ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အဘစ်-ပုလိန်-တံခွန်တိုင်ကားလမ်းပိုင်းကို ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း ယာဉ်မောင်းနှင့်ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
အောက်တိုဘာလ ၂၀ ရက်နေ့ မနက်ပိုင်းက သံဃာတော်များ၊ ဒေသတွင်းတာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းမှု လုပ်ဆောင်ခဲ့ပြီးနောက် ညနေ ၃ နာရီဝန်းကျင်တွင် လမ်းပိုင်းအား စတင်ဖွင့်လှစ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ပုလိန်ဒေသဘက်မှာ အခုလို တိုက်ပွဲဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ပြည်သူအခက်အခဲတွေကို စာနာထောက်ထားပေးဖို့ဆိုပြီး ရဟန်းသံဃာတော်အပါအဝင် ဒေသတွင်းတာဝန်ရှိသူတွေက ညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့တယ်။ ပြီးတော့ အဲနေ့ ညနေပိုင်းမှာပဲ တပ်တွေဆုတ်ကြပြီး လမ်းတွေကို ပြန်ဖွင့်ပေးတာ။ ” ဟု အထက်ပါ ဒေသခံက ပြောသည်။
သို့သော် တံခွန်တိုင်-ပုလိန်-အဘစ်လမ်းပိုင်းတွင် လုံခြုံရေး အပြည့်အဝ မရှိသေးသည့်အခြေအနေကြောင့် ယာဉ်များ ဖြတ်သန်းသွားလာမှု နည်းသေးကြောင်းလည်း ဆိုသည်။
လက်ရှိတွင် ဘုရားသုံးဆူ-မုဒုံသို့ ပြေးဆွဲနေသည့် ခရီးသွားယာဉ်များအပြင် ဒေသခံများက တံခွန်တိုင်-ဘုရားငါးဆူ-တောင်ကလေး-ကျွန်းရွာလမ်းဘက်နှင့် သံပုရာ-ချောင်းနှစ်ခွ- ကျွန်းရွာလမ်းပိုင်းကိုသာ ဖြတ်သန်းသွားလာသူ များပြားနေသည်ဟု ဒေသခံ ယာဉ်မောင်းတစ်ဦးက ပြောသည်။
“ ဗမာစစ်သားတွေကိုတော့ မတွေ့တော့ဘူး။ အဘစ်ဘက်ရော၊ တံခွန်တိုင်-တောင်ကလေးဘက်ရော ဖွင့်ပေးထားတယ်။ ပုလိန် ဘက်မှာ သစ်ပင်တွေနဲ့ ပိတ်ဆို့ထားတာကိုလည်း ပြန်သိမ်းလိုက်ကြပြီ။ ဒါပေမဲ့ ဘယ်နှစ်ရက်လောက် ရနိုင်မလဲတော့ မသိဘူး။ ” ဟု အထက်ပါ ယာဉ်မောင်းက ပြောသည်။
လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ထားသော်လည်း တိုက်ပွဲကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြသည့် ဒေသခံပြည်သူ အချို့ကသာ နေရပ်ပြန်ဝင်လာရဲသေးကြောင်း ဆိုသည်။
တံခွန်တိုင်ကျေးရွာအုပ်စုရှိ ဇီးဖြူကုန်းစစ်စခန်းကို အင်အားလာရောက်ဖြည့်တင်းရန် ဝင်ရောက်လာသည့် စစ်ကော်မရှင်စစ်ကြောင်းနှင့် မွန်၊ ကရင်တော်လှန်ရေးပူးပေါင်းတပ်တို့အကြား ပုလိန်ကျေးရွာအနီးတွင် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပြင်းထန်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲကြောင့် တံခွန်တိုင်-ပုလိန်-အဘစ်ကားလမ်းပိုင်းကို နှစ်ဖက်အဖွဲ့တို့က ပိတ်ဆို့ခဲ့သလို ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားမှုကြောင့် ဒေသခံရာချီ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရခြင်း ဖြစ်သည်ဟု သိရသည်။




