Homeသတင်းအဘစ်အမြှောက်တပ်ရင်းမှ ပုလိန်ကျေးရွာအနီးတစ်ဝိုက်ကို လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်

အဘစ်အမြှောက်တပ်ရင်းမှ ပုလိန်ကျေးရွာအနီးတစ်ဝိုက်ကို လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်

-

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စု ပုလိန်ကျေးရွာအနီးတစ်ဝိုက်ကို မုဒုံအခြေစိုက် အဘစ်အမြှောက်တပ်ရင်းမှ  လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

ပုလိန်ကျေးရွာအတွင်း ဝင်ရောက်နေသည့် စစ်တပ်စစ်ကြောင်းနှင့်  တော်လှန်ရေးပူးပေါင်းတပ်တို့ကြား ယနေ့ အောက်တိုဘာ ၁၄ ရက်နေ့ မွန်းလွဲပိုင်းအထိ ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခြင်း မရှိသော်လည်း အဘစ်အမြှောက်တပ်ရင်းမှ လက်နက်ကြီး ၄ လုံးထက်မနည်း ပစ်ခတ်ခဲ့သည်။

ကြာအင်းဆိပ်ကြီး ဒေသခံတစ်ဦးက “အမြှောက်တပ်ရင်းကနေ ပစ်လာနေတယ်။ မနက်ကလည်း ၄ လုံးမနည်း ဆက်တိုက်ကျနေတယ်။ အခုလည်း လက်နက်ကြီးသံ ကြားနေရသေးတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

တိုက်ပွဲနှင့် ပစ်ခတ်မှုများကြောင့် အဘစ်-ပုလိန်-တံခွန်တိုင် ကားလမ်းပိုင်းတွင် ခရီးသည်ယာဉ်နှင့် ကုန်တင်ယာဉ်များ နီးစပ်ရာရွာများတွင် သောင်တင်နေဆဲဖြစ်သည်။

တော်လှန်ရေးပူးပေါင်းတပ်များက ပုလိန်ကျေးရွာအနီးတွင် ပိတ်ဆို့တိုက်ခိုက်နေခြင်းကြောင့် စစ်တပ်အဖွဲ့က ပုလိန်ကျေးရွာမှ ရှေ့တိုးရန် ခက်ခဲနေပြီး အဘစ်အမြှောက်တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ကူနေခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“သူတို့က ပုလိန်ကနေ ရှေ့တိုးမရဘူး ဖြစ်နေတယ်။ အဲကြောင့် လက်နက်ကြီးနဲ့ ဝိုင်းကူပစ်ပေးနေတာ။ သူတို့ရအောင် တက်လာရင်တော့ အခြေအနေ ဆိုးလာဖို့ပဲ ရှိတယ်။ ဖြည်းဖြည်းတိုးလာနေတယ်။ တံတားပြင်ဖို့ လုပ်တယ်။ တံတားပြင်ပြီရင် ဒီထက် စစ်ကြောင်းပိုထိုးဖို့ရှိတယ်။ ” ဟု ပြောသည်။

စစ်ကော်မရှင်ဘက်က စစ်ကြောင်း ၃ ကြောင်းဖြင့် ပုလိန်ကျေးရွာနှင့် အနီးတစ်ဝိုက်နေရာများတွင် ဆက်လက်တပ်စွဲထားပြီး တံခွန်တိုင်ကျေးရွာအုပ်စုရှိ ဇီးဖြူကုန်စစ်စခန်းသို့ ဝင်ရောက်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

ထိုမှတစ်ဆင့် ချောင်းနှစ်ခွနှင့် ဒါလီတံတားနေရာသို့ ဆက်လက်ချီတက်ရန်ရှိပြီး တံတားပြုပြင်ရာတွင် လုံခြုံရေးပေးရန် စီစဉ်နေသဖြင့်  စစ်ရေးလှုပ်ရှားမှုများ ဆက်လက်ဖြစ်ပွားနိုင်သည့် အခြေအနေရှိနေကြောင်းလည်း တော်လှန်ရေးသတင်းအရင်းမြစ်များက ပြောသည်။

ထို့ကြောင့် အဘစ်-ပုလိန်-တံခွန်တိုင် ကားလမ်းပိုင်းတွင် ယာဉ်မောင်းနှင့် ခရီးသည်များ ယခုရက်ပိုင်း ခရီးသွားလာခြင်းမလုပ်ဆောင်ကြရန် မြေပြင်တော်လှန်ရေး တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts