Home သတင်း မွန်ပြည်နယ် နယ်လုံဝန်ကြီး အပြောင်းအလဲလုပ်

မွန်ပြည်နယ် နယ်လုံဝန်ကြီး အပြောင်းအလဲလုပ်

မွန်ပြည်နယ် စစ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်မှူးကြီး ကျော်စွာမြင့်နေရာကို ဗိုလ်မှူးကြီး ရဲထွဋ်အား အစားထိုပြောင်းလဲခန့်အပ်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ့က ထုတ်ပြန်သည်။

မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအပြင် ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ရှမ်းပြည်နယ်က လွှတ်တော်ကိုယ်စားလှယ် ၇ ဦးကို အစားထိုးပြောင်းလဲလိုက်ကြောင်း ထုတ်ပြန်ထားသည်။

အပြောင်းအလဲပြုလုပ်ခံရသည့် မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်သည် တရားမဝင် ထိုင်းကုန်ပစ္စည်း ကုန်သွယ်မှု၊ လာဘ်ပေးလာဘ်ယူမှု၊ တရားမဝင် လောင်းကစားဝိုင်းများနှင့် ပတ်သက်ပြီး နာမည်ဆိုးထွက်နေသူဖြစ်သည်။

မွန်ပြည်နယ်တွင် ထိုင်းကုန်ပစ္စည်းများ တင်သွင်း သယ်ဆောင်ခြင်းကို တင်းကြပ်ထားသော်လည်း ဗိုလ်မှူးကြီး ကျော်စွာမြင့်ကို ငွေကြေးအမြောက်အများပေးထားသည့် ကုန်သည်များက ထိုင်းကုန်ပစ္စည်းများကို လွတ်လပ်စွာ တင်သွင်း သယ်ဆောင်ခွင့်ရနေသည်ဟု ကုန်သည်အချို့တို့ထံမှ သိရသည်။

၎င်းပြင် ဗိုလ်မှူးကြီး ကျော်စွာမြင့်သည် ယခင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပူပေါင်းပြီး လောင်းကစားဝိုင်းများကို တရားဝင်သဖွယ် ဖွင့်ခွင့်ပြုထားကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။

ဗိုလ်မှူးကြီး ကျော်စွာမြင့်သည် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်တွင် မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည်။

စစ်တပ်က အပြောင်းအလဲ ပြုလုပ်ခဲ့သည့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၇ ဦးတွင် အချို့မှာ လာဘ်ပေးလာဘ်ယူမှု၊ တာဝန်မကျေမှုဖြင့် တိုင်ကြားခံထားရသူများဖြစ်ကြောင်းလည်း သတင်းထွက်နေသည်။  

Enable Notifications OK No thanks