Homeသတင်းစစ်မှုထမ်းဥပဒေနှင့် ဒေသခံများ၏ လစဉ် စစ်မှုထမ်းကြေး ဝန်ထုတ်ဝန်ပိုး

စစ်မှုထမ်းဥပဒေနှင့် ဒေသခံများ၏ လစဉ် စစ်မှုထမ်းကြေး ဝန်ထုတ်ဝန်ပိုး

-

စစ်မှုထမ်းဥပဒေကြောင့် ပေါ်ပေါက်လာသည့် စစ်မှုထမ်းကြေး ကောက်ခံမှုသည် မွန်နှင့် ကရင်ဒေသခံများအတွက် ငွေကြေးဝန်ထုတ်ဝန်ပိုး ဖြစ်စေသည့်အပြင် ခြိမ်းခြောက် ခွဲခြားဆက်ဆံခံရမှုများနှင့်အတူ ဒေသခံများနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များကြား ငွေကြေးဆိုင်ရာ တင်းမာမှု ပိုမိုကြီးထွားလာနေသည်။

အာဏာသိမ်းစစ်ကော်မရှင်က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီး အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ အမျိုးသားများကို သင်တန်းတက်ရောက်ရန် စတင်ခေါ်ယူခဲ့သည်။

ထိုသို့ ခေါ်ယူမှုကြောင့် အသက်အကျုံးဝင်သည့် လူငယ်အချို့ စစ်မှုထမ်းရန် ရှောင်ရှားကြရသဖြင့် မွန်ပြည်နယ်အတွင်း မြို့နယ်အများစုတွင် ကျေးရွာအလိုက် အလှည့်ကျသူများအစား လူစားထိုး ရှာဖွေပေးရသည့် အခြေအနေများ ပေါ်ပေါက်လာခဲ့သည်။

လူအစားထိုးရှာရန် ကုန်ကျသည့်ငွေကြေးအပြင် စစ်မှုထမ်းသင်တန်းတက်ရန်အတွက် လစဉ်ပေးဆောင်ရသည့် ငွေကြေးများကိုလည်း ကျေးရွာအတွင်းရှိ ဒေသခံများက စုပေါင်းပေးဆောင် နေရကြောင်း သိရသည်။

“စစ်မှုထမ်းဖို့ တခါခေါ်ရင် တခါပေးရတယ်။ ပြီးတော့ လစဉ်လည်း တခါတလေပေးရတယ်။ ဒီဘက်မှာ တော့ သတ်မှတ်ထားတာ မရှိဘူး။ ပေးနိုင်သလောက် ပေးပေါ့လေ၊ စစ်မှုထမ်းသွားဖို့ ကိုယ့်ရွာက ခလေးတွေကို မသွားစေချင်တော့ ထည့်ရတာပဲပေါ့”ဟု ရေးဒေသခံတစ်ဦးက ပြောသည်။

ရွာအတွင်းရှိ နေအိမ်အရေအတွက် အနည်းအများအပေါ် မူတည်၍ တစ်ရွာနှင့်တစ်ရွာ ပေးဆောင်ရသည့် ငွေကြေး ပမာဏလည်း မတူညီပေ။

ယခင်က လူအစားထိုး ငှားရမ်းတက်ရောက်ပေးမည့် လူတစ်ဦးကို ကျပ် ၁၅ သိန်းဝန်းကျင်ပေါက်ဈေးမှ ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိ ရှိလာသည်ဟု ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များက ပြောဆိုလာသဖြင့် လစဉ်ပေးဆောင်ရသည့် စစ်မှုထမ်းကြေးသည်လည်း ကျပ် ၅၀၀၀ နှင့် ၁၀၀၀၀ ဝန်းကျင်မှ လက်ရှိတွင် ကျပ် ၃၀၀၀၀ ဝန်းကျင်အထိ ပေးဆောင်လာရကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းအခြေအနေကြောင့် အခြေခံလက်လုပ်လက်စား အိမ်ထောင်စုများ ငွေကြေးဝန်ထုပ်ဝန်ပိုးများ ပိုမိုဖြစ်လာခဲ့သည်။

ကျိုက်မရောဒေသခံတစ်ဦးက “လတိုင်းလတိုင်း တိုးလာတော့ ကြာလာရင် အဆင်မပြေတော့ဘူး။ မရှိက ရှိကကြားကပဲ ပေးနေရ တာလေ၊ ကုန်ဈေးနှုန်းတွေကလည်း တက်နေတာနဲ့ စားဝတ်နေရေးကတစ်ဖက်၊ အခု ဒီစစ်မှုထမ်း အတွက်ကလည်း တာဝန်တစ်ခုလိုဖြစ်နေပြီး”ဟု ပြောသည်။

စစ်ကော်မရှင်တပ်တို့၏ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက်အကျုံးဝင်သည့် လူငယ်လူရွယ်များကို ခေါ်ယူမှုများ ဆက်လက်ရှိနေသရွေ့ လူအစားထိုး ငွေကြေးကုန်ကျစရိတ်များလည်း လစဉ်လတိုင်း ဆက်လက်ရှိလာနိုင်ကြောင်း ဆိုသည်။

သို့သော် အခြားဒေသမှ ရွှေ့ပြောင်းလုပ်သားများကို ငွေကြေးပေး၍ လူစားထိုး ငှားရမ်းနိုင်ခဲ့ခြင်းကြောင့်သာ ဒေသခံကျေးရွာလူငယ်များ စစ်မှုထမ်းသင်တန်း တက်ရောက်ရမည့် အခြေအနေမှ ကင်းလွတ်ခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း မုဒုံမြို့နယ် အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

“အချို့တွေကလည်း သူ့စိတ်နဲ့သူ သွားတာက အယောက် ၁၀၀ မှာဆိုရင် တစ်ယောက်လောက်ပဲ ရှိမယ်ထင်တယ်။ အထူးသဖြင့် ရွာက မူးယစ်ယမ်းကားတဲ့သူတွေ၊ ရွှေ့ပြောင်းအလုပ် သမားတွေ သွားကြတယ်။ သူတို့သွားဖို့ကလည်း ပိုက်ဆံပေးရတယ်လေနော်”ဟု မုဒုံမြို့နယ်အုပ်ချုပ်ရေး မှူး တစ်ဦးက ပြောသည်။

သို့သော် ဒေသခံများထံမှ ကောက်ခံထားသည့် စစ်မှုထမ်းကြေးများအတိုင်း အစားထိုး တာဝန်ထမ်းဆောင်သူများထံ အမှန်တကယ် ပေးဆောင်ခြင်း ရှိ၊ မရှိနှင့် ငွေစာရင်းရှင်းတမ်းများ လုပ်ဆောင်ခြင်းလည်း မရှိပေ။

အချုပ်အားဖြင့် အုပ်ချုပ်ရေးမှူးများ လစဉ်ကောက်ခံနေသည့် စစ်မှုထမ်းကြေးများမှာ ပွင့်လင်းမြင်သာမှုမရှိဘဲ မေးခွန်းထုတ်စရာဖြစ်နေပြီး စစ်ကော်မရှင်လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များအတွက် ငွေဝင်ပေါက်တစ်ခုသဖွယ် ဖြစ်လာနေသည်။

တစ်ဖက်တွင်မူ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် မရေရာသော အနာဂတ်ကို ရင်ဆိုင်နေရသည့် သာမန်ဒေသခံပြည်သူများအတွက်မူ ထိုစစ်မှုထမ်းကြေး ကုန်ကျစရိတ်များသည် ပုံမှန်စားဝတ်နေရေးအပြင် ထပ်မံပခုံးထမ်းထားရသည့် အဓိက ငွေကြေးဝန်ထုတ်ဝန်ပိုးတစ်ရပ် ဖြစ်လာနေပေတော့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts