မွန်နှင့်ကရင်ဒေသတွင်း မူးယစ်ဆေးဝါးရောင်းချသည့် နေအိမ်၊ ရောင်းချနေသူနှင့် ဈေးနှုန်းနည်းပါးမှုကြောင့် မူလတန်းအရွယ်ကျောင်းသားများအတွက် အလွယ်တကူ လက်လှမ်းမီနေကြောင်း မွန်မူးယစ်ဆေးဝါးမူဝါဒရေးဆွဲရေးအဖွဲ့(Mon Drug Policy Team-MDPT) ၏ ပြောပြချက်အရ သိရသည်။
အသက်မပြည့်သေးသည့် ကျောင်းသားလူငယ်များအား တစ်ဆင့်ခံရောင်းချ ဖြန့်ဖြူးစေခြင်းမှလည်းကောင်း၊ စမ်းသပ်သုံးစွဲရန် ချဉ်းကပ်သူများကြောင့် ၁၀ နှစ်အရွယ် မူလတန်း အရွယ်ကျောင်းသားများကြား သုံးစွဲမှုများလာကြောင်း (MDPT) မှ မိပကားကျန်းပါးက ပြောသည်။

“လူငယ်တွေကလွဲရင် လေးငါးတန်းက ကျောင်းသားတွေလည်း သုံးစွဲနေကြတယ်။ ဒါဆရာမတို့ကိုယ်တိုင် လာဖွင့်ပြောတာ။ ပြီးတော့ ဈေးကွက်မှာလည်း အသက်မပြည့်တဲ့သူတွေကို ရောင်းပေးနေကြတယ်။ အဲတော့ ကျောင်းသားတွေကြားမှာ ပိုပြီးတော့ ပြန့်နှံ့လာတယ်ပေါ့။ ” ဟု ဆိုသည်။
WY ဆေးပြားများကို စားစရာပုံစံတူများဖြင့် ဈေးကွက်အတွင်းသို့ ဈေးနှုန်းချိုသာစွာ ဖြန့်ချိရောင်းချနေခြင်းသည်လည်း ကျောင်းသားလူငယ်များအတွက် အလွယ်တကူ လက်လှမ်းမီနေစေသည့် အကြောင်းအရင်းတစ်ခုဖြစ်သည်။
ထို့ကြောင့် မူးယစ်ဆေးသည် လက်လှမ်းမီသုံးစွဲနိုင်သည့် လူငယ်များကြားတွင်သာမက ငွေကြေးမပြည့်စုံသည့် လူငယ်များအထိပါ ထိုးဖောက် ရောက်ရှိလာနေသည်။
မူးယစ်ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးကြောင့် အာရုံစူးစိုက်မှုနည်းခြင်း၊ ကျောင်းပျက်ကွက်မှုများခြင်း ပညာရေးတွင် စိတ်ပါဝင်စားမှု နည်းပါးနေကြောင်းပညာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။
“အခုခေတ်ကလေးတွေကို ထိန်းရတာခက်တယ်။ အချို့က မူးယစ်ဆေးစွဲပြီး ကျောင်းတက်ရမှာ ပျင်းတာလည်းရှိတယ်။ မိဘတွေ ကျောင်းမထွက်ခိုင်းလို့ ကျောင်းတက်နေရတယ်။ ဒါပေမယ့် ကျောင်းမရောက်ဘူး အဲလိုတွေလည်းရှိတယ်။ မူးယစ်ဆေးက ပေါ်ပေါ်တင်တင်မတွေ့ဘူးဆိုပေမယ့် ကျောင်းသားတွေ ၈၀% မှာ ဆေးလိပ်နဲ့အရက်ကို သုံးစွဲနေကြတယ်” ရေးမှ အထက်တန်းပြကျောင်းဆရာမတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလက မော်လမြိုင်တွင် အသက်မပြည့်သေးသည့် ကလေးနှစ်ဦး အပါအဝင် မူးယစ်ဆေးသုံးဆွဲနေသည့် လူငယ် ၆ ဦးကို ဖမ်းဆီးခံခဲ့ရသေးသည်။
တစ်ဖက်တွင်လည်း ဆေးစွဲသည့်ကျောင်းသား လူငယ်များကိုတွေ့ရှိပါက အပြစ်ပေး ကျောင်းမထုတ်ရန်၊ ကလေး၏ခံစားချက်များကို နားထောင်ပြီး သတိပေးချက်များပေးပြီးမှ ကလေး၏ ပညာသင်ကြားခွင့် ရရှိရေး မဆုံးရှုံးစေရန် ဆက်လက်ဆောင်ရွက်သင့်ကြောင်းလည်း (MDPT) တိုက်တွန်းထားသည်။




