မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျိုက်ဒေတမော့ဗရတ် ကိုရင်လေးဆရာတော်ကျောင်းတိုက်မှ ကြေးခေါင်းလောင်းသွန်းလုပ်ရန်အတွက် ကြေးထည်အလှူခံနေခြင်းကို နိုဝင်ဘာလလယ်တွင် ရပ်နားတော့မည်ဖြစ်ကြောင်း ဆရာတော်၏ တပည့်ဒါယကာများထံမှ သိရသည်။
“ရာမည အတုလ ဓမ္မရာဇိက” ဘွဲ့အမည်ဖြင့် အလေးချိန် ၂၅ တန်၊ အမြင့် ၁၈ ပေ၊ အကျယ် ၉ ပေရှိသည့် မြန်မာနိုင်ငံ၏ စတုတ္ထအကြီးဆုံး ကြေးခေါင်းလောင်းကို ကျိုက်ဒေ့တမောဗရတ် ကိုရင်လေးဆရာတော် ဦးဆောင်မှုဖြင့် သွန်းလုပ်ရန်စီစဉ်နေသဖြင့် လက်ရှိတွင် ကြေးထည်ပစ္စည်း အလှူခံနေကြောင်းလည်း သိရသည်။
ဒေသအသီးသီးရှိ အလှူရှင်များမှ လှူဒါန်းထားသည့် ကြေးထည်များ ၈ တန်ကျော် ရရှိလာထားပြီးဖြစ်သည့်အပြင် ခေါင်းလောင်းသွန်းလုပ်မည့်အချိန် နီးကပ်လာပြီဖြစ်သည့်အတွက် အလှူခံခြင်း ရပ်နားတော့မည်ဖြစ်ကြောင်း ကိုရင်လေးဆရာတော် တပည့်ဒါယကာတစ်ဦးက ပြောသည်။

“ တန်ဆောင်မုန်းလပြည့်ရက်ဆိုရင် ကြေးအလှူခံတာကို ရပ်နားတော့မယ်။ ကျန်တာတွေကိုတော့ ဝယ်ဖို့ အစိုးရမှာ လျှောက်ထားတယ်။ ပြီးတော့ ခေါင်းလောင်းသွန်းလုပ်ဖို့ကလည်း အချိန်ကပ်လာပြီဆိုတော့နော်။ အလှူရှင်တွေကတော့ အခုချိန်အထိ မရပ်မနား လာရောက်လှူဒါန်းနေကြတုန်းပါ” ဟု အထက်ပါ တပည့်ဒါယကာက ပြောသည်။
လာရောက်လှူဒါန်းထားသည့် ကြေးထည်များအနက် ရှေးဟောင်း တန်ဖိုးကြီးကြေးထည်များကို မသွန်းမိစေရန် ကြေးထည်စိစစ်ရေးဂေါပကအဖွဲ့တစ်ခုကို ဖွဲ့စည်းထားကြောင်းနှင့် ကြေးထည်ပစ္စည်းများကို စနစ်တကျ စီစစ်ပေးနေကြောင်းလည်း သိရသည်။
ခေါင်းလောင်းသွန်းလုပ်ရန် နိုဝင်ဘာလအတွင်း ကိုရင်လေးဆရာတော် ဦးဆောင်မှုနှင့်အတူ တပည့်ဒါယကာများက မန္တလေးမြို့သို့ အလုပ်စာချုပ်အတွက် သွားရောက်ချုပ်ဆိုမည်ဖြစ်ပြီး ၂၀၂၇ ခုနှစ် မေလအတွင်း ကြေးခေါင်းလောင်းသွန်းလုပ်မှု ပြီးစီးရန် ရည်မှန်းထားကြောင်း ကျောင်းတိုက်မှ ရှင်းလင်းထားသည်ဟု ဆက်ပြောသည်။
ကြေးခေါင်းလောင်းကို သွန်းလုပ်ပြီးစီးပါက ကိုရင်လေးသာသနာပြုနယ်မြေ၊ ပိဋကတ်ကျောက်တိုက် ရင်ပြင်တော်တွင် ပြသာဒ်ဆောင်ဖြင့် ချိတ်ဆွဲသွားမည်ဖြစ်သည်။
ကိုရင်လေးဆရာတော် သာသနာပြုနယ်မြေတွင် ပုဖ္ဖရမ္မ ဓမ္မရာဇိကစေတီ၊ ဇေတဝန်ကျောင်းတော်နှင့် စေတီအဆူပေါင်း ၁၅၀၀ ကျော် ပါဝင်သည့် ပိဋကတ်ကျောက်စာတိုက်ကြီး တည်ဆောက်မှု အောင်မြင်ပြီးမြောက်သည့် အထိမ်းအမှတ်အဖြစ် ယခုကြေးခေါင်းလောင်းကို သွန်းလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



