Home မေးမြန်းချက် “အာဏာရှင်စနစ်ကို အထောက်အကူပေးတဲ့ ကိစ္စတွေကလွဲရင် ကျနော်တို့အနေနဲ့ ဘယ်လိုကိစ္စမဆို နိုင်တဲ့ဘက်က ပူးပေါင်းဆောင်ရွက်သွားမှာပါ။” (NRFF) ပြောရေးဆိုခွင့်ရှိသူ နိုင်ပီတာ

“အာဏာရှင်စနစ်ကို အထောက်အကူပေးတဲ့ ကိစ္စတွေကလွဲရင် ကျနော်တို့အနေနဲ့ ဘယ်လိုကိစ္စမဆို နိုင်တဲ့ဘက်က ပူးပေါင်းဆောင်ရွက်သွားမှာပါ။” (NRFF) ပြောရေးဆိုခွင့်ရှိသူ နိုင်ပီတာ

စတုတ္ထအကြိမ်မြောက် မွန်လူငယ်ညီလာခံတွင် မွန်ဒေသနှင့် ကဏ္ဍအသီးသီးမှ လူငယ်ကိုယ်စားလှယ်များ စုစည်းတွေ့ဆုံကာ လက်တွေ့ကျသည့် လုပ်ငန်းစဉ်များ ချမှတ်နိုင်ခဲ့ပြီး လုံခြုံရေးဆိုင်ရာ ကန့်သတ်ချက်များနှင့် တော်လှန်ရေးအင်အားစုမှ လူငယ်များ ပါဝင်နိုင်ခြင်း မရှိသဖြင့် ရလဒ်များနှင့် ဆုံးဖြတ်ချက်များသည် မွန်လူငယ်ထုတစ်ရပ်လုံး၏ အသံနှင့် လိုအပ်ချက်များကို အပြည့်အဝ ကိုယ်စားပြုနိုင်ရန် ခက်ခဲကြောင်း သုံးသပ်မှုများ ရှိနေသည်။

လက်ရှိနိုင်ငံရေး အကျပ်အတည်းနှင့် မတည်ငြိမ်မှုများ ကြာမြင့်လာသည်နှင့်အမျှ လူငယ်အများစုသည် ပညာရေး၊ အလုပ်အကိုင်နှင့် ကိုယ်ပိုင်ဘဝရပ်တည်ရေးကို ဦးစားပေးလာကြပြီး ၎င်းတို့၏ နိုင်ငံရေး သို့မဟုတ် တော်လှန်ရေးတွင် ပါဝင်နိုင်မှုသည် အတိုင်းအတာနှင့် ပုံစံကွာခြားမှုများ ရှိနေသည်။

ညီလာခံမှ ချမှတ်သည့် ဆုံးဖြတ်ချက်နှင့် ညွှန်ကြားချက်များသည် မွန်လူငယ်များ၏ အနာဂတ်အပေါ် မည်သို့ သက်ရောက်ပြောင်းလဲမည့်အကြောင်း၊ တော်လှန်ရေးခရီးလမ်း အဆုံးသတ်နိုင်ရေးအတွက် မွန်လူငယ်ထုတစ်ရပ်လုံး တစုတစည်းတည်းဖြင့် ရပ်တည်ပူးပေါင်းနိုင်ရေးနှင့်ပတ်သတ်၍ (NRFF) မှပြောရေးဆိုခွင့်ရှိသူ နိုင်ပီတာနှင့် ဆက်သွယ်မေးမြန်းထားသည်။

မေး။  ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကျင်းပပြီးစီးခဲ့တဲ့ စတုတ္ထအကြိမ်မြောက်လူငယ်ညီလာခံအပေါ် တော်လှန်ရေးအသိုင်းဝိုင်းမှာရှိတဲ့ လူငယ်တစ်ဦးအနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ။  ။ အခုလို အချိန်မှာ မွန်ဒေသအသီးသီးက မွန်လူငယ်ကိုယ်စားလှယ်တွေအနေနဲ့ စုစည်းတွေ့ဆုံကြပြီး မွန်လူငယ်တွေ တွေ့ကြုံခံစားနေရတဲ့ အကြပ်အတည်းတွေ၊ စိန်ခေါ်မှုတွေကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာနိုင်ကြမယ်၊ လက်တွေ့ကျတဲ့လုပ်ငန်းတွေ ချမှတ်နိုင်မယ်၊ ရှေ့ဆက် အကောင်အထည်ဖော်နိုင်မယ်ဆိုရင် ကောင်းမွန်တဲ့ကိစ္စဖြစ်ပါတယ်။

မေး။  ။ “ငါတို့လူငယ်ဟာ တစ်စုတည်းပဲ” ဆိုတဲ့ပေမယ့် ကဏ္ဍအသီးသီးက လူငယ်အားလုံး တက်ရောက်ခွင့်မရှိခဲ့ဘူး။ NRFF ရဲ့အိတ်ဖွင့်ပေးစာမှာလည်း ဒီအချက်တွေ ထောက်ပြထားတယ်။ ဆိုတော့ ဆွေးနွေးချက်နဲ့ ဆုံးဖြတ်ချက်တွေက လူငယ်တွေရဲ့ အသံနဲ့ လိုအပ်ချက်တွေကို ဘယ်လောက်အထိ ကိုယ်စားပြုနိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ။  ။ ကျနော်တို့အနေနဲ့ ညီလာခံကို တက်ရောက်ခဲ့ခြင်းမရှိတာကြောင့် ဆွေးနွေးချက်တွေအပေါ် အသေးစိတ် သုံးသပ်ပြောဆိုနိုင်ဖို့က အကန့်အသတ်ရှိပါတယ်။ "လူငယ်တွေ တစုတည်းရှိရမယ်" ဆိုတာ ဖြစ်သင့်ဖြစ်ထိုက်သလို ဖြစ်လည်းဖြစ်ရမှာပါ။ ဒါပေမဲ့ ပြောလို့ရနိုင်တာက ညီလာခံကို စစ်အုပ်စုထိန်းချုပ်ထားတဲ့နေရာမှာ ကျင်းပရတာဖြစ်တယ်။ ညီလာခံကျင်းပတဲ့ရက်မှာလည်း ကျင်းပရာနေရာကို စစ်အုပ်စုခန့်
မွန်အုပ်ချုပ်ရေးအဖွဲ့တွေ၊ လက်အောက်ခံတွေ သွားရောက်ခဲ့တာမျိုးရှိပါတယ်၊ နိုင်ငံရေးမှာတိုက်ဆိုင်တာမရှိပါဘူး။ ညီလာခံရဲ့ လွတ်လပ်စွာ ဆွေးနွေးပြောဆိုနိုင်မှုအခြေအနေနဲ့ တက်ရောက်သူကိုယ်စားလှယ်တွေရဲ့ လုံခြုံရေးက အကန့်အသတ်တွေအများကြီးရှိနိုင်ပါတယ်။

မွန်လူငယ်လို့ဆိုရာမှာ အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအင်အားစုအသီးသီးမှာ ပါဝင်နေကြတဲ့၊ တာဝန်ထမ်းဆောင်နေကြတဲ့ လူငယ်တွေဟာလည်း အတိုင်းအတာ ပမာဏတခုအထိ များပြားလှပါတယ်။ ဆိုတော့ ညီလာခံကို ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ပြုလုပ်ပြီး အပြုသဘောဆောင်နိုင်မဲ့ ဆုံးဖြတ်ချက်တွေ၊ လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ခဲ့ရင်တောင် ဒီလိုမျိုး လုံခြုံရေးဆိုင်ရာ ကန့်သတ်ချက်တွေ၊ လွတ်လပ်စွာ ဆွေးနွေးနိုင်မှုမရှိတဲ့ အခြေအနေတွေအပြင် တော်လှန်ရေးအင်အားစုက လူငယ်တွေ ပါဝင်နိုင်ခြင်းမရှိတာတွေက ညီလာခံရဲ့ ရလဒ်အပေါ် သက်ရောက်မှု အများကြီးရှိသလို မွန်လူငယ်ထုတခုလုံးကို ကိုယ်စားပြုနိုင်တယ်လို့လည်း ပြောဖို့ခက်ပါတယ်။

မေး။  ။ လူငယ်တွေအနေနဲ့ ကိုယ့်အနာဂတ်နဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေမှာ ပါဝင်ခွင့်ရဖို့ ဘယ်လိုအခက်အခဲတွေ ရှိနေတယ်လို့ မြင်ပါသလဲ။ အဲဒီအခက်အခဲတွေကြားမှာ လူငယ်တွေရဲ့အသံ ပိုမိုပါဝင်လာနိုင်ဖို့ ဘာတွေလိုအပ်မယ်လို့ ထင်ပါသလဲ။

ဖြေ။  ။ နိုင်ငံရေးမတည်ငြိမ်မှုတွေ ကြာလာလို့ လူငယ်တွေ နိုင်ငံရေးမှာမပါတော့ဘူး၊ ပညာရေး၊ အလုပ်အကိုင်နဲ့ ကိုယ်ပိုင်ဘဝရပ်တည်ရေးကိုပဲ ဦးစားပေးလာတယ်ဆိုတဲ့အပေါ်မှာ နိုင်ငံရေးကို ကျန်တာတွေနဲ့ ခွဲခြားပြီး ကြည့်လိုက်တယ်လို့ ပထမဆုံးအနေနဲ့ မြင်ပါတယ်။ လူတိုင်း
လက်နက်မကိုင်နိုင်ဘူး၊ လူတိုင်းတော်လှန်ရေးအဖွဲ့တွေထဲမှာ မပါနိုင်ဘူး၊ အခုလိုမျိုး ညီလာခံတွေမှာဆိုလည်း လူတိုင်းမတက်နိုင်ဘူး၊ ဒီလိုဆိုလို့ လူတိုင်းနိုင်ငံရေးနဲ့ ကင်းကွာသွားတာမဟုတ်ဘူး။ ပါဝင်နိုင်တဲ့ အတိုင်းအတာနဲ့ ပုံစံတွေပဲ မတူကြတာပါ။

ဒီမှာတော့ နိုင်ငံရေးဆိုတာထက် တော်လှန်ရေးလို့ သုံးနှုန်းရင် ပိုပြီးမြင်သာပါလိမ့်မယ်။ အစောပိုင်းကပြောသလိုပဲ စနစ်တခုလုံးမပြောင်းနိုင်တဲ့အခါ စနစ်ထဲက လူငယ်တွေအတွက်၊ ပြည်သူတွေအတွက် တိုက်ရိုက်ထိခိုက်မှုကြီးစေတဲ့ ယန္တရားတွေကို ပြောင်းလို့ရတယ်၊ ညီညွတ်မှုအားနဲ့ ကန့်သတ်လို့ရပါတယ်။ ဥပမာအနေနဲ့ စစ်အုပ်စုထိန်းချုပ်တဲ့နေရာတွေမှာ စစ်အုပ်စုကို ဆန့်ကျင်ကြောင်း မြင်သာအောင်ပြသဖို့ တော်တော်လေးမလွယ်ပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ စနစ်ကို ပိုမိုကြီးထွားရှင်သန်စေတဲ့ အဂတိယန္တရားကိုတော့ ရပ်တန့်ဖို့၊ ကန့်သတ်ဖို့ ကြိုးစားလို့ရပါတယ်။ ဒီအပေါ် ဆန့်ကျင်လို့ရတယ်၊ ဆန္ဒထုတ်ဖော်လို့ရတယ်၊ ဖိအားပေးလို့ရတယ်၊ အဲဒီလိုပြောလို့ လူစုပြီးဆန္ဒပြတာတခုတည်းမဟုတ်ဘူး၊ စာပို့လို့ရတယ်၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ လူထုကို မျက်နှာမူတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကတဆင့် ဖိအားပေးလို့ရတယ်။

မေး။  ။ ဒီညီလာခံမှာ ဆွေးနွေး ဆုံးဖြတ်ချက်ချနိုင်ခဲ့တဲ့ အချက်အလက်တွေနဲ့ လက်ရှိလူငယ်တွေရဲ့ အခြေအနေကို ချိတ်ဆက်ကြည့်မယ်ဆိုရင် မွန်လူငယ်တွေရဲ့ အနာဂတ်မှာ ဘယ်လိုပြောင်းလဲမှုမျိုးဖြစ်မယ်ထင်လဲ၊ ဘာကြောင့်လဲ။

ဒီညီလာခံကနေ ဆုံးဖြတ်ချက် (၉) ခုနဲ့ ညွှန်ကြားချက် (၇) ခု ချမှတ်နိုင်တယ်လို့တော့ ထုတ်ပြန်ထားပေမဲ့ ဒီဆွေးနွေးဆုံးဖြတ်ချက်တွေက မွန်လူငယ်အနာဂတ်ကို ဘယ်လို ပြောင်းပေးမလဲဆိုတာကျတော့ ကျွန်တော်တို့အနေနဲ့ အသေးစိတ်မသိတော့ မပြောတတ်ဘူးဗျ။ အကောင်းဆုံးတွေကို‌ပဲ မျှော်လင့်ပါတယ်။ အဆိုးတွေအတွက်တော့ အားလုံး ဆက်ပြီး ပြင်ဆင်ထားကြရမှာပေါ့။ အာဏာရှင်စနစ်ကို အထောက်အကူပေးတဲ့ ကိစ္စတွေကလွဲရင် ကျွန်တော်တို့အနေနဲ့ ဘယ်လိုကိစ္စမဆို တတ်နိုင်တဲ့ဘက်က ပူးပေါင်းဆောင်ရွက်သွားမှာပါ။ အာဏာရှင်စနစ်ကို ပြတ်ပြတ်သားဆန့်ကျင်နိုင်ဖို့နဲ့ မွန်လူငယ်တွေစခဲ့တဲ့ မွန်တို့ရဲ့ တော်လှန်ရေးခရီး အဆုံးသတ်နိုင်ဖို့ မွန်လူငယ်ထုတခုလုံး တစုတစည်းတည်းဖြစ်ကြဖို့ တိုက်တွန်းပါတယ်။ ဒီညီလာခံရဲ့ ဆွေးနွေးဆုံးဖြတ်ချက်တွေက မွန်လူငယ်တွေရဲ့ အနာဂတ်ကို ပိုပြီးလွတ်လပ်စေအောင်၊ ဂုဏ်သိက္ခာရှိအောင် ပြောင်းလဲမှုတွေဖြစ်စေနိုင်ဖို့ မျှော်လင့်ပါတယ်ဗျ။

Enable Notifications OK No thanks