မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် တစ်ပတ်ကျော်အတွင်း ကလေးငယ် ၆ ဦးအပါအဝင် ခွေးကိုက်ခံရသူ ၈ ဦး ရှိပြီး ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံများထံမှ သိရသည်။
အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်က သထုံမြို့နယ်၊ နောင်ဘိုကျေးရွာတွင် အသက် ၄ နှစ်အရွယ် ကလေး တစ်ဦးနှင့် အသက် ၅၃ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ ခွေးကိုက်ခံခဲ့ရသည်။
ယင်းနောက် ခွေးသည် ထွက်ပြေးရင်း အခြားအသက် ၃ နှစ်ခွဲအရွယ် ကလေးတစ်ဦးနှင့် အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦးတို့ကို ထပ်မံကိုက်သွားခဲ့ကြောင်း၊ အကိုက်ခံရသည့် ၃ နှစ်ခွဲအရွယ် ကလေးသည် ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ခွေးကိုက်ခံခဲ့ရသူတွေကို သထုံခရိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး ဆေးကုသမှုပေးထားပါတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်းကလည်း သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကျေးရွာက အသက် ၃ နှစ်ခွဲအရွယ် မစနေမ၊ အသက် ၅ နှစ်အရွယ် မောင်ကျော်ထူး၊ အသက် ၆ နှစ်အရွယ် မောင်ဝေဖြိုးအောင်နှင့် အသက် ၇ နှစ်အရွယ် နော်ဖောဂေးတို့ ခွေးကိုက်ခံခဲ့ရသေးသည်။
ခွေးကိုက်ခံရသည့် ကလေးများကို ဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး ၎င်းထဲမှ ကလေးတစ်ဦးက ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သထုံမြို့နယ်အတွင်း ခွေးလေ၊ ခွေးလွင့်များပြားလာသည့်အတွက် ခွေးကိုက်ခံရမှု မကြာခဏဖြစ်ပွားနေကြောင်း ကလေးများ ခွေးကိုက်ခံရမှု များပြားကြောင်း ဒေသခံတို့က ဆိုသည်။
မွန်ပြည်နယ်တွင် ၂၀၂၆ ခုနှစ်အတွင်း ခွေးကိုက်ခံရပြီး ခွေးရူပြန်ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။
မွန်ပြည်နယ်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လကုန်အထိ ခြောက်လတာကာလအတွင်း ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူ ၉ ဦးရှိပြီး ၎င်းထဲတွင် သထုံမြို့နယ်အတွင်းက နှစ်ဦး ပါဝင်သည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအချက်အလက်အရ သိရသည်။




