“ငြိမ်းချမ်းရေးလို့ ပြောရင် ငြိမ်းချမ်းရေးရယ်၊ လုံခြုံရေးရယ်၊ တရားဥပဒေစိုးမိုးရေးရယ် အဲ့ဒီ သုံးခုက အဓိကကျပါတယ်။ စစ်အာဏာရှင်စနစ် ရှိနေသမျှ ကျွန်တော်တို့က တရားဥပဒေစိုးမိုးရေးလည်း မဖြစ်နိုင်ဘူး၊ ကျွန်တော်တို့ လူထုဘဝ လုံခြုံရေးလည်း မရ၊ မဖြစ်နိုင်ဘူး။ ခုနကပြောတဲ့ ငြိမ်းချမ်းရေးလည်း မဖြစ်နိုင်ဘူး။” ဟု မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ကိုယ်တိုင်ပါဝင်ခဲ့ဖူးသူ ဦးခွန်မြင့်ထွန်းက ထောက်ပြသည်။
ငြိမ်းချမ်းရေးဆိုသည်မှာ စစ်ပွဲများနှင့် လက်နက်ကိုင် ပဋိပက္ခများ ကင်းဝေးရုံမျှမကဘဲ ပြည်သူတိုင်း အကြောက်တရား ကင်းစင်စွာဖြင့် ရှင်သန်နိုင်ခွင့်၊ တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် အခြေခံ လူ့အခွင့်အရေးများ အပြည့်အဝ ရရှိသည့် လူမှုအသိုက်အဝန်းတစ်ခု တည်ရှိနေခြင်းကို ဆိုလိုသည်။ စစ်မှန်သော ငြိမ်းချမ်းရေးတွင် လူတစ်ဦးစီ၏ လူ့ဂုဏ်သိက္ခာကို လေးစားခံရမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် မိမိတို့၏ အနာဂတ်အတွက် တည်ငြိမ်စွာ မျှော်လင့်နိုင်ခွင့်တို့ အဓိက ပေါင်းစပ်ပါဝင်သည်။
လက်ရှိ မြန်မာနိုင်ငံတွင်မူ ငြိမ်းချမ်းရေး၏ အခြေခံ သဘောတရားများ လုံးဝ ပျက်စီး ပျောက်ကွယ်နေပြီး တိုင်းပြည်တစ်ဝှမ်း စံချိန်တင် ပဋိပက္ခမီးများဖြင့်သာ လွှမ်းမိုးထားသည်။ နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်မီးမှာ အရပ်သားအစိုးရလက်ထက် ငြိမ်းချမ်းရေး အပြုသဘောဆောင်သော ခြေလှမ်းများသို့ ဦးတည်နေခဲ့သော်လည်း စစ်ဗိုလ်ချုပ်များ၏ အာဏာတပ်မက်မှုကြောင့် ယခင်ထက်ပိုသည့် စစ်ပွဲများကို ဖြစ်လာစေတော့သည်။
“လူတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုရဲ့ အာဏာကို မက်မောမှု အာဏာကို တပ်မက်မှုဟာ ဘယ်လောက်တောင် ပူလောင်ပြီးတော့ တစ်နိုင်ငံလုံးကို စစ်နွံထဲကို ဆွဲချသွားစေသလဲ ဆိုတာကြီးကလေ ဒီ ငါးနှစ်၊ ခြောက်နှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ အခြေအနေက ပဋိပက္ခတွေကြားမှာ ဘယ်လောက်တောင်မှ မငြိမ်းချမ်းသလဲ ဆိုတာလေ လူထုတစ်ရပ်လုံးက ဒါကို ခံစားနေရတယ်။ ဒီသက်ရောက်မှုကြီးက တစ်နိုင်ငံလုံးမှာရော လက်ရှိ အနေအထားအရရော နောက်ပြီးတော့ မျိုးဆက်ပေါင်းများစွာ များစွာအတွက်ရော သက်ရောက်မှု အကြီးကြီးရှိတဲ့ ကိစ္စကြီးတစ်ခု ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။” ဟု ချင်းမိုင်မြို့၊ ဖယပ် တက္ကသိုလ်မှ ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ ဘာသာရပ်တွင် ကထိက ဒေါ်မွန်မွန်မြတ်က ထောက်ပြသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းတွင် မြန်မာပြည်သူများအတွက် ငြိမ်းချမ်းရေးဆိုသည်မှာ စာအုပ်ထဲက သဘောတရားတစ်ခု သို့မဟုတ် သာမန် နိုင်ငံရေး ဝေါဟာရတစ်ခု မဟုတ်တော့ဘဲ အသက်ရှင်သန်ရေး၊ အိုးအိမ်မပျက်စီးရေးနှင့် အနာဂတ် ရပ်တည်နိုင်ရေးတို့အတွက် မရှိမဖြစ် အရေးအကြီးဆုံးသော လူ့အခွင့်အရေး လိုအပ်ချက် ဖြစ်နေသည်။
စစ်ဘေးရှောင် စခန်းများတွင် နေထိုင်နေရသည့် တိုင်းရင်းသား ပြည်သူများနှင့် ကျေးလက်နေ လူထုသည် မိမိတို့၏ အိမ်ဂေဟာသို့ အန္တရာယ်ကင်းစွာ ပြန်လည်နေထိုင်လိုခြင်း၊ ကလေးငယ်များ စိတ်အေးချမ်းစွာ ပညာသင်ကြားခွင့် ရရှိလိုခြင်းနှင့် နေ့စဉ် ဝမ်းစာအတွက် စီးပွားရေး လုပ်ကိုင်ခွင့် ရရှိလိုခြင်းတို့အတွက် ငြိမ်းချမ်းရေးကို အစွမ်းကုန် တောင့်တနေကြသည်။ စစ်မှန်သော ငြိမ်းချမ်းရေး မရှိဘဲ မည်သည့် လူမှုစီးပွား တိုးတက်မှုမျှ ရှိလာနိုင်မည်မဟုတ်ကြောင်း လူထုက ခါးသီးစွာ သဘောပေါက်ထားကြသည်။

◼ ငြိမ်းချမ်းရေး ဘာကြောင့်အလှမ်းဝေးနေသနည်း
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး မရရှိဘဲ ပဋိပက္ခများ ပိုမိုကျယ်ပြန့်လာရခြင်း၏ ပင်မဇာစ်မြစ်မှာ စစ်တပ်၏ အမျိုးသားနိုင်ငံရေး ခင်းကျင်းမှုတွင် အာဏာကို အမြဲတမ်း ဆုပ်ကိုင်ထားလိုသည့် မူဝါဒ၊ တိုင်းရင်းသားများ တောင်းဆိုသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူရေးကို လျစ်လျူရှုခဲ့မှုများနှင့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို တည်ဆောက်ရန် ပျက်ကွက်ခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။
အတိတ်က ၁၉၄၇ ပင်လုံစာချုပ်ပါ ကတိကဝတ်များ ပျက်ပြားခဲ့ရာမှ အစပြု၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပေါ်ပေါက်လာခဲ့ရသလို၊ ၂၀၁၅ ခုနှစ်က ဖော်ဆောင်ခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းသည်လည်း စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်နေမှုကို မစွန့်လွှတ်နိုင်ခဲ့သဖြင့် ရလဒ်ကောင်း မထွက်ခဲ့ပေ။ အထူးသဖြင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုသည် မူလကတည်းက မခိုင်မာလှသော ငြိမ်းချမ်းရေး လမ်းကြောင်းများကို လုံးဝ ရိုက်ချိုးပစ်ခဲ့ပြီး တိုင်းပြည်ကို အပြည့်အဝ စစ်ပွဲများအတွင်းသို့ ပြန်လည် ဆွဲထည့်လိုက်ခြင်းပင် ဖြစ်သည်။
“ကျွန်တော်တို့ တိုင်းပြည်မှာ ဒီမိုကရေစီ ဖြစ်ထွန်းတိုးတက်မှုတွေကို ဖျက်ဆီးပစ်ဖို့အတွက် စစ်တပ်က ငြိမ်းချမ်းရေးကို အသုံးချတာ။ ဒါတွေက တောက်လျှောက် လုပ်လာတဲ့အခါကျတော့ ကျွန်တော်တို့ တိုင်းပြည်က တကယ့် ငြိမ်းချမ်းမှု မရှိဘူးပေါ့။ အဖွဲ့အချင်းချင်း သဘောတူပြီး အပစ်ရပ်သွားတာက ငြိမ်းချမ်းရေး မဟုတ်ဘူး။ ကျွန်တော်တို့ နိုင်ငံမှာ အပစ်ရပ်သွားတာကို ငြိမ်းချမ်းရေးလို့ ထင်နေကြတာ။” ဟု ဦးခွန်မြင့်ထွန်းက ဆိုသည်။
မငြိမ်းချမ်းမှု၏ ရလဒ်အဖြစ် အပြစ်မဲ့ အရပ်သား ပြည်သူများ ရင်ဆိုင်နေရသည်။ နိုင်ငံတစ်ဝှမ်း ကျေးရွာပေါင်း မြောက်မြားစွာ မီးရှို့ဖျက်ဆီးခံရခြင်းနှင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရခြင်းတို့ကြောင့် စစ်ဘေးဒုက္ခသည် (IDPs) သန်းပေါင်းများစွာ စံချိန်တင် တိုးပွားလာခဲ့သည်။ ပြည်သူအမြောက်အမြားသည် မိမိတို့၏ အိုးအိမ် စည်းစိမ်များကို စွန့်လွှတ်ကာ တောတောင်များနှင့် ယာယီစခန်းများတွင် သောက်သုံးရေ၊ ဆေးဝါးနှင့် စားနပ်ရိက္ခာ အလွန်အမင်း ကင်းမဲ့စွာဖြင့် ဒုက္ခသည်ဘဝ ရောက်ရှိနေရသည်။
ဗန်းမော်မြို့ခံ မဇာခြည်က “ကျွန်မရဲ့ တစ်ဘဝလုံးစာ စုဆောင်းထားတာတွေ ဒီစစ်ပွဲကြောင့် ဘာမှ မရှိတော့ပါဘူး။ ကျွန်မရဲ့ အိမ်ကလည်း လက်နက်ကြီးကျလို့ နေစရာမရှိတော့ဘူး။ ကျွန်မရဲ့ ပယင်းပစ္စည်းဆိုင်ကလည်း စစ်ကြောင့် ကျွန်မတို့ ထွက်ပြေးနေရချိန်မှာ လူတွေ ဝင်ယူသွားလို့ ဘာမှ မရှိတော့ဘူး။ ကျွန်မတို့ အခု တခြားနေရာမှာ ခက်ခက်ခဲခဲ လုပ်ကိုင်စားသောက်နေရတယ်။ ပိုခက်ခဲတယ်။ ဖြစ်ချင်တာကတော့ ကိုယ့်နေရပ်မှာ ပြန်ပြီး နေရရင်ကို ရပါပြီ။ ကျွန်မတို့ဒေသမှာ ပြန်ပြီး လုပ်ကိုင်စားသောက်ချင်တယ်။” ဟု ပြောသည်။
စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုများကို အလွန်အကျွံ အသုံးပြုလာပြီး စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေး အဆောက်အဦးများ၊ စျေးများ အစရှိသည့် စစ်နှင့် မသက်ဆိုင်သည့်နေရာများ ပစ်မှတ်ထားတိုက်ခိုက်ပြီး အရပ်သား ထိခိုက်သေဆုံးမှု အမြောက်အမြား ရှိသည်။ ထို့ပြင် မြေမြှုပ်မိုင်းနှင့် လက်နက်ကြီး အန္တရာယ်ကြောင့်လည်း နေ့စဉ် အရပ်သားများ ခြေလက်အင်္ဂါ စွန့်လွှတ်ရခြင်းနှင့် အသက်ဆုံးရှုံးရခြင်းများ ဖြစ်ပေါ်နေသည်။
◼ စစ်ပွဲနယ်မြေမှ လွန်၍
အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားနယ်မြေဒေသအများစုသည် စစ်မီးကြောင့် ဒေသခံပြည်သူများ ပြေးလွှားရှောင်တိမ်းနေရပြီး စစ်တပ်အပြည့်အဝ ထိန်းချုပ်ထားဆဲ မြို့ပြဒေသများသည်လည်း မငြိမ်းချမ်းမှု၏ ရိုက်ခတ်မှုကို ခံစားနေရသည်။
နိုင်ငံရေး မတည်ငြိမ်မှုနှင့် မငြိမ်းချမ်းမှု၏ တိုက်ရိုက်ရလဒ်အဖြစ် မြန်မာကျပ်ငွေတန်ဖိုးသည် ထိန်းမနိုင် သိမ်းမရ အဆမတန် ကျဆင်းသွားခဲ့သည်။ အခြေခံ စားသောက်ကုန်နှင့် ဆေးဝါးဈေးနှုန်းများ အဆမတန် မြင့်တက်လာမှုကြောင့် သာမန် ပြည်သူများအတွက် ဝမ်းစာဖြေရှင်းရေးမှာ ကြီးမားသည့် အကျပ်အတည်း ဖြစ်လာခဲ့သည်။ စက်ရုံ၊ အလုပ်ရုံများ ပိတ်သိမ်းခြင်းနှင့် စိုက်ပျိုးရေး လုပ်ငန်းများ ပျက်စီးခြင်းတို့ကြောင့် ပြည်သူအများအပြား အလုပ်အကိုင်မဲ့ကာ ဆင်းရဲမွဲတေမှုအောက်သို့ ရောက်ရှိခဲ့သည်။
စစ်ပွဲများနှင့် မတည်ငြိမ်မှုများကြောင့် ကလေးသူငယ် သန်းပေါင်းများစွာ ပညာသင်ကြားခွင့် လုံးဝ ဆုံးရှုံးနေရသည်။ ထို့အပြင် စစ်မှုထမ်းဥပဒေနှင့် လုံခြုံရေး အန္တရာယ်များကြောင့် တိုင်းပြည်၏ အနာဂတ်ဖြစ်သော လူငယ်အမြောက်အများသည် အိမ်နီးချင်း နိုင်ငံများနှင့် ပြည်ပနိုင်ငံများသို့ နည်းလမ်းမျိုးစုံဖြင့် ထွက်ခွာနေကြရသဖြင့် တိုင်းပြည်အတွက် လူ့စွမ်းအားအရင်းအမြစ်နှင့် ပညာရှင်များ လျော့ကျလာသည်။
သို့သော်လည်း မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသက်တမ်းနှင့်အမျှ ကြုံတွေ့ခဲ့ရသော နှစ် ၇၀ ကျော် ငြိမ်းချမ်းရေး အတွေ့အကြုံများက ပေးသော အဓိက သင်ခန်းစာမှာ “အပေါ်ယံ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး” သို့မဟုတ် “အာဏာခွဲဝေမှု သဘောတူညီချက်” မျှဖြင့် မည်သည့်အခါမျှ စစ်မှန်သော ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဆိုသည့် အချက်ပင် ဖြစ်သည်။
စစ်တပ်က အာဏာကို စုပ်ကိုင်ထားဆဲ၊ တိုင်းရင်းသားများ၏ အခြေခံ ရပိုင်ခွင့်များကို လစ်လျူရှုထားဆဲ အခြေအနေအောက်တွင် ပြုလုပ်ခဲ့သည့် မည်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမဆို ခဏတာ ငြိမ်သက်မှုသာ ရရှိခဲ့ပြီး ပိုမိုကြီးမားသော စစ်ပွဲများဆီသို့သာ ဦးတည်သွားခဲ့ရသည်။
နိဂုံးချုပ်အားဖြင့်ဆိုရသော် မြန်မာနိုင်ငံအတွက် စစ်မှန်သော ငြိမ်းချမ်းရေးဆိုသည်မှာ စစ်အာဏာရှင်စနစ် လုံးဝ ချုပ်ငြိမ်းပြီး၊ တိုင်းရင်းသား လူမျိုးအသီးသီး၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသော စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်မှသာလျှင် ပေါ်ပေါက်လာနိုင်မည် ဖြစ်ပေတော့သည်။




