Homeသတင်းနေ့အပူချိန်မြင့်တက်မှုနှင့်အတူ မွန်ပြည်နယ်တွင် အပူဒဏ်ကြောင့် သေဆုံးသူတိုးလာ

နေ့အပူချိန်မြင့်တက်မှုနှင့်အတူ မွန်ပြည်နယ်တွင် အပူဒဏ်ကြောင့် သေဆုံးသူတိုးလာ

-

မွန်ပြည်နယ်တွင် နေ့အပူချိန်မြင့်တက်နိုင်သည့် သတိပေးချက်နှင့်အတူ အပူဒဏ်ကြောင့် ရုတ်တရက် သတိလစ် သေဆုံးသူတိုးလာနေကြောင်း လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့နှင့် မြေပြင်သတင်းအရင်းမြစ်များမှ သိရသည်။

သေဆုံးသူနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဆေးရုံများနှင့် ကျန်းမာရေး ဌာနများမှ အတည်မပြုထားသော်လည်း၊ နေပူတွင် သွားလာ အလုပ်လုပ်ခြင်း၊ ပြင်းထန်ကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်ခြင်းမှ သတိလစ် သေဆုံးမှုဖြစ်စဉ်များ မကြာခဏ ဖြစ်ပေါ်နေသည်။

မြေပြင်တွင်လည်း အပူဒဏ်ကြောင့် မူးဝေခြင်း၊ သတိလစ်ခြင်းနှင့် အပူရှပ်လူနာများကို ဆေးရုံသို့ ပို့ဆောင်ကုသပေးနေရမှုများ ရှိနေကြောင်း ဘီးလင်းလူမှုကူညီကယ်ဆယ်ရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

“အပူရှပ်လို့ သေတဲ့သူတွေရှိတယ်လို့လည်း ကြားရတယ်။ ပြီးတော့ ဆေးရုံတက်နေရတဲ့လူတွေ တွေ့ရ တယ်။ အခြားဘက်တွေ မှာလည်း ရှိချင်ရှိမှာပဲ၊ အခုက တော်တော်ပူနေတာ မနေ့ကတောင် ၃၇ ဒီဂရီ ရှိတယ်၊ ခံနိုင်ရှည် မရှိတဲ့သူတွေဆို မခံနိုင်ဘူး။ ” ဟု ၎င်းက ဆိုသည်။

အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း ဘီးလင်းမြို့နယ်က ဒေသခံ ၄ ဦး၊ သထုံမြို့နယ် ဒေသခံ ၁ ဦးနှင့် မော်လမြိုင်မြို့နယ်တွင် ဒေသခံ ၁ဦး၊ စုစုပေါင်း ၆ ဦး အပူဒဏ်ကြောင့် ရုတ်တရက် လဲကျပြီးသေဆုံးခဲ့ကြောင်း သိရသည်။

၎င်းအပြင် အောက်တိုဘာလ (၂၀) ရက်နေ့ကလည်း မုဒုံမြို့ မီတာ ၄၀၀ အားကစားကွင်းတွင် မြို့မ (၁) ဘောလုံးအသင်း နှင့် ကွမ်လှာ ဘောလုံးအသင်းတို့ ဘောလုံးယှဉ်ပြိုင်ကစားခဲ့ကြပြီး‌နောက် ည (၆) နာရီအချိန်ခန့်တွင် မြို့မ (၁) ဘောလုံးအသင်းမှ ကျောနံပါတ် (၂၁) ကိုသားကြီးဆိုသူမှာ လူစားလဲပြီးနောက် ကွင်းဘေး၌နားနေချိန်တွင် သတိလစ်မေ့လဲကျရာမှ အသက်သေဆုံးခဲ့ရသည်။

လက်ရှိ အောက်တိုဘာလ ၂၁ ရက်နေ့အထိ မွန်ပြည်နယ်၏ အပူချိန်မှာ နေ့ဘက်တွင် အမြင့်ဆုံး ၃၃°C မှ ၃၄°C အထိရှိပြီး၊ ညဘက်နှင့် မနက်ပိုင်းတွင် အနိမ့်ဆုံး ၂၄°C မှ ၂၅°C ဝန်းကျင် ရှိနေသည်။

လာမည့် နိုဝင်ဘာနှင့် ဒီဇင်ဘာလတွင် အယ်နီညိုအမြင့်ဆုံး အခြေအနေရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာမှ အယ်နီညိုနှင့် ပတ်သတ်၍ သတိပေးချက် ထုတ်ပြန်ထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် နေ့လယ်ပိုင်း အပူပြင်းချိန်များတွင် အပြင်ထွက်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြရန်၊ အပြင်ထွက်ပါက ထီး၊ ဦးထုပ်များ ဆောင်းကြရန်နှင့် ရေများများ သောက်သုံးကြရန် ကျန်းမာရေးအဖွဲ့များက နှိုးဆော်ထားသည်။

ရာသီဥတု သုတေသနအဖွဲ့များ၏ ထုတ်ပြန်ချက်အရ လက်ရှိဖြစ်ပေါ်နေသည့် စူပါအယ်လ်နီညို ဖြစ်စဉ်ကြောင့် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများတွင် အပူချိန်စံချိန်တင် မြင့်တက်နိုင်ပြီး အပူလှိုင်းကြောင့် ထိခိုက်သေဆုံးမှုများ ပိုမိုရင်ဆိုင်ရနိုင်ကြောင်း သတိပေးထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts