘားမင်းအုပ်စုမှ ပေါက်ဖွားလာသောလူမျိုးများမှ ပျူ ၊ကမ်းယ၊ံ သက်၊ ချင်း၊ ကချင၊် ဗမာ ၊ကရင် လူမျိုးများဟု ဘာသာဗေဒ ဆရာများက ဆိုပါသည်။ နောက် ထိုင်း၊ တရုတ် အုပ်စုမှပေါက်ဖွားလာသောလူမျိုးများမှာ ရှမ်းတရုတ် နှင့် ရှမ်းဗမာများပင် ဖြစ်ကြလေသည်။

ထို့ကြောင့် ယခုအခါ အရှေ့တောင်အာရှတောင်ပိုင်းတွင် နေထိုင်ကြသော လူမျိုးများမှာ မောင်းဂွတ်လူမျိုးများမှစ၍ ဆင်းသက်လာပြီး မိမိတို့ကြိုက်နှစ်သက်ရာဒေသတွင် အခြေချနေထိုင်ကြသော ဆွေမျိုးပေါက်ဖွားများပင်ဖြစ်ကြောင်း သိသာနိုင်လေသည်။

“ဖူနန်အင်ပါယာ”

တရုတ်ပြည်တောင်ပိုင်းရှိ မွန်ခမာတို့သည် တောင်ပိုင်းသို့ပြောင်းရွှေ့လာရာတွင် ယခုကမ္ဘောဒီးယားနိုင်ငံ တောင်ဘက် မဲနန်မြစ်ဝှမ်းကို ဗဟိုပြု၍ ဖူနန်ဒေသကို တည်ထောင်ကြသည်ဟု သိရသည်။ ၄င်းမွန်ခမာတို့၏ ဖူနန်းအင်ပါယာသည် အေဒီ(၁)ရာစုမှ (၆)ရာစုအထိ တည်ရှိရာတွင် ပထမဆုံး ဧကရာဇ်ဘုရင်မှာ မွန်ခမာလူမျိုးမဟုတ်ဘဲ အိန္ဒိယမှရောက်ရှိလာသော ဟိန္ဒုလူမျိုးဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့်ဖူနန်ဒေသသည် အိန္ဒိယမှဟိန္ဒူများနှင့် အတူတကွနေကြစဉ် အိန္ဒိယ၏အြဇာခံများကို လက်ခံရယူခဲ့သည်ဟု တွေးဆနိုင်ပါသည်။

အိန္ဒယ၏မူဟန်လက်ခံထားသော ဖူနန်ဒေသတွင် တွေ့ရှိထားသည့် ဟိန္ဒူနှင့် ဗုဒ္ဓဘာသာကျောက်စာများအရ ဖူနန်ရှိမွန်ခမာတို့သည် ထေရဝါဒ ဗုဒ္ဓဘာသာကို လက်ခံယုံကြည်သော သူများဖြစ်ကြောင်းကို သိရှိရသည်။ သို့သော်လည်း ဟိန္ဒူဝါဒသည် ပိုမိုတွင်ကျယ်ပြီး သီဝ (Siva) နတ်ကိုးကွယ်သော ဘာသာရေးဂိုဏ်းသည်လည်း ပိုမိုလူကြိုက်များလာသည်ကိုတွေ့ရသည်။

မွန်ခမာတို့သည် အလွန်ရှေးကျသော အချိန်ကာလပင် အိန္ဒိယနိုင်ငံနှင့် ဆက်သွယ်မှုများ ရှိခဲ့ကြသဖြင့် အိန္ဒိယယဉ်ကျေးမှုကို သူတို့ပိုမို ရရှိနိုင်ခဲ့ကြပါသည်။

ဖူနန်မင်းဧကရာဇ်နိုင်ငံတော်ကြီးသည် အေဒီ (၁) ရာစု (၆) ရာစုအတွင်း ရာစု (၅)စုမျှ လွန်စွာကြီးကျယ်ခမ်းနား၍ စည်ကားကြီးပွါးအင်အားတောင့်တင်းသော နိုင်ငံကြီးဖြစ်ခဲ့ပေသည်။ ယင်းနိုင်ငံတော်ကြီးသည် အရှေ့တောင်အာရှ ပင်မနယ်မြေကြီးတွင် အပါအဝင်ဖြစ်သော (Chenla) ချန်လား၊ ယိုးဒယားနိုင်ငံတောင်ပိုင်းမွန်တို့နိုင်ငံဖြစ်သော ဒွါရဝတီ၊ မြန်မာနိုင်ငံအောက်ပိုင်းရှိ ရာမညဒေသတို့သည်လည်း ဖူနန်ဧကရာဇ်နိုင်ငံတော်ကြီး၏ လက်အောက်ခံနိုင်ငံများ ဖြစ်ကောင်းဖြစ်နိုင်သည်ဟု သုသေသီတို့က ခန့်မှန်းကြသည်။

အေဒီ (၆) ရာစုကုန်ပိုင်းတွင် ဖူနန်နိုင်ငံတော်ကြီး ပျက်သုဉ်းသွားပြီးနောက် မွန်နှင့်ခမာတို့သည် ဒေသအသီးသီးတွင် လွတ်လပ်သော ကိုယ်ပိုင်ဧကရာဇ်နိုင်ငံများကို ထူထောင်ရာ အရှေ့ပိုင်းဒေသသည် ကမ္ဘောဒီးယား၊ အနောက်ပိုင်းတွင် ယိုးဒယားနိုင်ငံ၊ တောင်ပိုင်း ဒွါရဝတီနှင့် မြန်မာပြည်အောက်ပိုင်းတွင် ရာမညဒေသဟု ခေါ်ဝေါကြပြီး အုပ်ချုပ်မင်းလုပ်ကြလေသည်။

ဖူနန်အင်ပါယာကြီး ကောင်စားစဉ်က နိုင်ငံတော်အတွင်း သုံးစွဲသောစာပေမှာ သက္ကတဘာသာ စာပေသာ ဖြစ်ပါသည်။ ထိုအချိန်တွင် မွန်နှင့်ခမာတို့သည် ယင်းတို့၏ ဘာသာစကားကို စာပေအဖြစ်သို့ မပြောင်းလဲနိုင်သေးကြောင်းကို သိရှိရပါသည် ။ ဆိုလိုသည်မှာ မွန်နှင့်ခမာတို့သည် အေဒီ (၆) ရာစုရောက်မှ စာပေကို ရေးသားနိုင်သော လူမျိုးများဖြစ်လာကြသည်။

“ဒွါရဝတီ မွန်ဧကရာဇ် နိုင်ငံတော်”

ဖူနန်ဧကရာဇ်နိုင်ငံတော်သည် အင်အားတောင့်တင်းပြီး အာဏာစက်ကျယ်ဝန်းသော လက်နက်နိုင်ငံတော်ကြီး ဖြစ်လင့်ကစား (၆) ရာစုတွင် ခမာဧကရာဇ် (BHAVARMAN) ဘဝါမာန်၏ ကျူးကျော်သိမ်းပိုက်မှု ကျရောက်ပြီးသော်လည်း ခမာလူမျိုးများက ဟိန္ဒူဘာသာအလေ့အထနှင့် သက်ဝင်ယုံကြည်မှုများကို ဆက်လက်လက်ခံကျင့်သုံးလာသော လူမျိုများဖြစ်သည်ကို တွေ့ရသည်။ သို့သော်လည်း ယိုးဒယားတောင်ပိုင်းရှိ ဒွာရဝတီနိုင်ငံတော်ရှိ မွန်တို့ကား ထေရ်ရဝါဒဗုဒ္ဓဘာသာကို လွန်စွာ ယုံကြည်ဆည်းကပ် ကိုးကွယ်သော ဗုဒ္ဓဘာသာဝင်များဖြစ်လာခဲ့ကြသည်။

ဒွါရဝတီနိုင်ငံတော်ကြီး၏ ပထမဆုံးမြို့တော်မှာ(Nakorn Pathon) နခွန်ပထုံ ဖြစ်သည်ဟု ယူဆကြပြီး ယင်းနေရာတွင် ပရပထုံစေတီနှင့် သက်တမ်းအရင့်ဆုံးမွန်ကျောက်စာကိုလည်း တွေ့ရှိခဲ့ရလေသည်။ ဒွါရဝတီနိုင်ငံသည် အကျယ်အဝန်းမည်၍မည်မျှအထိရှိပြီး မင်းဆက်ပေါင်းမည်မျှ အုပ်စိုးခဲ့သည်ကို မသိရနိုင်သော်လည်း ယခုယိုးဒယားပြည်တွင်းရှိ မွန်ကျောက်စာများကိုတွေ့ရှိရသော နေရာများကိုကြည့်ပြီး အကျယ်အဝန်းကို ခန့်မှန်းကြလေသည်။

ယိုးဒယားပြည်တွင် တွေ့ရှိရသော မွန်ကျောက်စာများမှာ မြန်မာပြည်တွင် တွေ့ရှိရသော မွန်ကျောက်စာများထက် ရှေးကျသောစာများဟု သုတေသီတို့ ခန့်မှန်းကြသော်လည်း သထုံသုဝဏ္ဏဘုမ္မိနှင့် ပုဂံခေတ် များတွင် တွေ့ရှိသောမွန်စာကျောက်စာများနှင့်အတူ ခေတ်ဟောင်းမွန်ကျောက်စာဟု သတ်မှတ်ထားပါသည်။ ခေတ်ဟောင်းကျောက်စာများကို (၆)ရာစုမှ အေဒီ (၁၂) ရာစုအတွင်း ရေးသားသောစာများကို ဆိုလိုပါသည်။ ဒွါရဝတီ မွန်နိုင်ငံတော်တွင် ရေးထိုးထားသော မွန်ကျောက်စာများသည် (၆) ရာစုမှ (၁၀)ရာစု အေဒီအတွင်း ရေးထိုးသောကျောက်စာများ ဖြစ်ပါသည်။

ဖရပထုံဒေသတွင် တွေ့ရှိသောမွန်ကျောက်စာ၊ (Saraburi) ဆာရာဘူရီ၊ (Lopuri) (လပ်ပူရီ) အနီး(Narai) နာရိုင်ဂူအတွင်းနံရံတွင် တွေ့ရှိသော မွန်ကျောက်စာ၊ ဒွါရဝတီနိုင်ငံ၏ ဒုတိယ မြို့တော်ဟုယူဆရသော လပ်ဖူရီမြို့တွင် ရှေစ်မြှောက်ရှိသော ကျောက်တုံးပေါ်တွင်တွေ့ရှိရသော မွန်ကျောက်စာနှင့် လောနိုင်ငံ၊ ဝင်းချင်းအနီးတွေ့ရှိသော မွန်ကျောက်စာများကို လေ့လာခြင်းအားဖြင့် ဒွါရဝတီနိုင်ငံတော်သည် ယခုယိုးဒယားတောင်ပိုင်းနှင့် လောနိုင်ငံအနီးထိ ကျယ်ဝန်းကြောင်းကို ခန့်မှန်းကြပါသည်။

ဒွါရဝတီမွန်နိုင်ငံတော်သည်လည်း(၁၀ဝ၂ မှ ၁၀၄၉) အေဒီအထိ ခမာနိုင်ငံတော်ကို အုပ်စိုးသော(Suriyavarman) သူရိယဗာမင်၏ တိုက်ခိုက်သိမ်းပိုက်ခြင်းကိုခံရသဖြင့် မွန်နိုင်ငံတော်လည်း ပျောက်ကွယ်သွားရပြန်သည်။ ထိုခမာဘုရင် သူရိယဗာမင်ကပင် ဆက်လက်ပြီး မြန်မာပြည်တောင်ပိုင်းရှိ သုဝဏ္ဏဘုမ္မိ သထုံနှင့် ဟံသာဝတီဒေသတိုင်အောင် ဆက်လက်တိုက်ခိုက်သဖြင့် နောက်ဆုံးတွင် ဟံသာဝတီဒေသ၌ ဟံသာဝတီရှိ မွန်နှင့် ပုဂံမှရောက်လာသော မြန်မာများ၏အကူအညီဖြင့် (ဂျွမ်း) ခေါ်ခမာများကို တိုက်ခိုက်အောင်နိုင်ပြီး စစ်သုံ့ပန်းအများအပြားကို ဖမ်းဆည်းနိုင်ခဲ့သည်ဟု သမိုင်းသုတေသီတို့က ဖော်ပြကြလေသည်။

“သုဝဏ္ဏဘုမ္မိ (ရာမညဒေသ)”

မြန်မာပြည်တောင်ပိုင်း မွန်နိုင်ငံတော်သည် မွန်ပေမှုများအရ မြတ်စွာဘုရားမပွင့်မီ နှစ်ပေါင်း (၅၀ဝ) လောက်တွင် ယခုခေတ် သထုံမြို့အနီးအနား၌ သုဓမ္မဝတီမြို့ကိုတည်ထောင်ပြီး သုဓမ္မနဝမင်းမှစ၍ မင်းပေါင်း (၂၄) ဆက် အုပ်ချုပ်သွားရာတွင် နှစ်ပေါင်း(၄၀ဝ) ကျော်ကြာမြင့်ပြီး သုဓမ္မဝတီမြို့သည်လည်း ပျက်သုဉ်းသွားသည်ဟု ဆိုလေသည်။

ထိုးနောက် ဂေါတမဘုရားမပွင့်မီ အနှစ်(၅၀) လောက်တွင် သုဓမ္မဝတီမြို့ကို စွန့်ခွာပြီး အခြားတစ်နေရာသို့ သုဘိန္နနာဂရမြို့ကိုတည်ထောင်၍ ကဏ္ဏကာရမင်းဆက်(၃) ဆက် အုပ်ချုပ်ခဲ့သည်။ မင်းဆက် (၃)ဆက် ဖြစ်သော တိဿကုမ္မာမင်းတွင် သားတော် (၂) ပါးထွန်းကားပြီး သားတော်ကြီး သီဟကုမ္မာ(၂၃)နှစ်၊ အင်္ကုရကုမ္မာ (၂၁)နှစ်တို့ တောထွက် ရသေ့ပြုခဲ့သည်။ နဂါးမင်း သူရိယကုမ္မာသည် အသက်(၂၀)အရွယ်တွင် သီဟသုဓမ္မရာဇာ(တိဿဓမ္မသီဟရာဇာ)ဘွဲ့နှင့် သုဝဏ္ဏဘုမ္မိဒေသတွင် မင်းပြုအုပ်ချုပ်လေသည်။ ယင်းသုဝဏ္ဏဘုမ္မိဒေသသည် ကေလာသတောင် ပတ်ဝန်းကျင်နေရာဟုခန့်မှန်းကြသည်။ သီဟသုဓမ္မရာဇာမင်းသည် သထုံမနူဟာမင်းအပါအဝင် မင်းဆက် (၅၇) ဆက်တွင် ပထမဦးဆုံး ဘုရင်ဖြစ်လေသည်။

သီဟသုဓမ္မရာဇာမင်းမှစ၍ မင်းဆက်(၁၀) ဆက်အုပ်ချုပ်ပြီး သုဝဏ္ဏဘုမ္မိဒေသတွင် ရေလွှမ်းမိုးသဖြင့် ယခင်သုဓမ္မဝတီ-ယခုသထုံဒေသသို့ပြန်လည်ပြောင်းရွှေ့ပြီး နောက်ဆုံးမင်းဆက်(၅၇)ဆက် ဖြစ်သော မနူဟာမင်းအထိ မွန်ဘုရင်များ အုပ်ချုပ်မင်းလုပ်လာခဲ့ကြသည်။

“ဟာရိဘုဉ္စယ မွန်နိုင်ငံတော်”

ယိုးဒယားတောင်ပိုင်းရှိ ဒွါရဝတီ မွန်နိုင်ငံတော်ကို ခမာဘုရင်သူရိယဗာမင်က အေဒီ (၁၀၂၂) ခုနှစ်လောက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်သော်လည်း ယိုးဒယားပြည်မြောက်ပိုင်းတွင် ဟာရိဘုဉ္စယ မွန်နိုင်ငံတော်သည် ဆက်လက်တည်ရှိနေသည်ဟု သိရှိရသည်။ ယင်းနိုင်ငံတော်သည် ဇင်းမယ်မြို့တောင်ဘက်မိုင် (၂၀) ခန့်အကွာ ယခုခေတ် (Lanphum)လန်ဖွန်းဒေသပင်ဖြစ်ပါသည်။

(စာမ္မဒေဝီဝံသ) သမိုင်းအဆိုအရ စာမ္မဒေဝီ ဘုရင်မသည် (Lopburi) လပ်ပူရီ မွန်ဧကရာဇ်၏ သမီးတော်ဖြစ်သည်။ ဟာရိဘုဉ္စယမြို့တော်ကိုတည်ထောင်ရန် အေဒီ(၇) ရာစုလောက်က လပ်ပူရီမှ ထွက်ခွာလာခဲ့သည်ဟုဆိုသည်။ စာမ္မဒေဝီ၌အမွှာပူးသားတော်နှစ်ပါးထွန်းကားပြီး သားတော်တို့က ဘုရင်အဖြစ်အုပ်စိုးကြသည်။ ယင်းဒေသတွင် တွေ့ရှိသောမွန်ကျောက်စာအရ စာမ္မဒေဝီသည် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများကို ဆောက်လုပ်လှုဒါန်းသော ဘုရင်မဖြစ်ပြီးဒုတိယ သားတော်ဘုရင်ဖြစ်လာသောအခါ ထီးနန်းစွန့်လွှတ်ပြီးအနားယူခဲ့သည်။

(Lanphum) လန်ဖွန်းဒေသတွင် တွေ့ရှိရသော မွန်ကျောက်စာများကို လေ့လာပြီးနောက် ယင်းကျောက်စာများသည် အေဒီ (၁၂) ရာစုနောက်ပိုင်းတွင် ရေးထိုးသော မွန်ကျောက်စာများဖြစ်သည်ဟု သုတေတီတို့က သတ်မှတ်ကြသည်။

နောက်ပိုင်းတွင် ဟာရိဘုဉ္စယမွန်နိုင်ငံတော်သည် ဒွါရဝတီကိုသိမ်းပိုက်သော ခမာဘုရင်များနှင့် မကြာမကြာစစ်ပွဲဖြစ်ပွားခဲ့သော်လည်း ခမာဘုရင်က မွန်တို့ကို အောင်နိုင်ခြင်းမရှိပါ။ သို့သော်ယူနန်ရှိ ထိုင်းလူမျိုးတို့သည် အေဒီ(၁၂၅၃)နောက်ပိုင်းတွင် တောင်ပိုင်းရှိ ယိုးဒယားဒေသသို့ပြောင်းရွှေ့ပြီး (Sukhothai) ဆုကိုထိုင်း ဒေသကိုထူထောင်ကြပြီးနောက် မွန်ဧကရာဇ်နိုင်ငံ ဟာရိဘုဉ္စယနှင့် စစ်ပွဲများစွာဖြစ်ပွားခဲ့ပြီးကာ ထိုင်းဘုရင် (Meng Rai)မင်ရိုင်က မွန်ဘုရင် (Yiba) ယိဗအား အေဒီ (၁၂၉၂) တွင် အောင်နိုင်ခဲ့သဖြင့် ထိုအချိန်မှစ၍ မွန်ဘုရင်နှင့် နိုင်ငံတော်သည်လည်း ပျောက်ကွယ်သွားခဲ့ရသည်။

မြန်မာနိုင်ငံတော်တွင် အထက်ဖော်ပြခဲ့သည့်အတိုင်း သုဓမ္မနဝမင်းဆက် (၂၄)ဆက်၊ သုဘိန္နနာဂရမြို့တွင် ကဏ္ဏကာရမင်းဆက် (၃)ဆက်နှင့် သုဝဏ္ဏဘုမ္မိတွင် မင်းဆက် (၅၇)ဆက်အပြင် ယခုရန်ကုန်ဒေသတွင် တြိကုမ္ဘမြို့၌ ဥက္ကလာပမင်းဆက်(၃၂)ဆက်၊ ယခုကျောက်တန်းမြို့နယ် ပါဒကြီးကျွေးရွာတည်ရာအရပ်တွင် ပါဒနိုင်ငံတော်၌ တိဿဘောဂသေန မင်းဆက်(၃၄)ဆက်၊ ပဲခူးဟံသာဝတီတွင် သမလ၊ ဝိမလမင်းဆက်(၁၇) ဆက်၊ မုတ္တမနှင့်ဟံသာဝတီတွင် နောက်ထပ်ဝါရီရူနှင့်ဗညားဦးမင်းဆက်(၁၈)ဆက်အပြင် နောက်ဆုံး ပဲခူးဟံသာဝတီတွင် ဗညားဒလဘုရင်ပြီးနောက် မွန်နိုင်ငံတော်နှင့် ဘုရင်များပျောက်ကွယ်သွားခဲ့ရလေသည်။

(မွန်ဘုရင်တို့၏ ဟံသာဝတီနောက်ဆုံးနေ့- ကောဇာသက္ကရာဇ်-၁၁၁၉ ခုနှစ်၊ ကဆုန်လဆုတ်(၈) ရက်နေ့)

နိုင်ထွန်သိန်း

About မွန်သတင်းအေဂျင်စီ

Check Also

NCA ကို ပြန်လည်သုံးသပ်ဖို့လိုပြီ

တိုင်းရင်းသားလက်နက်ကိုင်များအနေနှင့် ကနဦးကာလ၌ လက်နက်စွန့်ရန်မလိုဘဲ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် Nationwide Ceasefire Agreement- NCA ချုပ်ဆိုခြင်းနှင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲရလဒ်များကို အခြေခံပြီး လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များ အဆင့်ဆင့်ပြုလုပ်သွားခြင်းဖြင့် …

Leave a Reply

%d bloggers like this: