Homeမေးမြန်းချက်“ငြိမ်းချမ်းရေးနဲ့ ပထမဆုံးအတိုင်းအတာက ရွာသားတစ်ယောက် အိမ်မှာလုံခြုံစွာ အိပ်နိုင်ပြီးလား၊ ကလေးတစ်ယောက် ကျောင်းတက်နိုင်ပြီးလား၊ ဒဏ်ရာရသူတွေ ဆေးကုသနိုင်ပြီးလားဆိုတာပါ၊ လူထုက အဲလိုခံစားနိုင်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်...

“ငြိမ်းချမ်းရေးနဲ့ ပထမဆုံးအတိုင်းအတာက ရွာသားတစ်ယောက် အိမ်မှာလုံခြုံစွာ အိပ်နိုင်ပြီးလား၊ ကလေးတစ်ယောက် ကျောင်းတက်နိုင်ပြီးလား၊ ဒဏ်ရာရသူတွေ ဆေးကုသနိုင်ပြီးလားဆိုတာပါ၊ လူထုက အဲလိုခံစားနိုင်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ယုံကြည်မှု စတင်တည်ဆောက်နိုင်မှာဖြစ်ပါတယ်”

-

မြန်မာပြည်တောင်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို ဆက်တိုက် ပြုလုပ်နေပါတယ်။ အထူးသဖြင့် အရပ်သားတွေကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက် နေပါတယ်။

စစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ၊ နေအိမ်ပျက်စီးမှုတွေ၊ အိုးအိမ်စွန့်ခွာမှုတွေ ပိုပြီး များပြားလာနေပါတယ်။ စစ်တပ်က အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်တိုက် ပြုလုပ်နေသလို တဘက်မှာလည်း ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဖို့ လုပ်နေတာနဲ့ ပတ်သက်ပြီး မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) ပရိုဂရမ်ဒါရိုက်တာ နိုင်အဲမွန်နဲ့ ဆက်သွယ်မေးမြန်းထားတာကို တင်ဆက်လိုက်ပါတယ်။

မေး ။ ။ တောင်ပိုင်းဒေသက စစ်ရေးတိုက်ခိုက်မှု အခြေအနေ ဘယ်လိုရှိလဲ။ စစ်ရေးတိုက်ခိုက်မှု များလာတဲ့အပေါ် ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ ။ ။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီက အခြေအနေကို အခြေခံရမယ်ဆို စစ်အုပ်စုက မြေပြင်စစ်ဆင်ရေးတွေကို ပံ့ပိုးဖို့ လမ်းကြောင်းနဲ့ နယ်မြေတွေကို ထိန်းချုပ်ဖို့ လေကြောင်းနဲ့ အဝေးပြေး လက်နက်တွေကို အသုံးပြုနေတာ တွေ့ရတယ်။ မြေပြင်မှာ သွားလာလှုပ်ရှားဖို့ ခက်ခဲတဲ့နေရာမှာ အဲ့လို ဖိအားပေးနိုင်တာကလည်း အကြောင်းတစ်ခုပေါ့။ ဒါပေမဲ့ တိုက်ပွဲဖြစ်နေတဲ့ မြေပြင်တွေမှာပဲ တိုက်ခိုက်တာ မဟုတ်ဘူး။ တိုက်ပွဲမရှိတဲ့ ကျေးရွာနဲ့ လူနေအိမ်တွေ နောက်ပြီးတော့ IDPs စခန်းကိုပါ တိုက်ခိုက်တယ်။ အဲ့အကျိုးဆက်က လူတွေ မိမိမြို့ရွာမှာ မနေရဲတော့တာတွေ အလုပ်မလုပ်နိုင်တော့တာတွေ နေရပ်ပြန်ဖို့ မဖြစ်နိုင်တော့တာတွေ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ အရပ်သားတွေကို ကြောက်ရွှံ့စေပြီးတော့ ဒေသတစ်ခုလုံးရဲ့ နေထိုင်မှုကို ဖိအားပေးတဲ့သဘော သက်ရောက်နေပါတယ်။ HURFOM ရဲ့လက်ရှိ ကျိုက်ထိုဖြစ်စဉ် တွေ့ရှိချက်မှာလည်း ဒီလိုပုံစံမျိုး တွေ့နေရပါတယ်။

မေး ။ ။ ကရင်ပြည်နယ်ဘက် အထူးသဖြင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေမှာ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်မှု ရှိနေပါတယ်။ ကရင်ဘက်က အခြေအနေတွေကိုလည်း သိပါရစေ။

ဖြေ ။ ။ KNU/KNLA ထိန်းချုပ်နယ်မြေအားလုံးမှာ အခြေအနေတူတယ်လို့ ပြောလို့မရဘူး။ ကျနော်တို့ မှတ်တမ်းတင်နိုင်တဲ့ နေရာတွေမှာ လေယာဉ်နဲ့ ဗုံးကြဲတာ၊ ဒရုန်းနဲ့ ဗုံးချတာ မြေပြင်တပ်စခန်းကနေ လက်နက်ကြီးပစ်တာတွေ ဆက်ရှိနေတယ်။ ဘီးလင်းမြို့နယ်၊ အလူးကြီးကျေးရွာမှာဆိုရင် လေကြောင်း တိုက်ခိုက်မှု နောက်လက်နက်ကြီး ပစ်ခတ်သလို၊ ပုလိန်ရွာဘက်မှာလည်း တိုက်ပွဲထပ်မဖြစ်တဲ့အချိန်ထိ ပစ်ခတ်တယ်။ မြေပြင်တိုက်ပွဲမရှိဘူးဆိုတာနဲ့ ရွာသားတွေ လုံခြုံတယ်လို့ ပြောလို့မရဘူး။ တောင်ပိုင်းဒေသကို Highlight လုပ်ရရင် HURFOM ရဲ့အောက်တိုဘာ ၁၄ ရက် သတင်းအရ အလူးကြီးကျေးရွာမှာ အရပ်သား ၅ ဦး သေဆုံးတာရှိပြီးတော့၊ ၂၁ ဦး ဒဏ်ရာရတာရှိတယ်။ နေအိမ် ၁၃ လုံးပျက်စီးပြီးတော့ ဒေသခံ ရာနဲ့ချီ ထွက်ပြေးခဲ့ရတယ်။ အောက်တိုဘာ ၁၂ ရက်မှာ ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းရွာ ဒရုန်းတိုက်ခိုက်မှုကြောင့် ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့တယ်။ အဲ့အထဲမှာ မိသားစုဝင် ၅ ဦးအထိပါတယ်။ ပုလိန်မှာဆိုရင်လည်း ၃၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်။ ဒီကိန်းဂဏန်းတွေရဲ့နောက်မှာ ဝင်ငွေမရှိဘဲ ရပ်တည်ဖို့၊ ဆေးကုဖို့ ခက်ခဲတဲ့ မိသားစုတွေ၊ ကလေးတွေ အမျိုးသမီးတွေနဲ့ သက်ကြီးရွာအိုးတွေ ထပ်ခါထပ်ခါ သက်ရောက်မှုတွေ ဖြစ်နေတာတွေ့ရတယ်။

မေး ။ ။ စစ်ရေးဖိအားပေးမှုတွေ ဆက်ရှိနေတယ်။ တစ်ဖက်မှာလည်း စစ်တပ်က ငြိမ်းချမ်းရေးအကြောင်း ပြောနေတယ်။ ဒီ့အပေါ်မှာရော ဘယ်လိုမြင်လဲ။

ဖြေ ။ ။ ဒါကတော့ စစ်ရေးအရ ဖိအားပေးမှုတွေက ဆက်ရှိနေဆဲဆိုတာ ခေတ်အဆက်ဆက်ပဲ၊ စစ်ရေးအရ စစ်တပ်စခန်းတွေကို အားဖြည့်ဖို့ လမ်းကြောင်းတွေကို ပြန်ထိန်းဖို့ တော်လှန်ရေးအင်အားစု လှုပ်ရှားနေတဲ့ ဒေသတွေကို ဖိအားပေးဖို့အကြောင်းအရင်းတွေ ပါဝင်လာပါတယ်။ နိုင်ငံရေးအရလည်း နယ်မြေကို မြေပြင်က အပြည့်အဝ မထိန်းသိမ်းနိုင်ရင်တောင် အဲ့နယ်မြေမှာ ဘယ်သူမှ လုံခြုံစွာ စိတ်အေးချမ်းစွာ လှုပ်ရှားလို့ မရဘူးဆိုတဲ့ အနေအထားမျိုး ဖန်းတီးပြီး ဩဇာဆက်ထိန်းနေတာလို့ သုံးသပ်တယ်။ ငြိမ်းချမ်းရေးအကြောင်း ပြောနေတယ်ဆိုရင် အဲ့စကားကို မြေပြင်မှာရှိတဲ့ လုပ်ရပ်နဲ့ တိုင်းတာရပါလိမ့်မယ်။ ရွာသားတွေ ဗုံးရှောင်နေရတုန်း အကူအညီ မရောက်နိုင်သေးတုန်း ကလေးတွေ ကျောင်းမတတ် နိုင်သေးတုန်းမှာ ငြိမ်းချမ်းရေးစကားအပေါ် ယုံကြည်ဖို့ အလွန်ပဲ ခက်ခဲလှပါတယ်။ တိုက်ခိုက်မှုတွေကို နိုင်ငံရေးအသာစီးရဖို့ အသုံးပြုနေတယ်ဆိုရင်လည်း အရပ်သားတွေကို အဲ့အတွက်ပေးဆပ်ခိုင်းလို့မရပါဘူး။ အရပ်သားနဲ့ စစ်ရေး ပစ်မှတ်ကို ခွဲခြားရမဲ့ တာဝန်က ဘယ်ဘက်မှာမဆို ရှိနိုင်ပါတယ်။ နိုင်ငံတကာဥပဒေတွေ Internationl law တွေ Humanitarian law တွေ Human Right နဲ့ပတ်သက်တဲ့ နိုင်ငံတကာ စည်းမျဉ်း စည်းကမ်းတွေ၊ စစ်ပွဲဆိုင်ရာ စည်းမျဉ်း စည်းကမ်းဆိုတာ အတိအလင်း ပြဌာန်းထားပြီးသား ဖြစ်တယ်။

မေး ။ ။ စစ်ရေးပဋိပက္ခတွေက အနာဂတ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ဘယ်လိုသက်ရောက်မှု ရှိပါသလဲ။

ဖြေ ။ ။ ခုနက ပြောသလို အကြီးဆုံးထိခိုက်မှု ယုံကြည်မှုပျက်ပြားသွားစေတယ်။ မိသားစုဝင် ဆုံးရှုံးသွားတဲ့သူ၊ အိမ်ပျက်သွားတဲ့သူ အကြိမ်ကြိမ် ထွက်ပြေးရတဲ့သူတစ်ယောက်အတွက် ငြိမ်းချမ်းရေးစကား ယုံဖို့ဆိုတာ လုံခြုံရေး အာမခံချက်နဲ့ လက်တွေ့ပြောင်းလဲမှုတွေ လိုအပ်ပါလိမ့်မယ်။ နောက် လူထုရဲ့ ပါဝင်မှုက လျော့သွားစေတယ်။ နေ့စဉ် စားဝတ်နေရေးနဲ့ ရုန်းကန်ရှင်သန်နေရတဲ့ အခြေအနေတွေအတွက် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ သူတို့ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်နိုင်ဖို့ အခွင့်အလမ်းနည်းသွားပါတယ်။ အထူးသဖြင့် စစ်ရှောင်တွေ၊ အမျိုးသမီးတွေ လူငယ်တွေရဲ့အသံတွေ ပျောက်သွားနိုင်တယ်။ ပျောက်နေဆဲပါ။ အနာဂတ်ငြိမ်းချမ်းရေးမှာ ပစ်ခတ်မှု ရပ်ဆဲရေးအပြင် နစ်နာသူတွေရဲ့ အမှန်တရား သိခွင့် တရားမျှတမှု ပြန်လည်ထူထောင်ရေးနဲ့ ထပ်မဖြစ်အောင် ကာကွယ်ပေမဲ့ အာမခံချက်တွေ အထူးလိုအပ်ပါတယ်။ ဒါတွေမပါဘဲနဲ့ သဘောတူညီချက်တစ်ခု ရလိုက်ရုံနဲ့ ရေရှည်တည်ငြိမ်အေးချမ်းမယ်လို့ လုံဝ ယူဆလို့မရဘူး။ သာဓကတွေလည်း အများကြီးရှိခဲ့တယ်။ လိုအပ်နေဆဲကို တွေ့ရပါလိမ့်မယ်။

မေး ။ ။ လူ့အခွင့်အရေးအဖွဲ့အနေနဲ့ရော အရပ်သားတွေကို ကာကွယ်ဖို့ ဘာတွေလုပ်ဆောင်နေပါလဲ။

ဖြေ ။ ။ မြေပြင်က ဖြစ်စဉ်တွေကို ဆက်လက်စုဆောင်းတာ၊ မှတ်တမ်းပြုတာ၊ စစ်ဆေးတာ၊ Identify လုပ်တာ ဘယ်အချိန်၊ ဘယ်နေရာမှာဖြစ်ခဲ့လဲ၊ ဘယ်သူတွေ ထိခိုက်ခဲ့လဲ၊ ဘယ်အချက်ကို အတည်ပြုပြီးတော့ ဘယ်အချက်တွေ စစ်ဆေးဆဲလဲဆိုတဲ့ ခွဲခြားမှုတွေ ဖော်ထုတ်နေဖို့ analysis ဆက်တိုက်လုပ်နေဖို့ အရေးကြီးတယ်။ သတင်းပေးတွေ လုံခြုံရေးကိုလည်း အလေးထားနေရဆဲပါ။ လက်တွေ့ ကာကွယ်ရေးမှာ လေကြောင်းဆိုင်ရာ အသိပညာပေးလမ်းညွှန်မှုတွေကို မွန်မှာဆို မွန်ဘာသာ၊ ကရင်ဘက်ဆို ကရင်ဘာသာ၊ ထားဝယ်ဘက်မှာဆိုလည်း ထားဝယ်ဘာသာနဲ့ ပြုစုထုတ်ဝေနေကြတာရှိတယ်။ ဒေသခံကွန်ယက်တွေလည်း အရေးပေါ် ပြင်ဆင်မှုနဲ့ အန္တရာယ်လျှော့ချရေးအတွက် အသုံးပြုနိုင်အောင် မြေပြင်မှာ လုပ်ဆောင်နေဆဲရှိတယ်။ ဒါပေမဲ့ မလုံလောက်ပါဘူး။ တိုက်ခိုက်သူတွေအနေနဲ့ အရပ်သားကာကွယ်ရေး လိုက်နာဖို့နဲ့ ချိုးဖောက်မှုတွေကို လွတ်လပ်စွာ စုံစမ်းစစ်ဆေးနိုင်ဖို့ လိုအပ်ပါတယ်။

မေး ။ ။ အနာဂတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အရပ်သား ကာကွယ်ရေးနဲ့ လူထုယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်ဖို့ ဘာတွေလိုအပ်လဲ။

ဖြေ ။ ။ အရင်ဦးဆုံးအရပ်သားတွေ လက်တွေ့လုံခြုံလာဖို့ အဓိကလိုအပ်ပါတယ်။ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေနဲ့ အရပ်သား စစ်ရေးပစ်မှတ် မခွဲခြားမှုတွေကို ချက်ချင်းရပ်ပစ်ရမယ်။ ကျောင်း၊ ဆေးရုံ၊ စစ်ရှောင်စခန်းတို့ လူနေအိမ်တွေလည်းပဲ ဒဿနိကအဆောက်အအုံတွေ ရှောင်ကြဉ်သင့်တာပေါ့နော်၊ ပဋိပက္ခမှာ ပါဝင်နေတဲ့သူတွေအားလုံး တာဝန်ရှိပါတယ်။ ဒုတိယအနေနဲ့ လူသာချင်းစာနာမှု အကူအညီတွေကို အနှောင့်အယှက်ကင်းကင်းနဲ့ အထူးလုပ်မှာ ဖြစ်ပါတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေကို သေချာစွာ အလုပ်လုပ်ဖို့ ဖန်တီးပေးရမှာ အခုက risk case လုပ်နေတာ၊ တတိယအချက်က သဘောတူညီချက်ရှိလာရင် ဘယ်သူက monitoring လုပ်မလဲ၊ ဘယ်လို တိုင်ကြားမလဲ၊ ဘယ်လိုတုံ့ပြန်မလဲဆိုတာ ရှင်းရှင်းလင်းလင်း ရှိသင့်ပါတယ်။ နိုင်ငံရေးဆွေးနွေးမှုမှာ တိုင်းရင်းသားလူထု၊ အမျိုးသမီး၊ လူငယ်၊ စစ်ဘေးရှောင်လူငယ်တွေနဲ့ နစ်နာသူတွေ အလွှာစုံ အဓိပ္ပာယ်ရှိရှိနဲ့ ပါဝင်နိုင်ဖို့ အထူးလိုအပ်တယ်။ ငြိမ်းချမ်းရေးနဲ့ ပထမဆုံးအတိုင်းအတာက ရွာသားတစ်ယောက် အိမ်မှာလုံခြုံစွာ အိပ်နိုင်မလား၊ ကလေးတစ်ယောက် ကျောင်းတက်နိုင်ပြီးလား၊ ဒဏ်ရာရသူတွေ တစ်ဦးတစ်ယောက်ချင်းစီမှာ ဆေးကုသနိုင်ပြီးလား၊ ဒါတွေက နေ့ဓဓူဝ လိုအပ်ချက်တွေဖြစ်တယ်။ လူထုက အဲလိုခံစားနိုင်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ယုံကြည်မှု စတင်တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,900SubscribersSubscribe

Latest posts