Homeသတင်းစစ်ဥပဒေချိုးဖောက်မှုနှင့် စစ်ရာဇဝတ်ကျူးလွန်မှုများကို အရေးယူနိုင်ရန်  SRA မှဖွဲ့စည်းပုံမူဝါဒအချို့ ပြင်ဆင်

စစ်ဥပဒေချိုးဖောက်မှုနှင့် စစ်ရာဇဝတ်ကျူးလွန်မှုများကို အရေးယူနိုင်ရန်  SRA မှဖွဲ့စည်းပုံမူဝါဒအချို့ ပြင်ဆင်

-

နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု SRA အဖွဲ့ဝင်များတွင် စစ်ဥပဒေချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုကျူးလွန်မှုများ ရှိလာပါက လိုအပ်သော ထိန်းကျောင်းအရေးယူမှုများ ပြုလုပ်နိုင်ရန် ဖွဲ့စည်းပုံနှင့် မူဝါဒအချို့ကို ပြင်ဆင်နိုင်ခဲ့ကြောင်း အောက်တိုဘာ ၈ ရက်နေ့က SRA မှ ထုတ်ပြန်သည်။

SRA မှ ဦးဆောင်ကော်မတီဝင်များ၊ အဖွဲ့ဝင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်တပ်မှူးများနှင့် လေ့လာသူများ စုစုပေါင်း ၉၅ ဦးဖြင့် စက်တင်ဘာ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဒုတိယအကြိမ်ညီလာခံကို ကျင်းပပြီးစီးခဲ့သည်။

ညီလာခံဖွင့်ပွဲတွင် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကိုယ်စား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ အာရက္ခတပ်တော် (AA) ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌ ခွန်းဘီဒူး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲ နှင့် အမျိုးသမီးများအဖွဲ့ချုပ် (WLB) အထွေထွေ အတွင်းရေးမှူး မော်ဘျားမာဦး တို့က အသီးသီး အမှာစကား ပြောကြားခဲ့သည်ဟု သိရသည်။

စစ်ဒေသ သုံးခုနှင့် ဌာန အသီးသီးက တင်သွင်းသည့် အစီရင်ခံစာများကို ညီလာခံအတွင်း ဆွေးနွေး အတည်ပြုခဲ့ကြပြီး၊ လုပ်ငန်းစဉ်များ ပိုမို မြန်ဆန် ထိရောက်စေရန်အတွက် ဦးဆောင်ကော်မတီတွင် အထွေထွေ အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူး (၁) နှင့် (၂) တို့ ပါဝင်သည့် အတွင်းရေးမှူးအဖွဲ့ကို စတင် ဖွဲ့စည်းနိုင်ခဲ့သည်ဟု ဆိုသည်။

ဒါ့အပြင် SRA တပ်ပေါင်းစုသည် စစ်ရေး၊ နိုင်ငံရေး မူဝါဒဦးဆောင်အဖွဲ့ဖြစ်ကြောင်း ညီလာခံတွင် ထပ်မံအတည်ပြုနိုင်ခဲ့ပြီး စစ်ဒေသအလိုက် စစ်ရေးကော်မတီများ ဖွဲ့စည်းသွားရန်ရှိကြောင်းလည်း သိရသည်။

ဆက်လက်ပြီး မဟာမိတ်တပ်ပေါင်းစု SRA အဖွဲ့ဝင်များတွင် စစ်ဥပဒေချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုကျူးလွန်မှုများ ရှိလာပါက လိုအပ်သော ထိန်းကျောင်းအရေးယူမှုများ ပြုလုပ်နိုင်ရန် ဖွဲ့စည်းပုံနှင့် မူဝါဒအချို့ကို ပြင်ဆင်နိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြန်မာနိုင်ငံ၏ ပဋိပက္ခအတွင်း လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် စစ်ဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စည်းမျဉ်းများကို လိုက်နာမှု အားနည်းခြင်းကြောင့် အရပ်သားပြည်သူများမှာ အသက်အိုးအိမ် စည်းစိမ် ထိခိုက်ဖျက်ဆီးခံရမှုနှင့်အတူ အဆိုးရွားဆုံး သက်ရောက်မှုများကို အလူးအလဲ ခံစားနေကြရသည်။

SRA အနေဖြင့် စစ်ဥပဒေ (International Humanitarian Law) နှင့် စစ်ရာဇဝတ်မှုများကို အလေးထား လိုက်နာစောင့်ထိန်းပါက အရပ်သားများ၏ အသက်အိုးအိမ် စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှုကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သုံးသပ်သူများက ထောက်ပြကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts