ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေသည့် PV ပတ်စပို့စ်စာအုပ် အမျိုးအစား ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသားများအား စာအုပ်အသစ်လဲခြင်း၊ သက်တမ်းတိုးခြင်းနှင့် ပတ်စပို့စ်အမျိုးအစား ပြောင်းလဲမှုများခြင်းလုပ်ငန်းစဉ်များ တင်းကြပ်လိုက်ပြီးနောက် မြန်မာရွှေ့ပြောင်းလုပ်သားများ နေထိုင်ခွင့်အတွက် စိန်ခေါ်မှု ပိုမိုကြီးမားလာနေသည်။
ပတ်စ်ပို့စာအုပ်ကိစ္စ ပြောင်းလဲမှုကို ကြိုတင်လျှောက်ထားရမည်ဖြစ်ပြီး နေပြည်တော်မှ ခွင့်ပြုချက်ရရှိမှသာ လုပ်ငန်းစဉ် များကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာသံရုံးများမှ အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံသို့ ပြန်လည်သက်တမ်းတိုးရမည်အပြင် CDM ဝန်ထမ်းများနှင့် နိုင်ငံရေးအရ စိစစ်ခံရနိုင်သူများ နေထိုင်ခွင့်အတွက် စိုးရိမ်မကင်းဖြစ်နေကြသည့် ပြည်ပရောက် မြန်မာလုပ်သားနှင့် ကျောင်းသားများ၏ အသံကို စုစည်းတင်ပြလိုက်သည်။

စင်္ကာပူရောက် မြန်မာရွှေ့ပြောင်းလုပ်သား
အလုပ်က အမတစ်ယောက်ဆို တိုးနေတာ အခုထိ မရနေဘူး။ ရုံးကနေလည်း အသေးစိတ်တွေ ဘာမပြောဘူး။ ပြီးရင် တိုးဖို့ကလည်း မြန်မာသံရုံးကို Email အရင်ပို့ရမယ်လို့ ပြောတာပဲ။ ငါတို့လည်း သေချာမသိဘူး။ ငါစာအုပ်လည်း ၁၁ လလောက်ပဲ ကျန်တော့တယ်။ အခြေအနေက ဘယ်လိုလာမလဲ မသိဘူး။ မြန်မာနိုင်ငံပြန်ပြီး တိုးဖို့ကလည်း ပြန်ပြီးရင် ပြန်ထွက်လို့မရမှာစိုးလို့ မပြန်ရဲဘူး။ မြန်မာနိုင်ငံသားဖြစ်ရတာ လွယ်ကို မလွယ်တာ။ ပြီးတော့ လက်ရှိလည်း အကုန်လုံးက စိတ်ပူနေကြတာ၊ ဒါမဲ့လည်း အကြံညဏ်တွေရှာရတာပဲ၊ ဘာကိုဘယ်လိုလုပ်ရင် အကောင်းဆုံးလဲဆိုတာ နည်းလမ်းတွေ ရှာရမယ်။
မလေးရှားရောက် မြန်မာရွေ့ပြောင်းလုပ်သားတစ်ဦး
PV ဆို အကုန်ပိတ်ထားတယ်။ ရက်အကန့်အသတ်မရှိ ပိတ်တယ်လို့ ပြောတာပဲ။ PV ကနေ ဘာပဲလဲလဲ ဘာပဲပြောင်းပြောင်း ဘာမှလုပ်လို့မရဘူး။ PJ ကနေ PJ သက်တမ်းတိုးရင်လည်း အခွန်တွေ စပေးနေရပြီး။ PJ စာအုပ်သက်တမ်းတိုးမှန်သမျှ စာစထုတ်ပြန်တဲ့နှစ်ကစပြီး အခွန် ၃ နှစ်စာ ဆောင်ရတယ်။ ပြီးတော့ ဒီမှာက ဘယ်ပတ်စ်ပို့အမျိုးအစားဖြစ်ဖြစ် အသစ်လျှောက်လို့မရတာ တော်တော်ကြာ ပြီး။ သက်တမ်းတိုးလို့ပဲ ရတာ။ ခုတော့ PV သက်တမ်းတိုးတာကိုပါ ကန့်သတ်လိုက်တာဆိုတော့ မြန်မာ နိုင်ငံပြန်ပြီးပဲ တိုးလို့ရမယ်ထင်တယ်။ ပတ်စ်ပို့ကိစ္စနဲ့ပဲ တစ်နှစ်တစ်နှစ် ရှုပ်နေတာပဲ။ နောက်ဆိုရင်လည်း ဘယ်လိုလာလည်း မသိဘူး။
ဂျပန်ရောက် မြန်မာကျောင်းသားတစ်ဦး
ဒီမှာလည်း သက်တမ်းတိုးဖို့ မလွယ်ဘူး။ အကြာကြီး စောင့်ရတယ်။ ကျွန်မအသိတစ်ယောက်ဆို ၅ လ ၆ လလောက်ရှိပြီး စောင့်နေတာ၊ ခုထိမရသေးဘူး။ ပြီးတော့ PJ ကနေ PJ ပြောင်းတာတောင် ၁ လ လောက်ကြာတယ်။ PV ကလွဲရင် အမျိုးတူအချင်းချင်းဆို ပြောင်းလို့ရသေးတယ်။ PV တွေဆိုရင်တော့ ဒီမှာလည်း စာတင်ရတာပဲ။ အကြောင်းပြချက် ခိုင်ခိုင်လုံလုံရေးသားရတယ်။ ဘာတွေမှန်းလည်း မသိ ဘူး။ အခွန် ၂၅ ရာခိုင်နှုန်းယူတာကလည်း ခုလက်ရှိ သက်တမ်းတိုးနေတဲ့သူတွေ စတင်ပေးနေရပြီး။ သက်တမ်းတခါတခါတိုးရဖို့ ဒီမှာ အရမ်းရှုပ်တယ်။ အချိန်လည်း အရမ်းကုန်တယ်။
ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး
အဓိက စိုးရမ်နေကြတာက သက်တမ်းတိုးလို့မရတော့မှာပေါ့နော်၊ ဘာပဲဖြစ်ဖြစ် နေပြည်တော်က ခွင့်ပြုချက်စောင့်ရရင် ရချင်မှ ရမယ်။ မရချင်လည်း မရဘူး။ သူတို့လက်ထဲမှာမို့ သူတို့သဘောပဲလေ၊ ပြီးတော့ Blacklist ထဲပါတဲ့သူတွေဆို ပိုပြီး စိတ်ပူရတယ်။ အထူးသဖြင့် CDM ဝန်ထမ်းတွေပေါ့နော်၊ ဒီမှာက CDM ဝန်ထမ်းတွေ အများကြီးရှိတယ်လေ၊ ပြီးတော့ စာတင်တဲ့ခါမှာလည်း အနည်းဆုံး ၃ လ စောင့်ရမယ်လို့ကြားတယ်။ အဲ့ထက်လည်း ကြာချင်ကြာမှာပေါ့နော်၊ အဲ့ကြားထဲ စောင့်နေတဲ့ချိန်မှာ သက်တမ်းကုန်သွားရင် သွားလာဖို့၊ နေထိုင်ဖို့ ကိုလည်း အခက်အခဲတွေ ရှိလာမယ်။ စစ်ဆေးခံရရင် လည်း မလွယ်ဘူးလေနော်။




